>CoBA SF Bay Chapter raised over US$ 10,000 for 2011 Award & Ceremony

>

ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများက ၂၀၁၁ ဆုပေးရန် ရန်ပုံငွေ ရှာ
မိုးမခအထောက်တော် ၀၀၂
ဇန်န၀ါရီ ၂၄၊ ၂၀၁၁
ယမန်နေ့ နေ့ခင်းက Newark Pavilion ရိပ်သာမှာ ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများရဲ့ မြန်မာနဲ့ အာရှရိုးရာ ရသာစုံ ဈေးရောင်းပွဲတော်ကို ကျင်းပခဲ့ရာမှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ မြန်မာမိသားစုများ၊ အဖွဲ့အစည်းအသီးသီး၊ ဘာသာရေးအသင်းအဖွဲ့အသီးသီးက ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဘများ၊ ကျောင်းသားလူငယ် အရွယ်ပေါင်းစုံတို့က ချစ်ခင် ရင်းနှီးစွာ ၀ိုင်းဝန်း ကမကထပြု ပြီး အားပေးကူညီ လှူဒါန်းကြတဲ့ ရန်ပုံငွေ အလှူပွဲတော်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
 
 ရန်ပုံငွေပွဲလာ ဧည့်သည်တော်များ၊ မြန်မာမိသားစုများအားလုံးရဲ့ လှူဒါန်းမှု၊ အစားအသောက်များကို အရင်းကော အမြတ်ပါ ထည့်ဝင်မှုတို့နဲ့ စုစုပေါင်း အလှူခံရရှိငွေ ဒေါ်လာ ၁ သောင်း ၃ ထောင် ခန့်ရရှိခဲ့တယ် လို့ သိရပါတယ်။ အမေရိကန်ပြည်ထောင်စုက ပြည်သူ့ဂုဏ်ရည် မြို့နယ်အသီးသီးမှာ မြန်မာမိသားစုများက ရန်ပုံငွေပွဲများ ပြုလုပ်နေကြတာ ဖြစ်ပြီး လှူဒါန်းရရှိငွေများကို အများပြည်သူတွေရဲ့ အများဆန္ဒနဲ့အညီ ပေးအပ်မယ့် ၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ရန်နဲ့ အခမ်းအနားအစီအစဉ်အတွက် သုံးစွဲမှာ ဖြစ်ပါတယ်။

အလှူရှင် အစားအသောက်ဆိုင်ပေါင်း ၃၀၊ ပွဲတော်အတွက် ကမကထပြု လှူဒါန်းသူ အလှူရှင် ၁၅ ဦးကျော်၊ ဝေယျဝစ္စ စေတနာရှင်လုပ်အားပေး ကျောင်းသားလူငယ် ၅၀ နီးပါး၊ မြန်မာ့ဂီတ အလှ အဆို အနုပညာတို့နဲ့ ဖျော်ဖြေသူ စေတနာရှင် ၀ိုင်းတော်သားများ  ၁၅ ဦးကျော်တို့ရဲ့ တယောက်တလက် ၀ိုင်းဝန်းမှု၊ ဆန်ဖရန်ဘေးဧရိယာနေ မြန်မာလူကြီးမိဘများ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်း အသီးသီးက ဦးဆောင်သူများရဲ့ မေတ္တာဖြင့် အားပေးကူညီမှုတို့ကြောင့် ယခုကဲ့သို့ စည်ကားတဲ့ အလှူပွဲတော်တခု ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲတော်လာ ဧည့်ပရိသတ် မြန်မာမိသားစုနဲ့ မိတ်ဆွေ ဦးရေ တထောင်ကျော် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ 

ဆန်ဖရန်ဘေးဧရိယာမှာ မြန်မာဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်အသင်းတော်များ၊ အစ္စလာန်ဘာသာရေးအဖွဲ့များနဲ့ အခြား လူမှုရေး၊ အမျိုးသားရေး အဖွဲ့အစည်းများ များစွာ ထွန်းကားတာကြောင့် ယခုလို လူမှုရေး ပွဲတော်များ ကျင်းပရာမှာ အလွှာအသီးသီးက ဧည့်ပရိသတ်များ၊ စေတနာရှင်များ၊ လုပ်အားပေးများရဲ့ အားပေးကူညီ ပံ့ပိုးမှု များစွာ ရရှိတာ ဖြစ်ပါတယ်။ ကျောင်းသား လူငယ်များ မျိုးဆက်သစ် ကလေးများကလည်း ယခုလို ပွဲတော်များမှာ လူကြီးများနဲ့အတူ လိုက်လံ ကူညီ ဆောင်ရွက်ကြတဲ့ အလေ့အထလည်း ရှိကြတာကြောင့် ဘေးဧရိယာရှိ အခြားသော လူမှုရေး၊ ဘာသာရေးများ နည်းတူ ယခုလို အောင်မြင်မှု ရရှိတာ ဖြစ်တယ်လို့ ဧည့်ပရိသတ်တဦးက သုံးသပ်ပြပါတယ်။
ပြည်သူ့ဂုဏ်ရည် ၂၀၁၁ ခုနှစ် ဂုဏ်ပြုဆုချီးမြှင့်နိုင်ရန်အတွက် အများပြည်သူထံက ၎င်းတို့ စံနမူနာထားတဲ့ မြန်မာပြည်တွင်းက ကိုယ်ကျိုးစွန့်ပြီး ကိုယ်ထူကိုယ်ထ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူများ အဖွဲ့အစည်းများ အမည်စာရင်း တင်သွင်းကြရန် ဖိတ်ခေါ်လျက်ရှိနေပါတယ်။ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားတင်သွင်းပြီးနောက် ဧပြီလမှာ ပါဝင်အားပေးသူ မြို့နယ်အသီးသီးရဲ့ ဆန္ဒတွေ ခံယူပြီးနောက် နောက်ဆုံးဆန်ကာတင် ၅ ဦး ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။ အဲသည်ထဲက အများပြည်သူ ဆန္ဒမဲအများဆုံး ရရှိသူကို ပြည်သူ့ဂုဏ်ရည် ဆု အဖြစ် ဂုဏ်ပြုမှာ ဖြစ်ပါတယ်။ လာမယ့် မေလ မှာ ဆန်ဖရန်စစစ္စကိုဘေးဧရိယာမှာ ဂုဏ်ပြုဆု ရွေးချယ်မှု ကြေညာခြင်းနဲ့ ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မြို့နယ်အသီးသီးက ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများ ထံက မေးမြန်းနိုင်ပြီး ၀က်ဆိုက်ဖြစ်တဲ့  http://citizenofBurma.org  မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။
 
“လာရောက် အားပေးသူ မြန်မာမိသားစုတွေ အားလုံး၊ ၀ိုင်းဝန်း ကူညီပေးသူ စေတနာဝန်ထမ်းတွေ၊ လုပ်အားပေးတွေအားလုံးကို လေးစားချစ်ခင်စွာဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ နောင် မြန်မာမိသားစုတွေ၊ မြန်မာ့ လူမှု ပွဲတော်တွေမှာလည်းပဲ အခုလို အများက တယောက်တလက် ၀ိုင်းဝန်းပြီး ကူညီ ယိုင်းပင်းကြဖို့  စိတ်အင်အားတွေ တက်ကြွမိကြောင်း” ပြည်သူ့ဂုဏ်ရည် စေတနာဝန်ထမ်းများက ပြောကြားလိုက်ပါတယ်။
 
(ယမန်နေ့က ရန်ပုံငွေပွဲတော် ဓာတ်ပုံများကို ရိုက်ကူးမျှဝေပေးတဲ့ စေတနာရှင် မောင်သက်နဲ့ ဒေးဗစ်ဝင်းတို့ရဲ့ အင်တာနက်အယ်ဘန်လိပ်စာတွေမှာ သွားကြည့်နိုင်ပါတယ်။ ပွဲတော်ရဲ့ ဓာတ်ပုံမှတ်တမ်း ရိုက်ကူးပေးသူ စေတနာရှင်ဓာတ်ပုံဆရာ Kim  ရဲ့ ဓာတ်ပုံများကိုလည်း ဧည့်သည်တော်များအားလုံးထံ ဆက်လက်ဝေမျှ ပေးအပ်ဦးမှာ ဖြစ်ပါတယ်)

http://www.facebook.com/?ref=logo#!/album.php?aid=2761035&id=1224893


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts