ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

နွေရာသီသင်တန်းဆင်းပြီ
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၂၈၊ ၂၀၁၃

မျိုးဆက်သစ်ကလေးငယ်များအား နွေရာသီအချိန်ကာလတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်တန်းများဖွင့်လှစ်၍ သင်ကြားပေးခဲ့သည်မှာ (၄) ကြိမ်မြောက်ရှိခဲ့ပြီဖြစ်သည်။ ၂ဝ၁၃ ခုနှစ် နွေရာသီ၌ အခြေခံအင်္ဂလိပ်စာသင်တန်း၊ 4 Skill သင်တန်း၊ ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီရေးဆွဲခြင်းသင်တန်း အစရှိသည့် သင်တန်းများအား သင်ကြားပို့ချပေးခဲ့ပြီး ၂၆.၅.၂ဝ၁၃ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်၌ “သုခ” ခန်းမဆောင်ကြီး၌ သင်တန်းဆင်းပွဲ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

ယင်းအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် လုပ်အားပေးအသင်းသား ဦးကျော်ကျော်မြင့်မှ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသော မျိုးဆက်သစ်ကလေးငယ်များအား ဆရာမ ဒေါ်နီနီအေးမှ ဂိမ်းကစားပွဲကျင်းပခဲ့ရာ အနိုင်ရသူများတို့အား ဒေါ်စိုးစန္ဒာမှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်း၊ နွေရာသီအင်္ဂလိပ်စာ 4 Skill သင်တန်း ကာလတစ်လျှောက် ကျောင်းခေါ်ချိန် 100% ပြည့်မှီသည့် ကလေးငယ် (၃၈) ဦးနှင့် 75 % ပြည့်မှီသော ကလေးငယ် (၄၉) ဦးတို့အား သင်တန်းနည်းပြ ဆရာမများ တို့မှ ဂုဏ်ပြုလက်ဆောင်အဖြစ် ထမင်းဘူး၊ ရေဘူး၊ စာအုပ်၊ ခဲတံများ ပေးအပ်ချီးမြှင့်ခြင်း၊ 4 Skill သင်တန်းတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ Group A, B, C, D မှ စုစုပေါင်း ကလေးငယ် (၁၂) ဦးတို့အား ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် ထမင်းဘူး၊ ကွန်ပါဘူး၊ ဗလာစာအုပ်၊ ပေတံ၊ ချွန်စက်၊ ခြင်းတောင်းများ ပေးအပ်ချီးမြှင့်ခြင်း၊ ပန်းချီသင်တန်းဆင်း ကလေးငယ် (၅၈) ဦးတို့အား သင်တန်းဆင်းလက်မှတ်များ၊ ဆုရရှိသည့် အကြီးတန်းနှင့် အငယ်တန်းကလေးငယ်များတို့အား ပန်းချီဆရာ ဦးဝင်းကြည်၊ ဒေါ်ရီရီခင်၊ ဒေါ်နုနု တို့မှ ဂုဏ်ပြုလက်ဆောင်အဖြစ် ပန်းချီပစ္စည်းများ၊ ပေတံ၊ ဗလာစာအုပ်၊ ကွန်ပါဘူးတို့အား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီးနောက် နွေရာသီအခြေခံ အင်္ဂလိပ်စာ သင်တန်းနှင့် ပန်းချီသင်တန်းများ ပို့ချပေးခဲ့သော ဆရာ/မများတို့အား မျိုးဆက်သစ်ကလေးငယ်များတို့မှ ရှိခိုးကန်တော့ခဲ့သည်။ ထို့နောက် မျိုးဆက်သစ်ကလေးငယ်များတို့မှ စုပေါင်း၍ Waving Flag သီချင်းအား သံပြိုင်သီဆိုကာ အခမ်းအနားအား အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီး သုခအာဟာရ စားသောက်ခန်းမ၌ တက်ရောက်လာကြသော ဆရာ/မများ၊ မျိုးဆက်သစ်ကလေးငယ်များ၊ ဧည့်သည်တော်များ၊ မီဒီယာများ တို့အား ကြာဇံချက်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts