>Mar Mar Aye – 363

>

“ပြောစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ်(၃၆၃)

သူငယ်ချင်း ကိုကျော်ညွှန့် နောက်ဆက်တွဲ
မာမာအေး
ဇန်န၀ါရီ ၁၇၊ ၂၀၁၁

ဤနေရာတွင် BBC က ထုတ်လွှင့်ခဲ့သည့် မူရင်း အသံလွှင့်ဆောင်းပါးကို နားဆင်နိုင်သည်။


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးခဲ့တဲ့တပါတ်က တေးသံရှင် ဂီတစာဆိုဖြစ်တဲ့ ကိုကျော်ညွန့်လက်ရာ “ချစ်သူပြောသံ” သီချင်းနဲ့ အဆုံးသတ်ထားခဲ့ပါတယ်၊ သဘောကျလိမ့်မယ် ထင်ပါတယ်ရှင်၊ ပြောရမယ့်အချိန် လျော့ပါးစေအောင် တမင် တင်ပေးခဲ့တာ မဟုတ်ဘူးနော်၊ ကိုယ့်နိုင်ငံထဲမှာ ဒုံချမ်ဒုံချမ်တွေဘဲ ပလူပျံနေပြီး ခေတ်မီ ခေတ်လွန် ဗမာတွေ ခြေကျွံနေတဲ့ အသံတွေဘဲ ကြားနေရရော့မယ်၊ ပျောက်သွားချေရော့မယ်၊ တကမ္ဘာလုံး သတင်းအလျှံအပယ် ဖုံးနေတဲ့ကြားမှာ နားသောတဖြေစရာ နေသာတာလေးလဲ ပါစေ့ချင်လို့ပါ။

သီချင်းကလဲ အချစ်သီချင်းဘဲ၊ ချစ်တဲ့သူက ပြောခဲ့တဲ့ အသံတွေ စကားတွေကို ပြန်ကြား ခံစားနေတဲ့သဘောမျိုး ဖြစ်နေတာမို့ ကြီးမှဝက်သက်ပေါက်နေတာလား အတွေး မမှားလိုက်နဲ့ဦးနော်၊ ဒီသီချင်းကို မဆိုဖြစ်လိုက်၊ အသံမသွင်းဖြစ်လိုက်တဲ့ အသက်သုံးဆယ် မတိုင်ခင်ကတော့ အချစ်ရူးသွတ် ငတ်မွတ်တဲ့ အချိန်ပေကိုး၊ တမ်းတမ်းတတ သီချင်းထဲကဘဲ ဖွင့်ဟမျှောချနိုင်တဲ့ မိန်းမသားဘ၀ ဆိုတော့ တကယ့်ကို ခံစားသီဆိုလိုက်ချင်တာပေါ့။

ကိုယ်က အဲဒီလို ခံစားရချက်မျိုးနဲ့ တမက်တမော ဆိုဖို့ရာ ပြင်ဆင် စီစဉ်ပြီးကာမှ ကျောင်းဆရာက နောက်တယောက် ဆိုဖို့ ပေးလိုက်တယ်တဲ့လေ၊ ဒီကလဲ ကြားတာနဲ့ ဘယ်နေမှာလဲ၊ ကျောင်းဆရာတော့ ဒီနေ့အဖို့ တွေ့ရာသင်္ချိုင်းဘဲ ဆိုပြီး ကားတစီးနဲ့ ပတ်ရှာတော့တာ၊ မာအေးအကြောင်းလဲ သူငယ်ချင်းတွေက သိပြီးသားပါ၊ ချစ်သူရှေ့မှာသာ မိန်းခလေး၊ သူတို့နဲ့ဆို “ခင်မောင်အေး”လေ၊ သိတယ် မှုတ်လား၊း စိတ်ဆိုးရင် ပိတ်ထိုးတဲ့ကောင်မို့လို့ ဂီတကောင်စီရုံးချိန်မှာတောင် မဆုံရအောင် ရှောင်ကြ လစ်ကြတာပေါ့၊ စာကလေးတော့ ရေးသွားသပေါ့လေ—“ဟေ့ –ခင်မောင်အေး–တို့တွေ ‘ချိုးတို့ဆိုင်’မှာ ရှိမယ် လိုက်ခဲ့ ကွာ” တဲ့။

အဲဒီ့ “ချိုးတို့ဆိုင်”ဆိုတာ မြန်မာ့ကုန်တိုက်ကြီးမှာရှိတဲ့ အားကစားပစ္စည်း အရောင်းဆိုင် နိုင်ငံတော်ပိုင်ကို ပြောတာ၊ “ချိုး”လို့ခေါ်တဲ့ သူငယ်ချင်းအုပ်စုဝင်က အဆိုတော်ခင်မောင်ကြီးပါ၊ “တက္ကသိုလ်မှာဝေတဲ့နှင်းရယ် နှင်းကလေးတွေမှ ဟုတ်ရဲ့လား” အဲဒီ့သီချင်းနဲ့ နာမည်ရနေတဲ့သူပေါ့ရှင်၊ လူက ပိန်ပိန်ရှည်ရှည် ဖြူဖြူသန့်သန့်၊ လည်ကတုံးနဲ့ တိုက်ပုံနဲ့ ပနံရအောင် နေတတ်တဲ့ လက်ထောက် ဆိုင်တာဝန်ခံလေးပါဘဲ၊ ၀ါသနာက သည်းလေတော့ ဂီတကောင်စီ သွားလေရာ နယ်ဆိုလဲ သူလိုက်ခဲ့ပါတယ်ရှင်။

ပထမဆုံး နယ်လှည့်တဲ့ အလံတော်ရပ်နားရာ မန္တလေးမြို့မှာ ပြည်ထောင်စုပွဲ ကျင်းပတဲ့အခါက မာအေးတို့တွေ သွားဖျော်ဖြေရတယ်လေ၊ မေမြို့လို့ ခေါ်ကြတဲ့ တောင်လှေခါးမြို့လေးဆီကိုလဲ သွားလည်ကြတာပေါ့နော၊ မြို့အထွက်က ဘီအီးဖော(လ) လို့ ခေါ်တဲ့ ၀က်ဝံ ရေတံခွန်လေးလည်း ရောက်ပါတယ်၊ အဲဒီ့မှာ ရေဆင်းချိုးတော့ အားကစားဆိုင်တာဝန်ခံလေးရဲ့ ကာယဗလရင်အုပ်က ထွာဆိုင်သာသာ ချိုးရင်အုပ်နဲ့ တူလိုက်တာလို့ ၀ိုင်းစကြ နောက်ကြ နံမည်သစ် ပေးလိုက်ကြတာနဲ့ သူ့ခမျာဟာ “ချိုး” ဖြစ်သွားရှာတာပါ၊ မာအေးတို့ရောင်းရင်းအချင်းချင်း သုံးကြတဲ့ နာမည်ပြောင်နာမည်ဝှက်တွေ ရှိကြတယ်ရှင့်၊ သင့်တဲ့ တနေ့ကျ ပျော်ရအောင် ပြောသေးတာပရှင်၊ ခုကတော့ ကောက်ကြီးကျတာကို ဆက်ရဦးမှာမို့ပေါ့။

သူငယ်ချင်း ကိုကျော်ညွန့်တို့ ခင်မောင်ကြီးတို့က တလမ်းထဲ နေကြသူတွေဖြစ်ပါတယ်၊ တောင်ဥက္ကလာပမြို့ကလေး မှာပေါ့၊ မာအေးကလဲ မိဘအိမ်မှာ ပြန်ပြီးနေသခိုက် ဆိုတော့ တမြို့ထဲသားတွေဘဲ၊ ဒါကြောင့်လည်း တွဲမိကြတာ ပါကောင်း ပါနိုင်ပါတယ်၊ ရွယ်တူတွေဖြစ်မယ် ထင်ပါတယ်။

အဲဒီနေ့က ချိုးတို့ဆိုင်ကို လိုက်မသွားတော့ပါဘူး၊ ကုန်တိုက်က သူတို့အရောင်းဆိုင်က လူရှုပ်ပါဘိသနဲ့။ အများရှေ့မှာ ထုမရ ထောင်းမရမယ့် အတူတူ ငူတူတူ စကားမပြောဘဲ နေပစ်လိုက်တာ ရက်အတော်ကြာပါဘဲ၊ ကျောင်းဆရာကလဲ ကောင်စီကို ရောက်တော့ တွေ့တဲ့တယောက်က ခင်မောင်အေး စိတ်တိုလို့ မင်းကို လိုက်ရှာနေသတဲ့မောင် ရှောင်ထားရှောင်ထား ဆိုလို့ ဘာမှန်းမသိဘဲနဲ့ “ချိုး”ဆီ ပြေးတာတဲ့။

“ချစ်သူပြောသံ”ကြောင့်လို့ နောက်မှသိတော့ လာချော့တာ ဘယ်သူမှတ်ပါသလဲရှင၊် သီချင်းပိုင်ရှင် မဟုတ်ဘူး ခင်မောင်ကြီး ချိုးကလေး လာခဲ့တာမို့ အံ့သြလို့တောင်နေမိပါတယ်၊ သူက “ဟေ့ကောင် ခင်မောင်အေး ဒီသီချင်းကို ပေးလိုက်တာ ငါကွ ကျောင်းဆရာမဟုတ်ဘူး မိဌေးလေး စင်ပေါ်မှာ ဆိုစရာသီချင်း မရှိတာနဲ့ သီချင်းတိုက်ပေးရုံရှိသေးတာ၊ အသံလွှင့်ဖို့တောင် လုပ်မပေးရသေးပါဘူး၊ စိတ်ကောက်မနေစမ်းပါနဲ့ကွာ၊ ငါ့အပြစ်ပါ၊ ကျောင်းဆရာကို ပြန်စကားပြောပါ၊ သူ့သီချင်းကြောင့် မင်းစိတ်မချမ်းမသာ ဖြစ်သွားတယ်ဆိုပြီး ညည်းနေပါတယ်၊ ကိုယ်တို့တွေ ခွင့်လွတ်ကြေးလေ သူငယ်ချင်း”လို့ လာပြောပေးတာ ပေါ့ရှင်၊ ဒီတော့ — အော် မိဌေးအတွက် “ချိုး”ကူတာပါလားလို့ သတိထားမိသွားပါတယ်။

မိဌေး ဆိုတာ မာအေးတို့ညီမအရွယ် နာမည်ရကာစ တေးသံရှင်မလေး ဌေးဌေးမြင့်ကို ပြောတာပါရှင်၊ သူ့သီချင်းတွေက “အရိုင်းသဘင်သည်လေး မိမော်လွင်၊ ဇေယျာရွှေမြေ၊ အစိန္တေယျ” စတဲ့ ဓါတ်ပြားလောကမှာ ထင်ရှားတဲ့ တေးတွေဖြစ်ပါတယ်၊ မိမော်လွင်က အငြိမ့်ပုံစံ၊ အကနဲ့ တွဲတင်ဆက်မှ ကောင်းတာ၊ ဇေယျာရွှေမြေကလဲ သဘာဝဘွဲ့ကြီး ဖြစ်နေတယ်၊ အစိန္တေယျကလဲ ဘုရားပင့် သီချင်းပါလား၊ ပျိုပျို ရွယ်ရွယ် ဒီသူငယ်မမှာ ပရိတ်သဒ်နဲ့ အပြန်အလှန် ခံစားစေတဲ့ သီချင်းမျိုးလည်း လိုပါတယ်လေ၊ မသီတာရေ လျှော့လိုက် လျှော့လိုက် ဆိုတာလို နေခဲ့ပါတယ်၊ ခုတော့ တေးရေအလျှင်က အသွင်တမျိုးပြောင်းတာနဲ့ ကိုယ်လွဲခဲ့တာလဲ ပြန်ဆို၊ သူ့သီချင်း လေးလဲ ပြန်ဆိုခဲ့ပြီ၊ “အစိန္တေယျ” ဆိုတဲ့ သီချင်းလေး နားဆင်ရင်း ကုသိုလ်ယူနိုင်ကြပါစေ။

*(အစိန္တေယျမှ )

အစိန္တေယျ၊ အပ္ပမေယျ၊ အနန္တဇေဋ္ဌသေဋ္ဌ အတုမရှိသော ကျေးဇူးဂုဏ်တော်xxx အပေါင်းတည်ရာ ဖြစ်တော်မူသော “အရှင်ဝိပဿီ” မြတ်စွာဘုရားကိုယ်တော် xxx ဘုန်းတော်အနန္ဒ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ စကြ၀ဠာ ကမ္ဘာမိုးမြေ ပြန့်ပြန့်ဖြိုးမျှ တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော “အရှင်သိခီ” မြတ်စွာဘုရားကိုယ်တော်xxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts