>Corruption caused injustice and abuse in Insein Prison

>

အင်းစိန်းထောင်ဝန်ထမ်းများ “ထောင်ဘောက်ချာ” ဆိုပြီး  အကြိးအကျယ်လာဘ်စားနေ
မိုးမခအထောက်တော် အင်းစိန်
ဇန်န၀ါရီ ၁၆၊ ၂၀၁၁
မြန်မာပြည်၏ ထင်ရှားသော အင်းစိန်ထောင်ကြီးတွင် ပြစ်မှု အမျိုးမျိုးနှင့် ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားပေါင်း သောင်းဂဏန်းရှိနေပြီး ထောင်ဝန်ထမ်းများက ထိုအကျဉ်းသားများကို နည်းအမျိုးမျိုးနှင့် ဖိနှိပ်ခြင်း၊ အကြပ်ကိုင်ခြင်းများ ပြုလုပ်လျက် ငွေကြေးတောင်းခံခြင်း၊ အနိုင်ကျင့်ခြင်းတို့ဖြင့် အကြီးအကျယ် ခြစားနေကြောင်း သိရှိရသည်။ ထိုသို့သော လာဘ်ထိုးမှုကို ထောင်တွင်းစကား “ဘောက်ချာဖြတ်သည်” ဟု ခေါ်ဝေါ်သည်။
ထိုသို့ မတရားမှု၊ လာဘ်ပေး လာဘ်ယူမှုများ ထောင်ဝန်ထမ်း ရာထူးအဆင့်ဆင့်တွင် အပြိုင်အဆိုင် ဖြစ်ပွားနေကြရာ သူ့လူ ကိုယ့်လူ ခွဲခြမ်းခြင်း၊ ကန့်သတ်ခြင်းတို့ကြောင့် အကျဉ်းထောင်တွင်း ထောင်ဝန်ထမ်းများကြားသာမက အကျဉ်းသားများကြား တင်းမာမှုများ၊ ပဋိပက္ခများ ရှိနေသည်ဟု ဆိုသည်။ လာဘ်မပေးနိုင်သည့် ပြစ်ဒဏ်ကျ အကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများမှာ အဆိုပါ အကျင့်ပျက်ဝန်ထမ်းများ၏ ဖိနှိပ်မှု၊ ညှင်းပန်းနှိပ်စက်မှုများ ခံစားနေကြရသည်။
သာဓကတခုမှာ လွန်ခဲ့သည့် အပတ်က အကျဉ်းကျဆောင် အဆောင် ၄ ကို ထောင်ဦးစီးအရာရှိ ဦးဝင်းနိုင် ဆိုသူက ၀င်ရောက် စစ်ဆေးပြီး အကျဉ်းသားများကို ဆဲဆိုကြိမ်းမောင်းခြင်း ပြုခဲ့ရခြင်း၏ အကြောင်းအရင်းမှန်မှာ ဦးစီးအရာရှိဆိုသူနှင့် အဆောင် ၄ ၏ အဆောင်မှူး (အမည် စုံစမ်းဆဲ) တို့ကြား ထောင်ဘောက်ချာကိစ္စ အဆင်မပြေဖြစ်ရာက ပြသနာရှာပြီး စုံစမ်းရေး ၀င်ခြင်း ဖြစ်သည်ဟု အကျဉ်းထောင်သားများက ၎င်းတို့မိသားစုများက တဆင့် ပြောပြသည်။ ဦးစီးမှုးက အဆောင်မှုးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဟု သိရသည်။
“ဟို တပတ်က သတင်းတွေထဲမှာ သတင်းထောက် စည်သူဇေယျကို ထောင်မှူးနဲ့ စကားများလို့ ခွေးတိုက်ကို ပို့လိုက်တယ်။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တယ်လို့ ဆိုတယ်။ အဲဒါ အဆောင် ၄ မှာ ဖြစ်ခဲ့တာပါ။ ထောင်ဝန်ထမ်းတွေ အရာရှိတွေ အချင်းချင်း လာဘ်စားတာ လာဘ်ပေးတာတွေ ဝေစုမတည့်လို့ အချင်းများတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ကြားထဲမှာ အပြစ်ရှာပြီး နှိပ်စက်တာတွေ လုပ်တယ်။ မခံနိုင်လို့ ပြန်ပြောတာကလည်း နိုင်ငံရေးအကျဉ်းသားတွေပဲလေ။ ”
ဟု အကျဉ်းထောင်ဝန်ထမ်းများနှင့် နီးစပ်သူ တဦးက မိုးမခသို့ ပြောပြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts