>Kay – Network of hands holding together for Burma

>

လက်နဲ့ယက်တဲ့ကွန်ယက်
ကေ
ဇန်န၀ါရီ ၁၅၊ ၂၀၁၁
“ကွန်ယက်တွေ ဖွဲ့ကြပါ …”
လို့  မကြာခင်ကမှ နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည် ။
အဲဒီ နောက် တော့ …
အင်တာနက် မြန်မာသတင်းတွေမှာ ကွန်ယက်ဆိုတဲ့ စကားလုံး ကို လှိုင်လှိုင်ကြီး မြင်လာ ရသည်။ ပြည်ပအတိုက်အခံရေဒီယိုတွေမှာ ကွန်ယက်နဲ့ပတ်သတ်လို့ ဘယ်လိုသဘောထား သလဲ၊ ဘာလုပ်ကြမလဲ  ဆိုတဲ့ မေးမြန်းခန်းတွေ ဆက်တိုက်ကြားလာရသည်။ ရှေ့နေ ကွန်ယက်၊ အနုပညာရှင်ကွန်ယက်၊ လူငယ်ကွန်ယက်  စသဖြင့် ဖွဲ့စည်းလာတဲ့ ပုံသဏ္ဍန်တွေကိုလည်း တွေ့လာရသည် ။
ကွန်ယက် ကို လူငယ် လူရွယ်တွေရဲ့ စိတ်ဝင်စားတုန့်ပြန်မှုတွေပါ။ 
 လူကြီးတွေကရော ဘယ်လို သဘောထား လေသလဲ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီတခါ လွတ်လာတဲ့အခါမှာ အရင်ကထက်ပိုပြီး ဂုဏ်သိက္ခာ မြင့်မားလာတယ်၊ ရင့်ကျက်လာတယ်၊ အရင်က ပြသာနာတခုစီကို နည်းလမ်းတမျိုးစီနဲ့ အဖြေရှာခဲ့ပေမယ့်၊ အခုတခါတော့ ပြသာနာအားလုံးကို ခြုံငုံနိုင်မဲ့နည်းလမ်းကို ရှာတာ တွေ့ရတယ်။ ဥပမာ  အရင်ကငါးတကောင်ကို ငါးမျှားတံ တခုစီသုံးပြီး မျှားခဲ့တယ်ဆိုရင် အခုက  ပိုက်ကွန် ( ကွန်ယက် ) ကြီး သုံးပြီး စွဲဆောင်စည်းရုံးတာပါ … ဆိုတာမျိုး၊ ဒီမိုကရေစီခေါင်းဆောင်ကြီး ဘဘဦးဝင်းတင်က ကွန်ယက်ဆိုတဲ့ စကားကို လှလှပပလေး နမိတ်ပုံပြု ပေးလိုက်တယ်။ 
လူကြီးတွေက နည်းပညာသဘောတွေကို သိပ်နားလည်ဟန် မတူဘူး လို့ တချို့က ထင်မြင်ကြ လိမ့်မည်။ ဒါပေမဲ့ အခုပြောနေတဲ့ လူမူကွန်ယက်၊ အမျိုးသားကွန်ယက်၊ တိုင်းရင်းသားကွန်ယက် မှည့်ချင်သလိုသာ မှည့်၊ ခေါ်ချင်သလိုသာ ခေါ်၊ အားလုံးဟာ အင်တာနက်တွေ ဖေ့စ်ဘွတ်ခ် တွေ တွိတာတွေ အဲဒီနည်းပညာတွေ   မပေါ်ခင်ကတည်းက ရှိနေပြီးသား အခြေခံသဘောတရား  လုပ်ငန်းစဉ်တခု ဖြစ်တယ်ဆိုတာ ကိုတော့  မမေ့စေချင်ပါ။  အဲဒီအခြေခံအုတ်မြစ် လုပ်ငန်းစဉ်ကိုမှ နည်းပညာက အခုခေတ်မှာ ပိုမိုချောမွေ့အောင် လုံခြုံအောင် မြန်ဆန်အောင် ထောက်ပံ့၊ဆောင်ရွက် ပေးနိုင်လိမ့်မယ်လို့သာ မျှော်လင့်စရာ အကြောင်းရှိရမည်ပေါ့။ ဖေ့စ်ဘွတ်က ရွှေတိဂုံအနောက်ဖက်မုဒ်မှာ မဟုတ်ပါ.။ တွိတာက ဒီပဲယင်း မဟုတ်ပါ။ အင်တာနက်ကြီးကလည်း.မြန်မာပြည်ကြီး မဟုတ်ပါချေ။
“ချိတ်ဆက်ဆောင်ရွက်ခြင်း” ဆိုတဲ့အနက်က အသစ်အဆန်း နားမလည်နိုင်စရာ မဟုတ်သလို “ကွန်ယက်” ဆိုတဲ့ ပုံဆောင်စကားလုံးကလည်း အခုမှပေါ်လာတဲ့ ပေါ်ပင်အသုံး မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တလောမှာတော့ ပေါ်ပေါ်ပင်ပင် ပိုဖြစ်လာပြီး၊ ရှုပ်ထွေးမူတွေလည်း မြင်နေ ကြားနေရ လေသည်။ ထိုးထိုးထောင်ထောင် တွန်းတွန်းတိုက်တိုက် မေးတဲ့ မီဒီယာ မေးခွန်းတချို့ကြောင့်လည်း မလိုအပ်ပါပဲ ပိုပြီး ရှုပ်ထွေးကုန်လေသလား။
အငြင်းပွားဖွယ်ဖြစ်နေတဲ့ လူငယ်ကွန်ယက်ဖွဲ့စည်းမူ၊   ခေါင်းဆောင်မှုတချို့နဲ့ ပတ်သတ်လို့ ဘဘဦးဝင်းတင်ရဲ့ အယူအဆက 
ကွန်ယက်ရဲ့ သဘောတရားမှာ ခေါင်းဆောင်ဆိုတာထက် ကြားခံဆောင်ရွက်သူဆိုတာမျိုးသာ ရှိသင့်တာလို့  သူ နားလည် တယ် …”
တဲ့။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုတော့  လုံခြုံရေးတာဝန်ယူထားတဲ့ ဦးဝင်းထိန် က တဆင့်ရှင်းလင်းဖွင့်ဆိုပါတယ်။
“  ကွန်ယက်ဆိုတာ တစု တဖွဲ့  သီးသန့်မျိုး မဟုတ်ဘဲ  အလျားလိုက်   ကျယ်နိုင်သလောက် ချဲ့ထွင် သွားရမယ့် လုပ်ငန်းစဉ်   ဆိုတာမျိုး ။”
  “လူငယ်ကွန်ယက်”  ဆိုတာကြီး ဖြစ်ပေါ်လာဖို့အရေး အဲဒီလိုလူငယ်နဲ့ “ကွန်ယက်”  ဆိုတဲ့ ဝေါဟာရ တွဲစပ်မရ မတင်မကျဖြစ်နေရတဲ့ ကိစ္စကို အဖွဲ့ချုပ် ခေါင်းဆောင် ဘဘဦးတင်ဦး ကလည်း
“တိုင်းပြည်နဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက်ကောင်းအောင်လုပ်မယ်၊ တတ်နိုင်သမျှ ညှိနှိုင်းဆောင်ရွက်ပြီးတော့ တွေ့ဆုံ ဆွေးနွေး အဖြေရှာ၊ ဆက်စပ်ပြီးတော့ လုပ်မယ် ဆိုပြီး ကလေးတွေ ပြောသွားတာ ချစ်စရာကောင်းတယ်”
လို့   ဖေးဖေးမမ ပြောသွားပါတယ်။
ဟုတ်တယ်လေ  ကွန်ယက်ဆိုတာ အဖွဲ့အစည်းတခုမှ မဟုတ်တာ။ လုပ်ငန်းစဉ်တခု သက်သက်ပဲ မဟုတ်ဘူးလား။ ဖွဲ့စည်းဖို့မလို   ချိတ်ဆက်ဖို့ပဲ လိုတာပေါ့.။ ဒါဆို အမည်နာမတောင် တပ်ထားဖို့  လိုအပ်လှပါအုံးမလား။
နေအုံး ။ ဒါဟာ.ဟိုးယခင် အရင့်အရင်တည်းကရှိခဲ့တဲ့ “ကွန်ယက်”ဆိုတဲ့ ဝေါဟာရ အဟောင်းတခုနဲ့ အခုမှ ပေါ်လာတဲ့  “အင်တာနက်” ဆိုတဲ့ဝေါဟာရအသစ် ၂ ခု ကြား  ယဉ်ကျေးမူ ခြင်း တွန်းတိုက်မိခြင်းလား။ တွဲစပ် မိတ်ဖက်လို့ အံမ၀င်သေးတာလား။ အဲဒီလို အံမ၀င်နိုင်အောင် ကြားက ခံနေတဲ့ အတားအဆီးက. နိုင်ငံရေးလား၊ လုံခြုံရေးလား၊ ယုံကြည်မှုလား၊ နားလည်မှုလား၊ အမြင်ကျယ်မှုလား ။ 
ကိုယ်တိုင်အဖြေရှာမရတဲ့ အဲဒီမေးခွန်းတွေကို တွေ့သမျှ မိတ်ဆွေတွေကို လျှောက် မေးမိတော့တယ်။  တနေ့ကတော့ ပြည်တွင်းကသူငယ်ချင်းတယောက်နဲ့ အင်တာနက်မှာ စကားပြောကြည့် ဖြစ်တယ်။ သူက တက်ကြွတဲ့  စီးပွားရေးလုပ်ငန်းရှင် တယောက်။
“ ငါတို့ဆီမှာ ဘာဖေ့စ်ဘွတ်ခ်မှ မလိုဘူး၊ ရေဒီယိုတလုံးရှိရင် ရပြီ ” တဲ့။
လက်တွေ့ ကျလှချည်လား။
 “ ပြီးရင် ကိုယ့်အချုင်းချင်း ဆွေးနွေးတယ်။ သတင်းပေးတယ်။ တိုက်တွန်းတယ်။ ငါ့ဆိုင်ကို လာတဲ့လူတွေက ငါ စီးပွားရေးလုပ်နေပေမယ့်  နိုင်ငံရေးမှာ စိတ်ဝင်စားတာလည်းသိတယ်၊ မြင်တယ်။ ငါလုပ်တဲ့အလုပ်တွေကိုလည်း နီးစပ်သလို စည်းရုံးတယ်။ နာဂစ်တုန်းကဆို ငါတို့စီးပွားရေးလုပ်ငန်း ဖက်စပ်တူတွေကို တတ်နိုင်သလောက် စုစည်းပြီး ငွေကောက်ကြ၊ သွားလှူကြလုပ်တယ်။ တနေ့ကတောင်  အဖွဲ့ချုပ်မှာ ဒေါ်စုတို့လုပ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ မဲဖောက်တာဝန်ယူဖို့ သွား မဲ နှိုက်တယ်။ နောက်သူငယ်ချင်းတယောက်ပါ ခေါ်သွားတယ်။  သူက တယောက်နှိုက်တယ်။ ခန္တီးထောင်က အဘိုးကြီးတယောက် ကျတယ်။ ငါကတော့ သုံးယောက်ကို နှိုက်ပစ်လိုက်တယ်။”  
အားရပါးရဖြစ်နေတဲ့ သူငယ်ချင်းမကို
“သာဓုခေါ်ပါတယ် သူငယ်ချင်းရယ်။ နင်ကတော့လေ နိုင်ကို မနိုင်ဘူး။ လောဘကလည်း ကြီးလိုက်တာ …” လို့ နောက်တော့ သူက ထုံးစံအတိုင်း
“ ဟဲ့ … အခုထိ အကျဉ်းသား ၃၀၀ လောက် ကျန်နေသေးတယ်ဟ။ အဲဒီတော့ ငါ့မှာ ၃ ယောက် တောင် နှိုက်ရတာပေါ့။ ရန်ကုန်က တတ်နိုင်တဲ့သူတွေ ဘာလုပ်နေကြသလဲ မသိဘူး။ ငါ့ ဘော်ဒါတွေထဲ ပြောကြည့်အုံးမယ်။ ရုံးက လူတွေကလည်း သေချာရှင်းပြပါတယ်။ ဒီလိုမဲနှိုက် တာဝန်ယူတယ် ဆိုတာ တောက်လျှောက် အလုံးစုံထောက်ပံ့နေရမယ့် တာဝန်မျိုးကြီး မဟုတ်ပါဘူး …တဲ့။  အဓိကရည်ရွယ်တာက နိုင်ငံရေးအကျဉ်းသားတယောက်ကို စိတ်ဓါတ်အားဖြင့် အဖော်ပြုပေးတဲ့ သဘော အားပေးတဲ့သဘောပါ တဲ့။ ကိုယ့်မိသားစုအပြင် တခြားတစုံတယောက်က ဒီမိုကရေစီ အင်အားစုကြီးကို ကိုယ်စားပြုပြီး ထိတွေ့ ဆက်ဆံ ပြောဆိုပေးနေမယ် ဆိုတဲ့ စိတ်ဓါတ်ခွန်အား တခုက ကျနော်တို့ အတွက် သိပ်ကို အရေးပါပါတယ်  …လို့ သူကိုယ်တိုင် ထောင် ၁၀ နှစ် ကျခဲ့တဲ့ အဲလူက ရှင်းပြတယ် ဟ။”
“ အေးဟယ် ငါတောင် ဒီဖက်ကနေ နင်ပြောလို့မဲနှိုက်ချင် စိတ် ပေါက်လာပြီ ”
လို့ အားတွေပါနေမိရင်း ကိုယ်တိုင်မှ သွားမလုပ်နိုင်တာကွာ  လို့ အားမလို အားမရဖြစ်သွားရတယ်။ ပြီးတော့မှ  ထည့်ဝင်လုပ်ဆောင်နေကြ မိုးမခက နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး ရန်ပုံငွေ လေးကို သတိရ သွားရင်း စိတ်ကလေး နည်းနည်းသက်သာရာရ သွားမိသည်။ အများကြီးတော့လည်း မဟုတ်၊ အဆင်ပြေသလို တပိုင်တနိုင်လေးပါ။ ဒါပေမဲ့ ကိုယ် တတ်နိုင်သလောက်ကလေးကို ကိုယ်ယုံကြည်နိုင်လောက်တဲ့ အစုအဖွဲ့လေးတခုမှာ ထည့်ဝင် ပတ်သတ်ထားတော့ ချိတ်ဆက်ထား လိုက်တော့ …
အင်း … ဒါဆိုတာလည်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး ကွန်ယက်တခုပေါ့။
တယောက်က အစ တရာ ဆိုသလို ပြောကြ ရေးကြနဲ့ သူလည်း ချိတ်ဆက်မိခဲ့သည်။
အခုလည်း သူကနေ မှတဆင့် ဘယ်သူတွေကိုဆက် ပြောပြ စည်းရုံးရရင် ကောင်း မလဲ။ သူ့သူငယ်ချင်းမ  ပြောပြတဲ့ လူကိုယ်တိုင် တယောက်ချင်း တာဝန်ယူကြတဲ့ အစီအစဉ်လေးကိုလည်း လူတွေ ဒီ့ထက်ပိုသိလာရင် ကောင်းမယ်။
အကျဉ်းသားတွေ ၃၀၀ တောင် ကျန်နေသေးတယ် တဲ့။ ဟိုးနေ့က အေအေပီပီ က ပြောသွား သလို မြန်မာပြည်မှာ လူဦးရေ သန်း ၅၀ တောင် ရှိတာ။  နိုင်ငံရေးအကျဉ်းသား ၂ ထောင် ကျော် ကို ကူညီ စောင့်ရှောက်ဖို့ ဆိုတာ မခက်နိုင်စကောင်း ပါရဲ့လေ ။ ။
တခြားကော ငါတို့ ဘာလုပ်နိုင်ကြအုံးမလဲ။ 
 ညာဖက်လက်ကို ဆန့်ထုတ်ပြီး အနီးဆုံးကလူရဲ့ ဘယ်လက်နဲ့  ချိတ်ဆက်လိုက်မယ်။ ပြီးတော့ မျှော်လင့်စရာကောင်းတဲ့ နေရာကြီးပါ လို့  နှုတ်ခွန်းဆက်လိုက်မယ်။
သိပ်မကြာတဲ့ အချိန်တခုမှာ  ကိုယ့်ရဲ့ဘယ်ဖက်လက်ကို တယောက်ယောက်က ကမ်းလှမ်းလာပြီ ဆိုရင်တော့ ဟောဒီ ကွင်းပြင်ကြီးထဲမှာ လူတွေ အားလုံးကွန်ယက်ကြီးတခု ဖြစ်သွားပြီပေါ့ ။ ခဏနေရင် ကြားရလိမ့်မယ် …
ဟေး … မျှော်လင့်စရာကောင်းတဲ့ နေရာကြီးပဲနော် …

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts