>Lin Way Khet – Ma Lin Pyar Poem New Version

>

မလင်းပြာ မကြာခင် ငါစစ်ထွက်ရတော့မယ်
လင်းဝေးခက်
ဇန်န၀ါရီ ၁၃၊ ၂၀၁၁
(ဘလောဂ့်တွေ၊ အီးမေးတွေက ရတဲ့ မျက်မှောက်ကဗျာအသစ်)
မလင်းပြာ မကြာခင် ငါ စစ်ထွက်ရတော့မယ်
ဗီယက်ကောင်းတွေကို ကူတိုက်ဖို့
ဗီယက်နမ်ကို မဟုတ်ဘူး။

မလင်းပြာ မကြာခင် ငါ စစ်ထွက်ရတော့မယ်
အယ်လ်ကိုင်ဒါးတွေကို တိုက်ဖို့
အာဖဂန်ကို မဟုတ်ဘူး။

မလင်းပြာ
မကြာခင် ငါ
စစ်ထွက်ရတော့မယ်
အီရတ်ပြည်သူတွေကို ကူဖို့
အီရတ်နိုင်ငံကို မဟုတ်ဘူး။

မလင်းပြာ မကြာခင် ငါ စစ်ထွက်ရတော့မယ်
ဘယ်သူမှ လာရောက်မကျူးကျော်မယ့်
ငါတို့ တိုင်းပြည်ကို
ကာကွယ်ဖို့။

မလင်းပြာ မကြာခင် ငါစစ်ထွက်ရတော့မယ်
သစ်ပင်သစ်တောတွေ ပြုန်းတီးနေတဲ့
တောထဲကို ငါ စစ်ထွက်ရတော့မယ်။

မလင်းပြာ
မကြာခင်
ငါ
စစ်ထွက်ရတော့မယ်။

မြေပေါ်သယံဇာတတွေ မရှိတော့တဲ့
နှစ်ရှည် စာချုပ်များနဲ့ ရောင်းစားထားတဲ့
မြေအောက်သယံဇာတတွေရှိတဲ့ ဒေသတွေဆီ
ငါ စစ်ထွက်ရတော့မယ်။

မလင်းပြာ
မကြာခင်
ငါ စစ်ထွက်ရတော့မယ်။

တောင်ယာလုပ်ဖို့ တောင်ယာမရှိ
ထင်းခုတ်ဖို့ သစ်ပင်တွေ မရှိတော့တဲ့
တောသူ တောင်သားတွေဆီ
ဆက်ကြေး တောင်းဖို့
ငါ စစ်ထွက်ရတော့မယ်။

မလင်းပြာ မကြာခင် ငါ စစ်ထွက်ရတော့မယ်
ငါတို့ သွေးချင်းရင်ဝဆီ
သေနတ်ပြောင်းဝတွေကို ချိန်ဖို့။

ငါ စစ်ထွက်ရတော့မယ်
မလင်းပြာ။

စစ်လက်နက်တွေ လျှော့ချဖို့ တစ်ကမ္ဘာလုံးက စိတ်ကူးနေချိန်မှာ
ညှူကင်းစင်သော ကမ္ဘာကြီးဖြစ်ဖို့ ကြိုးစားနေချိန်မှာ
စစ်မဲ့ ကမ္ဘာကြီးဖြစ်ဖို့ အားလုံး ၀ိုင်းဝန်း စိတ်ကူးနေချိန်မှာ
ငါ စစ်ထွက်ရတော့မယ်။
တိုင်းပြည်ရဲ့ သယံဇာတက ရတဲ့ငွေတွေ
ပညာရေးမှာ မသုံးဘူး
ငါ စစ်ထွက်ရတော့မယ်။
ကျန်းမာရေးမှာ မသုံးဘူး
ငါ စစ်ထွက်ရတော့မယ်။

သူများနိုင်ငံက မလိုတော့လို့
သူခိုးဈေးနဲ့ ရောင်းတဲ့သေနတ်တွေကိုကိုင်လို့
ငါစစ်ထွက်ရတော့မယ်။


ကဲ … တိုင်းသူပြည်သားတွေရေ ခင်ဗျားတို့ကို တိုက်ဖို့
ငါ စစ်ထွက်ရတော့မယ်။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts