>Maung Yit – Farewell to Maung Wunna

>

လွမ်းမောဖွယ်တက္ကသိုလ်ထဲမှာ မောင်ဝဏ္ဏကို နှုတ်ဆက်ခဲ့
မောင်ရစ်
ဇန်န၀ါရီ ၁၁၊ ၂၀၁၁
ယမန်နေ့က နေအိမ်မှာ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်သွားတယ် ကြားပါတယ်။ မြန်မာပြည်ရဲ့ ထူးချွန်တဲ့ အနုပညာရှင် မိသားစုမျိုးဆက်၊ သာဓု အင်ဆန်းတွေထဲက ဆရာ ဦးသုမောင်ပြီးတော့ သူ့အကို ဆရာ မောင်ဝဏ္ဏ ကွယ်လွန်သွားတဲ့အတွက် ၀မ်းနည်းပြီးရင်း ၀မ်းနည်းရင်း ဖြစ်ရပါတယ်။ သူတို့ စာပေရဲဘော် စာပေမိတ်ဆွေ ဆရာ အောင်ပြည့် ကွယ်လွန်ပြီးနောက် သူတို့တတွေ တယောက်ပြီး တယောက် ကွယ်လွန်ကုန်ကြပါပြီ။
ကျနော်တို့ ဆယ်ကျော်သက်အစ စိတ်ကူးယဉ်ချိန်မှာ အဲဒီဆရာတွေရဲ့ အချစ်ဝတ္ထုတွေ၊ တက္ကသိုလ်နောက်ခံ ၀တ္ထုတွေနဲ့ ကျနော်တို့ ကြီးပြင်းခဲ့ရတာပါ။ သူတို့တွေ အပြင်မှာ ဘယ်လို ဘယ်ပုံ ချစ်စရာ ကောင်းမကောင်းတော့ မသိဘူး၊ သူတို့စာတွေထဲက တက္ကသိုလ်နောက်ခံ အချစ်ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေ၊ အမျိုးသား အမျိုးသမီးတွေဟာ အလွန် ချစ်ခင် ရင်းနှီးဖွယ်၊ ပျော်ရွှင် ကြည်နူး လွမ်းမောဖွယ်ကို ပေးခဲ့တယ်။ သူတို့ခေတ်က တက္ကသိုလ်ဝတ္ထုတွေနဲ့ သူတို့ရိုက်ခဲ့တဲ့ တက္ကသိုလ်နောက်ခံ ရုပ်ရှင်တွေဟာ မြန်မာတက္ကသိုလ်က လူငယ်တွေရဲ့ ဘ၀၊ အလွမ်း၊ သရုပ်ဖော် ဇာတ်လမ်းများတွေကို ဆွတ်ပျံ့ဖွယ် ခံစားကြရပါတယ်။
အခု ကျနော်တို့ မျက်မှောက်ရုပ်ရှင်တွေမှာ မြင်နေရတဲ့ တိုက်နံရံရှေ့က စာပွဲပုလေးတွေမှာ ရုပ်ပျက် ဆင်းပျက် လှည့်ပတ်ကခုန်နေတဲ့ လူုငယ် လူကြီးတွေနဲ့ မရယ်ရတဲ့ ပြက်လုံးတွေနဲ့ တက္ကသိုလ်အတုကြီး၊ တက္ကသိုလ်ဘ၀ အတုကြီး မဟုတ်ဘူး။ တက္ကသိုလ်ဘ၀ ဆိုတာ လက်တွေ့ဘ၀နဲ့ ဘယ်လိုမှ ဆက်စပ်လို့ မရတဲ့ ဟာသဇာတ်လမ်း မဟုတ်ဘူး။ အဲဒါတွေနဲ့ ဆန့်ကျင်ဖက် ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကြည်နူး ပျော်ရွှင် ချမ်းမြေ့ဖွယ်ရာ၊ သရုပ်မှန် ဘ၀တွေနဲ့ တက္ကသိုလ်ရုပ်ရှင်တွေကို ပြန်လည် သတိရ မှော်သွင်း ဖန်ဆင်းသူ အနုပညာရှင်ကြီးတွေ ဖြစ်ပါတယ်။
အခုတော့ ဆရာ ကွယ်လွန်ခဲ့ပြီ။
ဆရာတို့ရဲ့ တက္ကသိုလ်ကြီးတွေ၊ ကျောင်းသူ ကျောင်းသားတွေ မကျန်ရစ်တော့တဲ့ အနုပညာလောက စတူဒီယိုဟောင်းလောင်းကြီးတွေကို ဆရာတို့ ထားရစ်ခဲ့ပြီပေါ့။
ဆရာတို့ရဲ့ ဟိုမှာဘက် စစ်မှန်လွတ်လပ်တဲ့ အနုပညာတွေနဲ့၊ သစ္စာရှိတဲ့ အနုပညာရှင်တွေနဲ့  ဆရာတို့ ခရီးဆက်နိုင်ကြပါစေ၊ ဆရာတို့နဲ့ ဆရာတို့ အနုပညာတွေ သက်တော်ရာကျော် ရှည်ပါစေ။
ကျနော်ကတော့ ဆရာတို့ရဲ့ ရုပ်ရှင်ကားတွေကို ဒီည တညလုံး ထိုင်ကြည့်နေချင်မိတယ်။ ဆရာ သုမောင်နဲ့ ဆရာ အောင်ပြည့် တို့ ရန်ကုန်တက္ကသိုလ် ပရ၀ုဏ်ထဲက လက်ဘက်ရည်ဆိုင်ထဲမှာ စကားပြောဆိုနေတဲ့ ရိုက်ကွင်း၊ ကင်မရာ ချောင်းကြည့်ပေါက်ထဲက မောင်ဝဏ္ဏနဲ့ … ရန်ကုန်တက္ကသိုလ် လမ်းမတွေ အားလုံးဟာ တက်ခနီကာလာတွေနဲ့ မဟုတ်ဘူးလေ၊ အားလုံး အဖြူ အမည်းတွေချည်း။
( သရုပ်ဖော် – မြင့်မောင်ကျော်၊ သူ့ဖေစ့်ဘွတ်ခ်က ပန်းချီကို ကူးယူသုံးစွဲပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts