>Internationl The Geek – Mystery behind the killing attempt of Congress womn – Gabrielle Giffords

>

 အမေရိကန်လွှတ်တော် အမျိုးသမီးအမတ်ကို လုပ်ကြံရန် ကျူးလွန်မှု၊ လူ ၆ ဦး သေဆုံးရတဲ့ ရုပ်ဆိုးလှတဲ့ နိုင်ငံရေးအကြမ်းဖက်မှုရဲ့ နောက်ကွယ်ကို ပြန်ကြည့်ခြင်း
နိုင်ငံတကာ သာဂိ
ဇန်န၀ါရီ ၁၀၊ ၂၀၁၁
လွန်ခဲ့သည့် စနေနေ့၊ ဇန်န၀ါရီ ၈ ရက် နေ့ခင်း၊ အာရီဇိုးနားပြည်နယ်၊ တူဆွန်မြို့၊ ဆေ့ဖ်ဝေး ဆူပါမားကက်ရှေ့မှာ မဲဆန္ဒရှင်များနဲ့ တွေ့ဆုံနေတဲ့ အမေရိကန်ုလွှတ်တော် အမျိုးသမီးအမတ် တဦးဖြစ်သူ ဂယ်ဘရီ ဂစ်ဖို့ဒ်ကို စိတ်ရူးပေါက်နေသူ ၂၂ အရွယ် လူငယ်တဦးက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အမျို်းသမီးအမတ် ဂယ်ဘရီမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ထုတ်ချင်းပေါက်နဲ့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။ စိတ်ရူးပေါက်နေသူ ဂျယ်ရက်လီးလူဂါက ထိုနေရာမှာ စုဝေးနေသူ အမေရိကန်ပြည်သူ ၆ ဦးကို ပစ်သတ်ခဲ့ပြီး အခြား ၁၄ ဦးကို ထိခိုက်ဒဏ်ရာရစေခဲ့ပါတယ်။ ၂၁ ရာစု အမေရိကန်ပြည်မှာ လွှတ်တော်အမတ်တဦးကို လုပ်ကြံသတ်ဖြတ်ဖို့ နိုင်ငံသားတဦးက ကျူးလွန်တဲ့ ပထမဦးဆုံး အမှုကြီး ဖြစ်ပါတယ်။
 
သတ်ဖြတ်ခြင်းခံရသူတွေထဲမှာ အာရီဇိုးနားပြည်နယ်ရဲ့ အစိုးရတရားသူကြီးတဦးလည်း ပါဝင်ပါတယ်။ အမတ်မင်း ဂယ်ဘရီရဲ့ ရုံးအဖွဲ့ဝင်တွေလည်း ပါဝင်သလို ၉  နှစ်အရွယ် ကလေးမလေးတဦးလည်း ပါဝင်ပါတယ်။ အဲသည်ကလေးမလေးဟာ အမေရိကန်တွေကို ဘာသာရေးအစွန်းရောက်တွေ အကြမ်းဖက်တိုက်ခိုက်တဲ့နေ့ 9/11 (စက်တင်ဘာ ၁၁၊ ၂၀၀၁) မှာ မွေးဖွားခဲ့ပြီး အခုလို သွေးစွန်းသောလုပ်ကြံမှုဖြစ်ပွားတဲ့နေ့မှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ထိုစိတ်ရူးပေါက်နေသူ လူငယ် ကျည်ဆံကုန်နေချိန်၊ သေနတ်ကို ကျည်ဖြည့်ချိန်မှာ ရဲရင့်တဲ့ နိုင်ငံသား ၂ ဦးက ၀င်ရောက် ထိန်းချုပ် ဖမ်းဆီင်္းခဲ့ကြပါတယ်။ အဖွားအိုတဦးက လူငယ်ရဲ့ ကျည်ကပ်ကို ဆွဲလုပြီး လွှင့်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ အခြား အမျိုးသားတဦးက အဖွားအိုကို ၀င်ကူပြီး သေနတ်ကို လုယူုနိုင်ခဲ့တာ ဖြစ်ပါတယ်။  ပြင်းထန်စွာ ဒဏ်ရာရသွားတဲ့ အမတ်မင်း ဂယ်ဘရီကို ရုံးအဖွဲ့ရဲ့ လုပ်အားပေးလူငယ်တဦးက အဆက်မပြတ် စကားတွေ ပြော အားပေးစကား ပြောဆိုပြီးတော့ ဆေးရုံအရောက် လိုက်လံပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံမှာ ဆရာဝန်ကြီးများက အစွမ်းကုန် ကုသပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ စနေနေ့ညမှာ ခွဲစိတ်ခန်းက ထွက်လာခဲ့ပြီး အမျိုးသမီးအမတ် ဂယ်ဘရီဟာ သတိမေ့မြောနေဆဲ၊ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိဆဲပါပဲ။
အခုလိုမျိုး အမေရိကန်လွှတ်တော်အမတ်တဦးကို လုပ်ကြံသတ်ဖြတ်ဖို့အထိ ဖြစ်ပွားရခြင်းနဲ့ ပတ်သက်ပြီး သမတ အိုဘားမားကိုယ်တိုင်က သတင်းစာရှင်းလင်းပွဲနဲ့ အများကို အသိပေးတင်ပြပြီး ၀မ်းနည်းကြောင်း၊ အမေရိကန်ပြည်သူများအနေနဲ့ ငြိမ်းချမ်းမှု၊ ရင့်ကျက်မှုများနှင့် ရင်ဆိုင် ဖြေရှင်းကြရန်လိုကြောင်း၊ အမှုကို တရားမျှတစွာ ဥပဒေနှင့်အညီ ဖြေရှင်းရမည် ဖြစ်ကြောင်း၊ အစိုးရ နဲ့ ပြည်နယ်အာဏာပိုင်တွေ အားလုံးက ၀ိုင်းဝန်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကို တရားလက်လွတ် တုန့်ပြန်ခြင်း မပြုကြဖို့၊ အမေရိကန်ပြည်ထောင်စုသားတွေ အားလုံး စည်းလုံးညီညွတ်စွာ လက်တွဲပြီး အတူတကွ ရင်ဆိုင်ကြဖို့ ပြောဆိုသွားပါတယ်။
 
အာရီဇိုးနားပြည်နယ်ဟာ လတ်တလောကျင်းပခဲ့တဲ့ နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီများ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ရတဲ့ ပြည်နယ် ဖြစ်ပါတယ်။ ရှေးရိုးဆန်တဲ့ နိုင်ငံရေးအခြေခံရှိတဲ့ မဲဆန္ဒနယ်တွေမှာ လစ်ဘရယ်လို့ ဆိုတဲ့ တိုးတက်တဲ့ လူမှု့အမြင်ရှိသူ အထက်ပါ ဒီမိုကရက်တစ်ပါတီက အမျူိုးသမီးအမတ် ဂယ်ဘရီ ဟာ ပြိုင်ဖက်ကို နှာတဖျား မဲအသာနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အမတ်မင်း ဂယ်ဘရီရဲ့ ရုံးခန်းကို မလိုလားသူများက ဖျက်ဆီးတာတွေ၊ ချိန်းခြောက်တာတွေ လုပ်ခဲ့ကြလို့ နိုင်ငံရေးအရ ဥပဒေနည်းကျ ဖြေရှင်းကြရန်၊ အကြမ်းဖက်တာတွေ၊ အမုန်းတရားတွေကို ဖြန့်ချိခြင်း၊ သွေးထိုးခြင်း၊ တိုက်တွန်းခြင်းတွေ မလုပ်ကြပါရန် ဂီဘရီကိုယ်တိုင်က လွန်ခဲ့တဲ့ လအနည်းက ပြောဆိုခဲ့ဖူးပါတယ်။
ယခုလိုမျိုး စိတ်ရူးပေါက်နေသူ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အစွန်းရောက်နေသူ အမေရိကန်နိုင်ငံသား ၂၂ ရွယ် လူငယ်တဦးက အကြမ်းဖက် လုပ်ကြံမှု ကျုးလွန်တာနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ အဓိကနိုင်ငံရေးပါတီကြီး ၂ ခု စလုံးက (ဒီမိုကရက်ကော၊ ရီပတ်ဘလစ်ကန် တွေ) က ၀မ်းနည်းကြောင်း၊ ရှုတ်ချကြောင်း၊ မိမိတို့ နိုင်ငံရေးသမားများ၊ နိုင်ငံရေးစနစ်ကိုပါ စော်ကားလိုက်သကဲ့သို့ ယူဆကြောင်း၊ အကြမ်းဖက်ခြင်း သတ်ဖြတ်ခြင်းအတွက် အမေရိကန်မှာ နေရာမရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ သေဆုံးသူများ၊ ထိခိုက်သူများရဲ့ မိသားစုတွေထံ ၀မ်းနည်းကြောင်းနဲ့ အားပေးစကားများ ပြောဆိုခဲ့ကြပါတယ်။ အာရီဇိုးနားပြည်နယ်သာမက အစိုးရမြို့တော် ၀ါရှင်တန်ဒီစီ လွှတ်တော်နဲ့ အိမ်ဖြူတော်မှာ နိုင်ငံတော်အလံကို တ၀က်လွှင့်ထူရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် လက်ရှိ နိုင်ငံရေးပါတီ ၂ ခုစလုံးရဲ့ ထိပ်တိုက်ရင်ဆိုင်မှုတခု ဖြစ်တဲ့ သမတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အာမခံဥပဒေကို ပြန်လည် သုံးသပ်ရန် အဆိုတင်သွင်းမှုကို ခေတ္တဆိုင်းငံ့ထားကြရန် နှစ်ဖက်စလုံးက သဘောတူလိုက်ပါတယ်။ စိတ်ရူးပေါက်နေသူရဲ့ လုပ်ကြံမှုကြောင့် နောက်ဆက်တွဲအဖြစ် တိုင်းပြည်တ၀ှမ်းလုံးမှာ နိုင်ငံရေးအရ ပါတီနှစ်ဖက်စလုံးမှာ တင်းမာမှုတွေ၊ အငြင်းပွားမှုတွေ၊ ပြစ်တင်မှုတွေနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေ မလိုလားလို့ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
 
လက်ရှိမှာလည်းပဲ လွှတ်တော်အမတ်မင်း လုပ်ကြံခံရမှုမှာ ရှေးရိုးစွဲနိုင်ငံရေးလှုပ်ရှားမှုဖြစ်တဲ့ Tea Party လှုပ်ရှားမှုနဲ့ ၂၀၀၈ ရီပါဘလစ်ကန်ပါတီက ဒုသမတလောင်းအဖြစ် အရွေးခံရန် ကြိုးစားခဲ့သူ ဆာရာပေလင်ရဲ့ ၀ါဒဖြန့်ချီ လှုံ့ဆော်မှုတွေကို အချို့ မီဒီယာနဲ့ နိုင်ငံရေးသမားများက လက်ညိုးထိုးလာကြပါတယ်။ သူတို့တတွေက တဖက်ပြိုင်ဘက်ပါတီတွေ၊ နိုင်ငံရေးသမားတွေကို ဝေဖန် ပြစ်တင် ရှုတ်ချရာမှာ အစွန်းရောက်လွန်းတယ်၊ အမုန်းတရားတွေ၊ အကြမ်းဖက် ဖြေရှင်းမှုတွေကို သွေးထိုးလွန်းတယ်လို့ အပြစ်တင်နေကြပြီ ဖြစ်ပါတယ်။ ဥပမာ ဆာရာပေလင်က သူထောက်ခံတဲ့ တီးပါတီအမတ်လောင်းတွေ ၀င်ပြိုင်မယ့် နယ်မြေတွေက ပြိုင်ဖက်အမတ်တွေကို မြေပုံပေါ်မှာ သေနတ်ပစ်မှတ်လက္ခဏာတွေကို နဲ့ လှုံ့ဆော်ခဲ့ရာမှာ အမတ်မင်း ဂါဘရီကိုလည်း ပစ်မှတ်အဖြစ် (နိုင်ငံရေးပုံသဏ္ဍာန်အဖြစ်) လှုံဆော်ခဲ့ဘူးတာကို ထောက်ပြလာကြပါတယ်။ ဆာရာပေလင်ရဲ့ ပြောခွင့်ရသူက ဒီလိုပြောဆိုတာတွေကို ငြင်းဆိုပြီး၊ အဲသည် သေနတ်ပစ်မှတ်သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်မြေ ပိုစတာကို သူတို့ဝက်ဆိုက်ပေါ်က ဖြုတ်ချလိုက်တယ်လို့ သိရပါတယ်။ ပြီးတော့လည်း ဂယ်ဘရီနဲ့ အတူ ဒဏ်ရာရသူ၊ သေဆုံးသူများအတွက် ၀မ်းနည်းကြောင်း၊ ဆုမွန်ကောင်းတောင်းကြောင်း ဆာရာပေလင်က သူ့ဖေ့စ်ဘွတ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။
“တိုင်းပြည်မှာ နိုင်ငံရေးလှုံ့ဆော်တာ၊ စည်းရုံးတာ၊ ၀ါဒဖြန့်ချိ ရာမှာ၊ တဖက်ပြိုင်ဖက်ကို ရှုတ်ချ တိုက်ခိုက်ပြစ်တင်ရာမှာ နှစ်ဖက်စလုံးက အစွန်းရောက်လာတယ်။ နိုင်ငံရေးအရ အပြိုင်အဆိုင် အနိုင်ယူကြရာမှာ သာမန်ပြည်သူတွေအချင်းချင်းတွေကြားမှာ အမုန်းတွေ၊ သံသယတွေ နားလည်မှုလွဲတာတွေ ဖြစ်ပွားစေတယ်။ အဲသည် အကြိတ်အခဲတွေ၊ ကွာဟမှုတွေကို ပြည်သူတွေက ခံစားရတဲ့ဆီမှာ ညီညွတ်ရေးတွေ နားလည်မှုတွေ ပျက်ပြားရင် တိုင်းပြည် နစ်နာတယ်။ ပိုဆိုးတာကတော့ စိတ်ရူးပေါက်နေသူတဦးက အဲသည်နိုင်ငံရေးအယူအဆကို အကြမ်းဖက်တဲ့ နည်းနဲ့ သူ့စိတ္တဇဝေဒနာနည်းလမ်းတွေနဲ့ လုပ်လာပြီ ဆိုရင် နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးစနစ်တွေ နစ်နာတယ်။ တိုင်းပြည်လည်း ထိခိုက်တယ်။ ဒါကို နှစ်ဖက်စလုံးက ပြုပြင်ရမယ်၊ သင်္ခန်းစာယူရမယ်”
လို့ အမေရိကန်နိုင်ငံရေးသုံးသပ်သူတွေ က မီဒီယာများကနေ ထောက်ပြနေကြပါတယ်။
 
အမေရိကန်သမိုင်းရဲ့ ပထမဆုံး လူမည်းသမတကို အမေရိကန်ပြည်သူတွေက အများသဘောနဲ့ ရွေးချယ်တင်မြောက်ပြီးကတည်းက အမေရိကန်ရဲ့ အချို့ပြည်နယ်တွေမှာ နိုင်ငံရေး သဘောထားတင်းမာမှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ သမတဟာ အမေရိကန်ရေမြေမှာ မွေးသူမဟုတ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ သမတရဲ့ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ၊ နိုင်ငံရေးသဘောထား ဆောင်ရွက်မှုတွေကို ဝေဖန်ရှုတ်ချရာမှာ ကွန်မြူုနစ်၊ ဆိုရှယ်လစ်ဝါဒအဖြစ် အမည်ဖျက်သလို၊ အိုဘားမားကို ဟစ်တလာနဲ့လည်း နှိုင်းကြပါတယ်။ အိုဘားမားနဲ့ သူ့ပါတီဟာ တိုင်းပြည်ကို ဖျက်ဆီးနေသူတွေ ဖြစ်တယ်၊ သူတို့ကို ရှင်းလင်းကြရမယ်လို့ တဖက်ပါတီတွေ၊ လှုပ်ရှားမှုတွေနဲ့ ရှေးရိုးစွဲတွေရဲ့ ၀ါဒဖြန့်မှုတွေမှာ ပါဝင်လေ့ရှိပါတယ်။ သည်လိုမျိုး သွေးထိုးမှုတွေ၊ တဖက်နဲ့ တဖက် အစွန်းရောက်ပြောဆိုမှုတွေကို မီဒီယာတွေကလည်း သတင်းဦး သတင်းထူးအဖြစ် အလွန်အကျွံ တင်ဆက်ပေးမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ နှစ်ဖက်စလုံးရဲ့ အယူဝါဒ သဘောထားတွေ၊ လှုပ်ရှားမှုတွေကို ပြည်သူတွေကို တင်ဆက်ရာမှာ စာနယ်ဇင်းသမားတွေက အသိဥာဏ်ပညာမြင့်မားပြီး အမျှော်အမြင်ရှိသူ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေဆီက အာဘော်တွေ၊ အမြင်သုံးသပ်မှုတွေကို ကြားခံပြီး တင်ဆက်ပေးမှု အားနည်းပြီး တဖက်ဆီက ကာယကံရှင်တွေရဲ့ အာဘော်တွေကို ထိပ်တိုက် တိုက်ရိုက် တင်ဆက်ပေးမှုတွေ အလွန်အကျွံလုပ်ခဲ့တယ်လို့ မီဒီယာတွေကို ကျောင်းဆရာတွေ၊ စာရေးဆရာတွေက ပြန်လည်ဝေဖန်နေကြတာကိုလည်း ယခုအချိန်မှာ တွေ့နေရပါတယ်။
အမေရိကန်ဟာ ၂၁ ရာစု ၀င်ကတည်းက စီးပွားရေးနဲ့ နိုင်ငံရေးသြဇာ ကျဆင်းနေခဲ့ရပါတယ်။ ပြည်တွင်း စီးပွားရေး အလွန်အမင်း ကျဆင်းပြီးတော့ ပြည်သူတွေ စိတ်ဓာတ် ကျဆင်းနေချိန်၊ ဆင်းရဲဒုက္ခရောက်နေချိန်မှာ နိုင်ငံရေးပါတီတွေက ပြည်သူတွေကို သူ့ထက်ငါ မဲဆွယ်ဖို့နဲ့ တဖက်ကို ပြစ်တင် ရှုတ်ချဖိနှိပ်ပြီး အနိုင်ယူဖို့သာ လုပ်ကိုင်နေကြတာတွေကြောင့် ပြည်တွင်းမှာ အမျိုးသားစိတ်ဓာတ်နဲ့ အသွင်သဏ္ဍာန်အားဖြင့် စည်းလုံးညီညွတ်မှုတွေ အားနည်းရတယ်လို့လည်း သုံးသပ်ကြပါတယ်။ ပြည်သူလူထုက နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများအပေါ်မှာ အဆိုးမြင်မှုတွေလည်း များပြားလာခဲ့ပါတယ်။ အခုလိုမျိုး ရုပ်ဆိုးကျည်းတန်တဲ့ ဖြစ်ရပ်ကို အမေရိကန်ပြည်သူုများနဲ့ နိုင်ငံရေးသမားများ၊ ပါတီများ အားလုံး သင်ခန်းစာယူဖို့ ကြိုးစားကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပညာရှင်တချို့က ထုတ်ဖော်ပြောဆိုကြပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts