>writers’ dinner on Jan 4th

>

ဒဂုန်တာရာ၊ ပါရဂူတို့ကို အမှူးထားသည့် လွတ်လပ်ရေးနေ့ ညစာ စားပွဲ စာပေသမားများ ကျင်းပ
တာရာဝေယံ
ဇန်န၀ါရီ ၆၊ ၂၀၁၁

လွတ်လပ်ရေးနေ့ ညနေ ၅ နာရီက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း နန်းယု စားသောက်ဆိုင်မှာ စာရေးဆရာ အယ်ဒီတာတွေ စုစည်းပြီး ဆရာ ဒဂုန်တာရာ၊ ဆရာ ပါရဂူတို့ကို အမှူးထားတဲ့ လွတ်လပ်ရေးနေ့ နဲ့ နှစ်သစ်ကြို ညစာ စားပွဲကို ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှူးအဖြစ် ဆရာ ထက်မြက် နဲ့ ဦးဇော်သိန်းတို့က ဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနားကို ဆရာ ဦးဝင်းတင်၊ ဆရာ ဦးအံ့မောင်၊ မောင်မိုးသူ၊ ဆရာဦးလှရွှေ၊ မောင်စိမ်းနီ၊ ကိုခါး(ကွမ်းခြံကုန်း)၊ ဆရာ နောင်ကျော်၊ ဆရာမျိုးမြင့်ညိမ်း၊ မသီတာ စမ်းချောင်း၊ ဆရာ ငြိမ်းသစ် စတဲ့ စာရေးဆရာ၊ အယ်ဒီတာများ တက်ရောက်ကြပါတယ်။

ညစာစားပွဲမှာ ဆရာ ဒဂုန်တာရာက အဖွင့်စကား ပြောကြားရာမှာ –
“ကျွန်တော်က ငြိမ်းချမ်းရေးကို စိတ်ဝင်စားတယ်။ ငြိမ်းချမ်းရေး မရှိတာ ညီညွတ်ရေး မရသေးလို့။ ညီညွတ်ရေး အားကောင်းအောင် လုပ်ကြရမယ်။ ညီညွတ်ရေး ရှိမှ ငြိမ်းချမ်းရေး ရမယ်။ ငြိမ်းချမ်းရေး ရမှ ဒီမိုကရေစီ ထွန်းကားမှာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပြီး ဆရာက အမှာစကားကို “အရေးတော်ပုံ အောင်ရမည်” ၃ ကြိမ် ကြွေးကြော်ကာ အဆုံး သတ်ခဲ့ပါတယ်။

ဆရာပါရဂူရဲ့ အမှာစကားမှာ စာအုပ် ၃ မျိုးအကြောင်း၊ ပထမ အမျိုးအစားမှာ မိမိနဲ့ မိမိ မိသားစု အကြောင်း ရေးတဲ့ စာအုပ်၊ ဒုတိယ အမျိုးအစားမှာ မိမိအကြောင်းလည်း ရေးပြီး အများအကြောင်းလည်း ပါဝင်တဲ့ စာအုပ်၊ တတိယ အမျိုးအစားမှာ ကိုယ်ကျိုးစွန့်ပြီး အများအတွက် ရေးသားတဲ့ စာအုပ် ဟူ၍ ရှိကြောင်း၊ တတိယ အမျိုးအစား စာအုပ် အများအပြား ပေါ်ပေါက်လျှင် နိုင်ငံအတွက် များစွာ အကျိုးဖြစ်ထွန်းကြောင်း၊ ထိုစာအုပ်မျိုး များများ ရေးဖို့ တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါတယ်။


ဦးဝင်းတင်

ဆရာဦးဝင်းတင်ရဲ့ မိတ်ဆက်စကားမှာ “ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အရေးတော်ပုံတပ်သားလို့ သဘောထားပါတယ်။ ခေတ်ဝန်ကို ထမ်းလို့ ခေတ်လမ်းကို လျှောက်တဲ့အခါမှာ အမှန်တရားဘက်က ရပ်ပြီး အမှားကို ရဲရဲ တိုက်ကြပါ။ ဘယ်လို လုပ်ရမယ် ဆိုတာကို ကျွန်တော် မပြောပါဘူး။ ကိုယ် ကျင်လည်ရာ စာပေ၊ အနုပညာလက်နက် ကိုင်စွဲပြီး အမှန်တရားဘက်က ရဲရဲ ၀ံ့ဝဲ့ ရင်ဆိုင်ကြပါလို့ ပြောချင်ပါတယ်” ဆိုပြီး ဆရာ ဖြတ်သန်းခဲ့ရတဲ့ စာပေသမား၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား ဘ၀တွေမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပြောကြားပါတယ်။

ဆရာ ဦးအံ့မောင်က သူရေးဖွဲ့ထားတဲ့ “ဆုတောင်း” ကဗျာ နဲ့ “လွတ်လပ်ရေးနေ့ အဓိဋ္ဌာန်” ကဗျာကို ရွတ်ဖတ်ခဲ့ပါတယ်။

ဆရာဝန် ဒေါက်တာ တင်စံဦးက ဇော်(ပျဉ်းမနား) ရဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့ပြီး အခမ်းအနားက ည ၈ နာရီခွဲမှာ စည်ကား သိုက်မြိုက်စွာ ပြီးဆုံးခဲ့ပါတယ်။

ကဗျာဆရာ အံ့မောင်



ဆရာ အံ့မောင်ရဲ့ “ဆုတောင်း” နဲ့ “လွတ်လပ်ရေးနေ့ အဓိဋ္ဌာန်”

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts