>Burma Community Service Society (New York) founded in NYC

>

 မြန်မာလူမှုရေးအသင်းတခု နယူးယောက်တွင် ဖွဲ့စည်း
မိုးမခအထောက်တော် ၀၀၂
ဇန်န၀ါရီ ၅၊ ၂၀၁၁
          နယူးယောက်တွင် မြန်မာများနှင့် မြန်မာ-အမေရိကန်များအတွက် သာရေး၊ နာရေး နှင့် လူမှုရေးဆိုင်ရာ အကူအညီများကို စေတနာဝန်ထမ်း လုပ်အားပေးမည့် မြန်မာလူမှုရေးအဖွဲ့ (နယူးယောက်) – Burma Community Service Society (New York) ကို နယူးယောက်မြို့ တွင် စိတ်ပါဝင်စားသူ မြန်မာမိသားစုများဖြင့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့၌ ဖွဲ့စည်းခဲ့သည်။
 
မြန်မာလူမှုရေးအဖွဲ့ (နယူးယောက်) ဖွဲ့စည်းအပြီး အစည်းအဝေးတက်ရောက်သူများနှင့် အဖွဲ့ဝင်များအမှတ်တရ (Photos by Ko Zaw – Yangon Photo)
          အဆိုပါအဖွဲ့သည် ၂၀၁၀ ဒီဇင်ဘာ ၅ ရက်က နယူးယောက်မြို့နှင့် အိမ်နီးချင်းမြို့များက မြန်မာမိသားစုများ၊ လူမှုရေး ဘာသာရေး အဖွဲ့အစည်းများ စုပေါင်းကုသိုလ်ပွဲဖြစ်သည့် “မြန်မာပြည် HIV/AIDS ဝေဒနာရှင်များ ကူညီမှုရန်ပုံငွေ” အပြီးတွင် ပါဝင်လုပ်အားပေးကူညီခဲ့သူများအနက်က စိတ်ပါဝင်စားသူ စေတနာရှင်များနှင့် မျိုးဆက်သစ်လူငယ်များက ယခုကဲ့သို့ စုစည်းကာ ထူထောင်လိုက်သည်ဟု သိရသည်။
          ၎င်းတို့၏ အဖွဲ့ – မြန်မာလူမှုရေးအဖွဲ့ (နယူးယောက်) ၏ www.bcssny.org ကို မကြာမီထုတ်လွှင့်သွားမည်ဖြစ်ပြီး အဖွဲ့နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဖော်ပြသွားမည် ဖြစ်ကြောင်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မိမိစိတ်ဝင်စားသည့် လူမှုရေးလုပ်ငန်းများတွင် စေတနာဖြင့် ပါဝင်လုပ်အားပေးလိုပါက bcssny@gmail.com (သို့မဟုတ်) ဖုန်းနံပါတ် (646) 397-7741 သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။
          အဆိုပါအဖွဲ့တွင် တာဝန်ခံဦးဆောင်သူ ၅ ဦးတွင် တဦးပါဝင်သည့် ကိုအောင်မိုးဝင်းက မိုးမခသို့ ပြောကြားရာတွင် – လူငယ်မျိုးဆက်သစ်တို့က ယခု နယူးယောက်မြို့တွင် ရှိနှင့်ပြီးဖြစ်သည့် မည်သည့် လှုမှုရေး၊ သာရေး၊ နာရေး လှုပ်ရှားမှုများ၊ အသင်းအဖွဲ့လှုပ်ရှားမှုများကို မဆို ၀ိုင်းဝန်းပြီး လုပ်အားပေး ကူညီသွားမည် ဟု ပြောကြားလိုက်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts