>2010 Winter Retreat

>

လူငယ်များရဲ့ ဆောင်းရာသီ တရားစခန်း
အရှင်သြသဓ
ဇန်န၀ါရီ ၄၊ ၂၀၁၁


၁၉၉၈-ခုနှစ်၊ ဝါဆိုပွဲမှာဟု ထင်ပါသည်။ ကျေးဇူးတော်ရှင် ဓမ္မာနန္ဒဆရာတော်ကြီးက “ဒီနှစ်နွေရာသီမှာ ကလေးတွေအတွက် အခြေခံဗုဒ္ဓဘာသာသင်တန်းတွေ ဖွင့်တော့မယ်။ ဒီမှာက နေရာလဲ ကျယ်တော့ ဖွင့်လို့ ရပြီ။ အဲဒိ အခြေခံသင်တန်း တက်ပြီးတဲ့ လူငယ်လေးတွေကိုလည်း နောင်ဆိုရင် အဆင့်မြင့်သင်တန်းနဲ့ လက်တွေ့ အားထုတ်တဲ့ တရားစခန်းတွေပါ တွဲလုပ်ဖို့ထိ ဘုန်းကြီးတို့ စိတ်ကူးထားတယ်။ မိဘတွေက ကိုယ့်ကလေးတွေ လာပို့ကြပေါ့။ အမှန်က ကလေးတွေက ဒီမှာ မွေးတော့ သူတို့ အတွက် ပိုလုပ်ပေးရမယ်။ အခုတော့ ဘုန်းကြီးတို့က လူကြီးတွေအတွက်ချည်းပဲ လုပ်နေသလို ဖြစ်နေတယ်။ ကလေးတွေကို အဲဒီလို လုပ်မပေးရင် အမြစ်ခြောက်လာတဲ့ သစ်ပင်ကြီးလို ဘာသာရေးမျိုးစေ့ ပြတ်သွားလိမ့်မယ်” ဟု ကလေးများနှင့်ပတ်သက်ပြီး ထည့်ပြောခဲ့ဖူးပါတယ်။

ပထမအဆင့်ဖြစ်တဲ့ အခြေခံ သင်တန်းကိုတော့ စခဲ့တာ ကြာပေပြီ။ ညအိပ် ကျောင်းသား များကိုတော့ ၂ဝဝ၆-ခုနှစ်ကမှ စပြီး လက်ခံခဲ့၏။ သို့သော်လည်း အခြေခံသင်တန်းပြီးသော ဟိုက်စကူးနှင့် ကောလိပ်ကျောင်းသားအရွယ် လူငယ်များအတွက် စာတွေ့လက်တွေ့ တွဲလုပ်သည့် အဆင့်မြင့် တရားစခန်းကိုတော့ သင်တန်းဆရာ၊ လုပ်အားပေးမည့်သူ၊ အချိန်ကာလ သတ်မှတ်မှု စသည့် အခက်ခဲအမျိုးမျိုး ကြောင့် မဖွင့်နိုင်ခဲ့သေးပေ။ စိတ်ကူးထဲမှာသာ လမ်းဆုံးနေခဲ့ပေ၏။

လုပ်သင့်သည်ကတော့ သေချာပေသည်။ အဘယ့်ကြောင့် ဆိုသော် အချို့ကလေးများ ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းလာ၊ နွေရာသီသင်တန်းလေးတွေ ၂နှစ် ၃နှစ် တက်၊ နည်းနည်းလေး ကြီးလာပြီး ဟိုက်စကူးကျောင်းသား အရွယ်လောက် ဆိုလျှင် ကျောင်းကို မလာကြတော့ပေ။ အိမ်မှာ ဆွမ်းကပ်၍ ဘုန်းကြီးနှင့် တွေ့လျှင်တောင်မှ ရှက်သလိုလိုနှင့် အနားမကပ်ကြတော့။ မိဘတွေကပြောလို့ ရှိခိုးပြန်တော့လဲ ဖြစ်ကတတ်ဆန်း၊ ဟိုတုန်းက သင်ပေးထားသည့် ထိခြင်းငါးပါး အင်္ဂါရပ်တွေနှင့် မညီတော့။ သင်ပေးလိုက်ရသည့် ဘုန်းကြီးများမှာ အမောတောင် မပြေသေးပေ၊ ကလေးတွေက သင်ထားတာတွေ မေ့ပျောက်ကုန်ပြီ။

ဤတွင် စာရေးသူလည်း စဉ်းစားလာမိ၏။ ကိုယ်တိုင် မျိုးစေ့ချပြီး တက်လာသည့် အပင်ပေါက်ကလေးတွေကို မြေချစိုက်ပျိုးထားလိုက်ရုံနှင့် စိတ်မချရသေးပေ။ နောက်ထပ် ရေလောင်းပေါင်းသင် ပြုစုခြင်းများမလုပ်လျှင် ညှိုးခြောက်ပြီး သေသွားနိုင်သည်။ ထို့ကြောင့် အခြေခံသင်တန်း ပြီးသွားသော ကလေးများအတွက် ကျောင်းနှင့် ဆက်သွယ်နေမည့် သင်တန်းလေးများ တနည်း နည်းဖြင့် လုပ်မှ ဖြစ်တော့မည်။ သည့်အတိုင်းထားလျှင် အနေဝေးပြီး ဘာသာ အဆုံးအမတွေ မေ့ပျောက်သွားနိုင်သည်။ နောက်ဆုံး ဘာသာကိုးကွယ်မှုပါ ဆုံးရှုံးသွားနိုင်ပေသည်။ မည်သည့်အရာမဆို အနေဝေးလျှင် သွေးအေးသွားတတ်စမြဲပင်။

အစောပိုင်းတွင် တစ်ယောက်နှစ်ယောက်ဖြင့် စာသင်ရမည်မှာ အဆင်မပြေ၍ မစဖြစ်ခဲ့ပါ။ အခုတလော အခြေခံသင်တန်းများ အောင်ပြီးသော ကလေးများ ကိုယ်တိုင်က တောင်းဆိုလာကြပေသည်။ အခြေခံ ဗုဒ္ဓဘာသာသင်တန်း တန်ဘိုးရှိမှန်း၊ ကောင်းမှန်း သူတို့ ကိုယ်တိုင် သိလာတော့ နောက်ထပ်ဆက်လေ့လာချင်ကြပေသည်။ တချို့လူငယ်လေးများက “တပည့်တော် တို့အတွက် နောက်ထပ် သင်တန်းလေးတွေ မရှိတော့ဘူးလား၊ ပိုပြီးတော့ အဆင့်မြင့်တဲ့တရားတွေကို လေ့လာချင်ပါသေး တယ်။ ကိုယ်တိုင်လက်တွေ့လည်း အားထုတ်ကြည့်ချင်ပါသေးတယ်”လို့ ဆိုလာကြပေသည်။ အားရှိစရာပင်။

တချို့ကလည်း “ခရစ်စမတ်ကျောင်းပိတ်ရက်ဆိုရင် တပည့်တော်တို့မှာ အားနေတယ်ဘုရား။ ကိုယ့်ဘာသာရေးပွဲ မဟုတ် တော့လဲ သွားစရာမရှိဘူး။ ရာသီတွေကလဲ မကောင်းတော့ ခရီးလဲမထွက် ဖြစ်ဘူး။ ဘုန်းကြီးကျောင်းတွေမှာဖွင့်တဲ့ တရား စခန်းတွေကလဲ လူကြီးတွေအတွက် မြန်မာလိုသက်သက်ပဲ ဟောတော့ တပည့်တော်တို့က ကောင်းကောင်း နားမလည်ဘူး။ ဒါကြောင့် ဆရာတော်တို့ကျောင်းမှာ လူငယ်တွေအတွက် သီးသန့် အင်္ဂလိပ်လို သင်တန်းဖြစ်စေ၊ တရားစခန်းဖြစ်စေ၊ တစ်ခုခု ရှိရင် ကောင်းမယ် ဘုရား” ဟု အကြံပေးလျှောက်ထားသည်များလည်း ရှိလာပေသည်။

ဤသို့သောစကားမျိုးကို ကြားလိုက်ရ၍ စာရေးသူမှာ ရင်ထဲ သိမ့်သိမ့်ခါအောင် ဝမ်းသာသွားမိပေသည်။ ဆယ်ကျော်သက် လူငယ်လေးများမှာ ဒီဇင်ဘာကျောင်းပိတ်ရက် ဆိုလျှင် “ရှောပင်းထွက်မယ်၊ ခရီးထွက်မယ်၊ သူငယ်ချင်းတွေနှင့် တွေ့မယ်၊ စာမေးပွဲပြီးလို့ အိမ်မှာ နားပစ်လိုက်မယ်၊ ဂိမ်းကစားမယ်” ဤသို့သော စိတ်ကူးများသာ ရှိတတ်ကြပေသည်။ ဘုန်းကြီးကျောင်း သွားပြီး ဘာသာရေးစာပေများ အချိန်ရခိုက် လေ့လာမယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပေ။ တရားထိုင်ဖို့ ဆိုလျှင် လူကြီးတွေတောင် စိတ်ကူးမရှိ။ အခုတော့ သူတို့ ကိုယ်တိုင်က အကျိုးရှိမဲ့အလုပ်ကလေးတွေ မိဘတွေ မတိုက်တွန်းရဘဲ လုပ်ချင်လာကြသည်။ အလုပ်ကလေး တပိုင်းတစ လုပ်နေတဲ့ကလေးတွေတောင် ခွင့်ယူပြီးတက်မယ်လို့ ပြောလာကြ၏။ ကြည့်စမ်း၊ သူတို့ စိတ်ဓာတ်ကလေးတွေ ဘယ့်လောက် ချစ်စရာ ကောင်းသလဲ။ ဟုတ်တယ်လေ။ မြတ်စွာဘုရားက သလ္လေခ သုတ်ထဲမှာ “ကုသိုလ်တရားများကို စိတ်ကူးမိရုံနှင့်ပင် အလွန် ကျေးဇူးများလှပေ၏။ ကိုယ်နှုတ်တို့ဖြင့် ပြုလုပ်လျှင်ကား ဘယ်မှာဆိုဖွယ်ရာ ရှိတော့အံ့နည်း” ဟု ဟောထားသည် မဟုတ်ပါလား။ သူတို့ကျောင်းကို လာချင်တဲ့စိတ်ကလေး ရှိတာနှင့်တောင် လေးစားဖို့ ကောင်းနေပြီ။ ဒါသည်ပင် စာရေးသူကို သင်တန်း မြန်မြန်စဖြစ်ဖို့ ဧရာမ တွန်းအားကြီးတစ်ရပ် ဖြစ်သွားတော့၏။ ကိုယ်ကတောင် လူငယ်လေးတွေကို ဖျောင့်ဖျမြူဆွယ်ရအုံးမည်။ ခုလို သူတို့က လိုလိုလားလား တောင်းဆိုလာမှတော့ ကိုယ့်ဘက်က ဘယ်လိုအခြေမျိုးရှိနေသည် ဖြစ်စေ၊ ဖြစ်အောင်ကို လုပ်ပေးရပေတော့မည်။

လွန်လေပြီးသော ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး၏ သြဝါဒကို လိုက်နာ ဆောင်ရွက်သောအားဖြင့် လည်းကောင်း၊ အထက်က ဆိုခဲ့ပြီးသည့် အကြောင်း အရပ်ရပ်ကြောင့် လည်းကောင်း လူငယ်လေးများအတွက် Youth Winter Retreat ကို ၂ဝ၁ဝ-ခုနှစ် ဒီဇင်ဘာလ ၂၂-ရက် နေ့မှ ၂၅-ရက်နေ့ အထိ ပြုလုပ်နိုင်ခဲ့ပေသည်။ ပထမဆုံးသင်တန်း ဖြစ်၍ ၁၅-ယောက်လောက်သာ မှန်းထားသော်လည်း ၂၉-ယောက် စာရင်းသွင်းပြီး၊ ၂၄-ယောက် တက်ရောက်လေ့လာခဲ့ကြ၏။

သင်တန်းမှာ ကလေးတွေ နံနက် ၆-နာရီထပြီး ၆-နာရီခွဲမှာ ဘုရားဝတ်တက် တရားထိုင်၊ ၇-နာရီမှာ နံနက်စာစားရ၏။ ၈-နာရီခွဲက ၉-နာရီခွဲတစ်ကြိမ်၊ ၁ဝ-နာရီက ၁၁-နာရီ တစ်ကြိမ်၊ နံနက်ပိုင်း ဒီနှစ်ချိန်မှာ Mr. Li Chan က သမထနှင့် ဝိပဿနာကမ္မဋ္ဌာန်းများအကြောင်း သင်ကြားပို့ချပြီး လက်တွေ့လည်း ကျမ်းရှိအတိုင်း တရားရှုမှတ်နည်း သင်ပေး၏။ ဒီဆရာ ကတော့ ထောင်ကျနေသည့် လူငယ်များကို စိတ်ထားတည်ငြိမ်ပြီး စာရိတ္တပြန်လည် ကောင်းမွန်ရေးအတွက် သင်ကြားပေးနေသည့် ဆရာ ဖြစ်၍ သင်ကြားမှုပိုင်းမှာ အင်မတန် ကျွမ်းကျင်လှပေသည်။ လိုအပ်သည့် နေရာများတွင် ဗွီဒီယို မှတ်တမ်းများ၊ သတင်းမှတ်တမ်းများ၊ ဓာတ်ပုံများဖြင့် ပြည့်ပြည့်စုံစုံ စိတ်ဝင်စားဖွယ်ရာ သင်ကြားသွားပေသည်။

နေ့လည်ပိုင်းအတန်းကို ၁နာရီမှ ၂နာရီခွဲတကြိမ်၊ ၃နာရီမှ ၄နာရီတကြိမ်၊ ဒီနှစ်ကြိမ်မှာ Ms. Sarah Marks က Funda¬mentals of Buddhism ကို သင်ကြားပို့ချပေး၏။ တချို့လေ့လာပြီးသော အပိုင်းများကို အမေးအဖြေ သဘောမျိုးဖြင့် ခပ်သွက်သွက် သင်ကြားသွားပေသည်။ သင်တန်းဆရာက ဓမ္မာနန္ဒဆရာတော်ကြီး၏ တပည့်ရင်းဖြစ်ပြီး တရား သင်တန်းပေါင်း မြောက်မြားစွာ၊ တရားစခန်းပေါင်း မြောက်မြားစွာ လေ့လာသင်ယူ အားထုတ်ထားသူမို့ ကျမ်းဂန်များစွာမှ ဗဟုသုတ ဖြစ်ဖွယ်ရာများကို မိမိကိုယ်တွေ့ အတွေ့အကြုံများနှင့်တွဲကာ သင်ကြားသွားပေသည်။

စာရေးသူကတော့ ၂၅-ရက်၊ စနေနေ့ မနက်ပိုင်းအချိန်တွင် Buddhist Traditional Ceremonies များ အကြောင်း သင်ကြားပို့ချပေးခဲ့၏။ “ခရစ်စမတ် ဘယ်နေ့လဲ” မေးလျှင် လူတိုင်း သိသော်လည်း “ဗုဒ္ဓနေ့ ဘယ်နေ့လဲ” မေးလျှင် သိတဲ့လူ မရှိသလောက်ပင်။ ထို့ကြောင့် ဗုဒ္ဓနေ့ အကြောင်းကို ကမ္ဘာ့ ဗုဒ္ဓဘာသာနိုင်ငံများတွင် သူတို့ရိုးရာ ထုံးတမ်းများနှင့် အညီ ကျင်းပပုံအကြောင်း အကျယ်တဝင့် ရှင်းပြပေးခဲ့၏။ နောက်ထပ် ဗဟုသုတအဖြစ် သိစရာကောင်းသော မွေးနေ့ပွဲအကြောင်း၊ အိမ်တက် အကြောင်း၊ ကွယ်လွန်သူ ဆွေမျိုး မိဘများအတွက် အမျှဝေပုံ အကြောင်းများကို နောက်ခံ ဇာတ်လမ်းများနှင့်တကွ အကျယ် ရှင်းပြပေးခဲ့၏။ ကွယ်လွန်သူအတွက် အမျှဝေပုံများကို စိတ်ဝင်တစား မေးမြန်းခဲ့ကြ၏။

ဒါတွေ သင်ပေးရတာလဲ အကြောင်းရှိ၏။ အခမ်းအနားတွေ လုပ်တိုင်း၊ သာရေးနာရေးပွဲတွေ လုပ်တိုင်း ကလေးတွေ ပါလာသော်လည်း ဗမာလို တရားဟောတော့ မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်နေသည်ဆိုသည်ကို သူတို့ နားမလည်ကြရှာပေ။ နားမလည်တော့ နောင်ခါ ပွဲလုပ်တိုင်း ကလေးတွေက လူကြီးတွေ အနား မလာကြတော့ပေ။ မလာတော့ ပိုလို့ နားမလည်တော့ပေ။ ဝေးပြီးရင်း ဝေးရင်။ ကျွန်ုပ်တို့က သူတို့ကို ဘေးထုတ် အလေးမထားသလို ဖြစ်နေတော့၏။ သူတို့ကြီးလျှင် ဗုဒ္ဓဘာသာ ထုံးတမ်း စဉ်လာတွေ ပျောက်ကွယ်မည်မှာ သေချာနေတော့၏။ အမေအဖေ သေလို့ပင် အမျှဝေရကောင်းမှန်း သိတော့မည်မဟုတ်။ အမှန်တကယ် စဉ်းစားကြည့်လျှင် ကျွန်ုပ်တို့လူကြီးများ ကိုယ်တိုင်ပင် ကိုယ့်မျိုးဆက် ကိုယ်ဖြတ်သလို ဖြစ်နေ၏။ သို့ပါ၍ ဘာသာရေး ရိုးရာ အစဉ်အလာတွေ လက်ဆင့်ကမ်း သယ်ဆောင်သွားစေနိုင်ဖို့ သင်ကြားပေးရခြင်းပင် ဖြစ်၏။

ညပိုင်းမှာတော့ ၆-နာရီမှ ၇-နာရီ အားလုံး စုပေါင်း တရားထိုင်ရ၏။ အလေ့အကျင့် မရှိသေးလို့ လှုပ်စိလှုပ်စိ ရှိသော်လည်း ဆရာသမားကို လေးစားသောအားဖြင့် တစ်နာရီ ပြည့်အောင် ထိုင်ကြရှာပေသည်။ တရားထိုင်ပြီး ၁၅-မိနစ် နားချိန်ပေးကာ ၇-နာရီ မိနစ်၂ဝ မှ ၈-နာရီခွဲ အထိ လူငယ်နှင့် ဘာသာရေး အကြောင်းအရာများကို ဆွေးနွေးကြရပေသည်။ ထိုအချိန်တွင် ချပေးသော ခေါင်းစဉ်များအလိုက် အုပ်စုဖွဲ့ ဆွေးနွေးအဖြေရှာခြင်း၊ အကြံပေး တင်ပြခြင်း၊ သိလိုသည်များကို မေးမြန်းခြင်း၊ အတွေ့အကြုံများ နှီးနှောဖလှယ်ခြင်း စသည်များ ပြုလုပ်ကြရပေသည်။ ထိုအချိန်သည် ကျောင်းသားများ ကိုယ်တိုင် အုပ်စုဖွဲ့ ကာ ပါဝင်ဆွေးနွေးရ၍ သူတို့အကြိုက်ဆုံး အချိန်ဖြစ်ပေသည်။ အချိန်စေ့၍ တခါတလေ မနည်း အဆုံးသတ်ခိုင်းရ၏။ ဆွေးနွေးပွဲတွင် ဆူညံနေသော သူတို့ပြောဆိုသံများသည် စိတ်မဝင်စားသူများအဖို့တော့ ‘လက်ပံပင် ဇရက်ကျသလိုဘဲ’ဟု ပြောကောင်း ပြောမည်။ သို့သော် စာရေးသူအဖို့တော့ သူ့အမြင်ကိုယ့်အမြင်တွေကို အသံလွင်လွင်ကလေးတွေနှင့် ငြင်းခုံနေကြတာဟာဖြင့် နံနက်ခင်း အိပ်တန်းထလာတဲ့ ငှက်ကလေးတွေ အသံချိုချိုနှင့် သီချင်းဆိုနေသလိုမျိုး ခံစားနေမိ၏။

ပထမဆုံးအကြိမ် လူငယ်များအတွက် ဆောင်းရာသီ ဓမ္မသင်တန်းနှင့် တရားစခန်းကို ဒီဇင်ဘာ ၂၅-ရက်၊ စနေနေ့ နေ့လည် ၂-နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပေသည်။ ပထမဆုံးအကြိမ် ဖြစ်၍ လိုသည် ပိုသည်လေးများကိုလည်း တွေ့ရပေသည်။ မည်သို့ဆိုစေ၊ ထိုစခန်း ဖြစ်မြောက်အောင် ဦးဆောင် လမ်းညွှန်ပေးသည့် ဆရာတော်များ၊ အဖက်ဖက်က ဝိုင်းဝန်း ထောက်ပံ့ လှူဒါန်းခဲ့ကြသူများ၊ အားလပ်ရက်တွင် ဘယ်မှ ခရီးမထွက်ဘဲ ဝေယျာဝစ္စ လုပ်အား လာပေးသူများ အားလုံးကို ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts