>Myo Myint Cho – Me and Nyo Mya – Interogated

>

ကျနော်နှင့် ညိုမြ
မျိုးမြင့်ချို
ဒီဇင်ဘာ ၃၁၊ ၂၀၁၀
ဦးညိုမြ လက်ဘက်ရည်ဆိုင် ထိုင်လေ့ရှိမရှိနှင့် လက်ဘက်ရည် ကြိုက်မကြိုက်ကို ကျနော် အသေအချာ မပြောနိုင်ပါ။ သူနှင့်ရင်းနှီး ကျွမ်းဝင်ဖို့မဆိုနှင့် လူချင်းတောင် တခါမှ မတွေ့ဖူးပါ။ သြော် … ဒါဆို … ဦးညိုမြကိုများ “ကျနော်နှင့်ညိုမြ” ဆိုတဲ့ခေါင်းစဉ်နဲ့ နင်တလုံး ငါတလုံး ပြောရအောင် မင်းက ဘာကောင်မို့လို့လဲ စသဖြင့်.. ထင်စရာရှိပါသည်။ တကယ်တော့ ကျနော် သူနှင့် အမှန်ပင် အဆက်အစပ် အပတ်အသက် ရှိခဲ့ဖူးပါသည်။
ဒုတိယအကြိမ် ရေကြည်အိုင်ကို ပြန်ရောက်တော့ ၄၈၂၈ အမှုတွဲများတွင် ကျနော်က နောက်ဆုံး အဖမ်းခံရသူဟု ထင်မိပါခဲ့သည်။ သို့သော် ထိုအထင် မမှန်ကြောင်းကို ကိုဗေဒါ (ခေါ်) ကိုမောင်မောင်အေးနှင့် အဖမ်းခံရက်တွေ အကြောင်း စကားစပ်မိတော့မှ သိလိုက်ရပါသည်။ ထားတော့။ ကျနော်ပြောချင်သည်က အဖမ်းခံရစောခြင်း/နောက် ကျခြင်း အကြောင်း မဟုတ်ပါ။ ညိုမြ အကြောင်း ဖြစ်ပါသည်။
ကျနော့်ကို စစ်ကြောရေးမှာထားပြီး မေးသည်။ မြန်းသည်။ စစ်ကြောရေးလုပ်သည်။ “နှိပ်စက်ညှဉ်းပမ်းခြင်း” ဆိုသည့် ဝေါဟာရ အစား အခြားတခုခုရှိလျှင် အပြောင်းအလဲလေး ဖြစ်အောင် သုံးချင်ပါသည်။ “နောက်ဆုံးလူမို့ သူခိုး ရိုးစရာ” လည်း မကျန်တော့ပါ။ သို့နှင့်တိုင် မောင်မင်းကြီးသားများက အားမရ။ ကြံဖတ်မှသကြားချက်လို့ ရသေးသည်ဟု ထင်နေပုံပေါ်သည်။
တနေ့၊ ည ၁၀ နာရီလောက် ရှိမည် ထင်သည်။ ကျနော့်ကို စစ်ကြောရေးအခန်းသို့ ခေါ်ထုတ်လာပြီးနောက် အရာရှိဖြစ်ဟန် ရှိသူ တယောက်က “မင်း…သိန်းတင်ကို သိလား” ဟု ထပ်တလဲလဲ မေးသည်။ ကျနော်က မသိကြောင်း ဖြေသည်။ သူက မကျေနပ်။ “မင်းနဲ့ သိန်းတင် ဘယ်နေ့ ဘယ်အချိန် ဘယ်လက်ဘက်ရည်ဆိုင်မှာ ဆုံခဲ့တယ်.. ဘာတွေပြောခဲ့ကြတယ် ဆိုတာ ငါတို့ အကုန် သိထားပြီးသား. ပြော..မပြောရင် နာမယ်”ဟု ကြိမ်းသည်။ ကျနော်ကလည်း မသိကြောင်း၊ မဟုတ်ကြောင်းသာ တွင်တွင်ငြင်းသည်။ နောက်တော့ သူ စိတ်တိုလာပြီး သူ့လူများအား တခုခု အချက်ပြလိုက်ပုံရသည်။ ကျနော့်လည်း လူစင်စစ်မှ ငါးဖယ်ဖြစ်သွားသည်။
အတေခံနေစဉ်မှာပဲ..
“မင်း ဆွေထဲ မျိုးထဲမှာ၊ မင်းသူငယ်ချင်းတွေထဲမှာ၊ မင်းနဲ့ နိုင်ငံရေး လုပ်ကြတဲ့သူတွေထဲမှာ၊ မင်းအသိ တွေထဲမှာ သိန်းတင်ဆိုတဲ့ နာမည်နဲ့ကောင် တကောင်ကောင်တော့ ရှိကိုရှိရမယ်..ပြောပါ.. မင်း အခု မပြောလည်း နောက်တော့ ပြောလာရလိမ့်မယ်…မင်းတို့လို ကိုင်းဖျားကိုင်းနားတွေ မပြောနဲ့ မင်းတို့ဆရာကြီးတွေတောင် ဒို့ရှေ့ရောက်ရင် အကုန် အန်ထုတ် ပေးသွားကြရချည်းပဲ..ကဲ..ပြောတော့” တဲ။့
နောက်ဆုံး ကျနော်လည်း မခံနိုင်တော့။
“ကျနော်သိတဲ့ သိန်းတင်တယောက်တော့ ရှိပါတယ်”
ဟု ပြောလိုက်ရတော့သည်။
လူလည်း ကုလားထိုင်ပေါ် ပြန်ရောက်လာသည်။
“အဲလိုလုပ်စမ်းပါကွာ… ဟေ့ကောင်တွေ ရေလေး ဘာလေး တိုက်လိုက်”
ဟု စကားသံအဆုံးမှာ ကျနော်ရေတခွက်ရသည်။
“ကဲ…ပြော.. အခု အဲဒီ သိန်းတင် ဘယ်မှာလဲ..”
ကျနော်က…
“အဲဒါတော့ ကျနော် မပြောတတ်ဘူး…”
“ဒါဆိုလည်း မင်းသိသမျှပြောကွာ” ဟုပြောပြီး ခေါင်းစွပ်လည်း ချွတ်ပေးခိုင်းပါသည်။
“ကျနော်သိတဲ့ သိန်းတင်က ညိုမြပါ..” ကျနော့်စကား မဆုံးသေး၊
“အေး..ငါတို့လည်း သိတယ်။ ငါတို့လည်း သိတယ်..အဲဒီ ညိုမြဆိုတဲ့ ကောင်ကို.. အဲဒီ ယူဂျီကောင်တွေ နာမည်အမျိုးမျိုး မှတ်ပုံတင်အမျိုးမျိုး ကိုင်ထားတာ.. ဟုတ်ပြီ ဆက်ပြော..”
ဆိုတော့ ကျနော်က ဆက်ပြော သည်။
“သူ..သေတာကြာပါပြီ”
“ဘယ်သူ သတ်လို့လည်း”
“ဘယ်သူမှမသတ်ပါဘူး.. သူ့ဟာ သူသေတာပါ..”
“ဘယ်တုန်း လောက်ကလဲ…”
“ကျနော်လည်း အသေချာတော့မမှတ်မိတော့ပါဘူး..ကြာတော့ကြာပြီ”
“ခွေးမသား..လုပ်လာပြန်ပြီ.. ဟေ့ကောင်တွေ…”
ဟု ဆိုသည့် စကားသံပင် မဆုံးလိုက်… ငါးဖယ်ဖြစ်သွားပြန်သည်။
ကျနော်က..
“တကယ်ပြောတာပါဗျာ.. သူ သေပါပြီ…သူက နတ်ဝါသနာပါလို့ သူ့မိတ်ဆွေတချို့က သူသေတော့ နတ်ဖြစ်ပါစေတော့ဆိုပြီး သံလျင်ကျောက်တန်းဘက်မှာ သူ့ အတွက် နတ်ကွန်းလေးတောင် ဆောက်ထားပေးတယ်လို့ ကြားဖူးပါတယ်”
ဆိုကာ ဗလုံးဗထွေးတွေ ပြန်ဖြေနေသည်။
နောက်တော့ ဘာတွေဆက်ဖြစ်လည်း ကျနော်မသိတော့။
တရေးနိုးတာလိုလို ဘာလိုလို အိပ်ချင်မူးတူးဖြင့် ပြန်နိုးလာတော့ ကျနော့်အခန်းလေး ထဲ ပြန်ရောက်နေသည်။ လူလည်း နာကျင်နေသည်။
ထိုနေ့မှာပဲ စစ်ကြောရေးကနေ ထောင်သို့ပို့သည်။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ထောင်ထဲမှာ အခြားသူတွေလို ကျနော်လည်း စစ်ကြောထပ်ခံရပါ၏။ သို့သော် သိန်းတင်အကြောင်း မေးလည်းမမေး။ ပါလည်းမပါတော့။ ကျနော်ကသာ ထို သိန်းတင်ကို သိချင်နေသည်။
နောက်တော့ စစ်ဗိုလ်ကြီး ၃ ဦးနှင့်ဖွဲ့ထားသည့် နွားထီး ၅ ကျပ် နွားမ ၅ ကျပ်၊ ၅ မိနစ် တရားသို့ ရုံးတင်သည်။ တရားခွင်မှာ တရားလိုထောက်လှမ်းရေးအရာရှိက တရားသူကြီးများအား ဖတ်ပြသည့် စွဲချက်များထဲတွင်.. ကျနော်နှင့်သိန်းတင် ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်က ဘယ်လက်ဘက်ရည်ဆိုင်တွင် ဆုံပြီး အစိုးရဆန့်ကျင်ရေးတွေ၊ ယူဂျီလုပ်ငန်းတွေ တိုင်ပင်ကြသည်…။ ကျနော့်ကို သိန်းတင်က ဘာညွှန်ကြားချက်တွေပေးပြီး တောထဲပြန်သွားသည်…။ မပြန်ခင်မှာ ကျနော့်ကို သူ့ကျန်းမာရေးလည်း မကောင်းတော့ကြောင်း… တရားထိုင် တရားမှတ်တွေလုပ်နေကြောင်း ပြောသွားခဲ့သည် … စတာတွေပါလာတော့မှ ကျနော်လည်း သဘောပေါက်တော့သည်။ ကျနော် ရယ်ချင်နေသည်။ မရယ်ရဲ။
ဦးညိုမြခမျာ လက်နက်ကိုင်တော်လှန်သည့် ကွန်မြူနစ်တစ်ဦး ဖြစ်ခဲ့ရရုံမျှမကသေး ကျနော့်ကို အစိုးရဆန့်ကျင်ရေးနှင့် ယူဂျီ (မြေအောက်တော်လှန်ရေး) လုပ်ငန်းသဘောတရားများ ပို့ချခဲ့သည့်အပြင် ဘယ်ကနေဘယ်လို တရားထိုင် တရားမှတ်ရင်း နတ်ဇာတ် အသွင်းခံရမှန်းလည်းမသိ အသွင်းခံလိုက်ရသေးသည်။
ကျနော်တို့ကား တရားလက်ကိုင်မရှိသူတို့၏ ဓါးမ(ဒါးမ)အောက်တွင် လက်ဘက်ရည်ဆိုင် အတူ ထိုင်ဖက်များ။

( ၁၉၈၅ခု စက်တင်ဘာလ ၂၉ရက်နေ့တွင် မြန်မာပြည်၏ စာနယ်ဇင်းအကျော်အမော်၊ စာရေးဆရာကြီး ဦးညိုမြ (လူအမည် – ဦးသိန်းတင်) ကွယ်လွန်ခဲ့ပြီးဖြစ်သည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts