>Myanmar Press Award blocked by Burmese Regime

>

မြန်မာသတင်းဆုပေးပွဲ ၂၀၁၀ မလုပ်ဆောင်ရန် တားမြစ်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၂၉၊ ၂၀၁၀

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်ကျင်းပရန် စီစဉ်ထားသည့် မြန်မာသတင်းဆုပေးပွဲကို မလုပ်ဆောင်ရန် ပွဲစီစဉ်သူအချို့အား နာမည်ဆိုးဖြင့်ကျော်ကြားသည့် မြန်မာနိုင်ငံ စာပေစိစစ်ရေးက ခေါ်ယူ ပြောဆိုခဲ့ခြင်းကြောင့် ရွှေ့ဆိုင်းလိုက်ရသည်ဟု မီဒီယာ အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။

မကြာမီရက်ပိုင်းအတွင်း သတင်း၊ သတင်းဓါတ်ပုံနှင့် ကာတွန်း အစရှိသည့် မြန်မာသတင်းဆုပေးပွဲ ကျင်းပမည်ဟု ပြည်တွင်း သတင်းနှင့် မီဒီယာနယ်ပယ်မှ ဦးဆောင်သူတို့က အသိပေးခဲ့သည်။ ဦးဆောင်သူ ငါးဦးမှာ ဦးရဲနိုင်မိုး၊ ဦးကျော်ရင်မြင့်၊ ဦးစိုးဝင်းငြိမ်း၊ အော်ပီကျယ်နှင့် ညီပုလေးတို့ ဖြစ်သည်ဟု သိရသည်။

Myanmar Press Award ဟု အမည်ပေးထားသည့် ယခုနှစ်အတွင်း ပြည်တွင်းသတင်းမီဒီယာပေါ်မှ အကောင်းဆုံး လက်ရာများအား ဆုချီးမြှင့်မည့် အစီအစဉ်ကို ကျင်းပရန် ရက်ပိုင်းအလိုတွင် မြန်မာစစ်အစိုးရ၏ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနလက်အောက်မှ စာပေစိစစ်ရေးက ခေါ်ယူပြီး ကျင်းပခြင်း မပြုရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သတင်းမီဒီယာ စတင်ထွန်းကားလာပြီး ၁၀ နှစ်ဝန်းကျင်အကြာတွင် သတင်းဆုပေးပွဲကျင်းပရန် ပြည်တွင်းမှ သတင်းမီဒီယာ သမားအချို့က စီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အစိုးရက ဦးစီးပြီးဖွဲ့စည်းထာသည့် မြန်မာနိုင်ငံ စာနယ်ဇင်း အဖွဲ့၏ ဦးဆောင်မှုကို ခံယူခြင်းမရှိသည့်အချက်နှင့် ပုဂ္ဂလိက သတင်းမီဒီယာ၏ သီးခြားရပ်တည်မှုကို ပေါ်လွင်စေသည့် အဖြစ်ကြောင့် စစ်အစိုးရက တားမြစ်ခဲ့ခြင်း ဖြစ်ဟန်တူသည်ဟု သတင်းအယ်ဒီတာတဦးက သုံးသပ်ပြောဆိုသည်။

အဆိုပါ မြန်မာသတင်းဆုကို ဇန်န၀ါရီလလယ်သို့ ရွှေ့ဆိုင်းလိုက်သည်ဟု စီစဉ်သူများအနက် တဦးဖြစ်သူ ဦးရဲနိုင်မိုးက သူ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖေါ်ြုပထားသည်။ မြန်မာနိုင်ငံသည် သတင်းမီဒီယာကို ထိန်းချုပ်မှု အဆိုးဆုံးနိုင်ငံများအနက် ပါဝင်သည့် နိုင်ငံတနိုင်ငံဖြစ်ပြီး ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာ အတွက် လုပ်ကိုင်သူများကို တွေ့ရှိသည့်အခါ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးသည့် နိုင်ငံလည်း ဖြစ်သည်။

မြန်မာနိုင်ငံကို ၂၂ နှစ်ကြာချုပ်ကိုင်ထားခဲ့သည့် စစ်အာဏာရှင် ခေါင်းဆောင်များက ဦးစီးကျင်းပသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို လွန်ခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့တွင်ပြီးစီးခဲ့သော်လည်း မြန်မာ သတင်းမီဒီယာလောက အနေဖြင့် လွတ်လပ်စွာ သတင်းယူခွင့် ဖေါ်ပြခွင့်မရရှိသေးဘဲ မည်သည့် ထုတ်ဝေမှုမျိုးမဆို စာပေစိစစ်ရေးကို ရှေးဦးစွာတင်ပြပြီးမှ ထုတ်ဝေနေရသည့် အခြေအနေလည်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts