>Regime tightening Association regulation & license fee 200 folds

>

အသင်းအဖွဲ့ဖွဲ့စည်းခွင့်တင်းကြပ်၊ သက်တမ်းတိုးကြေး တိုးမြှင့်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၂၁၊ ၂၀၁၀
          ပြည်ထဲရေး ၀န်ကြီးဌာနတွင် မှတ်ပုံတင်ကြရသည့် အသင်းအဖွဲ့အများစု၏ သက်တမ်းထပ်မံမတိုးပေးပဲ ဆိုင်းငံ့ထားသည်မှာ ၂ နှစ်ခန့်ရှိပြီး ယခုနှစ်တွင် သက်တမ်းတိုးခွင့်ရသည့် အသင်းအဖွဲ့များ၏ သက်တမ်းတိုးကြေးကိုလည်း နဂိုကျပ် ၅၀၀မှ ၁ သိန်းကျပ်သို့တိုးမြှင့်လိုက်သည်ဟု ရန်ကုန်အခြေစိုက် မြို့နယ်အသင်းမှ အမှုဆောင်တဦးကပြောသည်။
          ထိုသို့ ၅၀၀ ကျပ်မှ ၁ သိန်းသို့ အဆ ၂ရာ ထိ တိုးမြှင့်လိုက်ခြင်းမှာ အသင်းအဖွဲ့များဖွဲ့စည်း လုပ်ဆောင်နေခြင်းကို မလိုလားသည့် သဘောနှင့် ရပ်တည်ရန်ခက်ခဲအောင် ဘဏ္ဍာရေးအရ ထိုးနှက်ခြင်း ဖြစ်နိုင်သည်ဟု မြို့နယ်အသင်းမှ အမှုဆောင်ကပြောသည်။
          သူက ဆက်လက်ပြောရာတွင် “လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင် (ရွှေဝါရောင် တော်လှန်ရေး အပြီး)  အသင်းမှတ်ပုံတင်တွေအားလုံးကို သက်တမ်းတိုးရပ်ဆိုင်းထားလိုက်တာ မြို့နယ်အသင်းတွေရော၊ ဘိုးဘွားရိပ်သာ ဂေါပကအဖွဲ့လိုရော ၊ ဘာသာရေး ဆိုင်ရာအသင်းတွေရော အားလုံးပါတယ်။ အဲဒီအထဲမှာ ပထမဆုံး တိုးပေးလိုက်တာက ကျော်သူတို့ရဲ့ နာရေးကူညီမှု အသင်းပါ၊ အဲဒီနောက် မတိုးပေးပဲ ဒီအတိုင်း ထားထားတာ။ မနှစ်ကမှ ကျွန်တော်တို့မြို့နယ်အသင်း အပါအ၀င် သုံးပုံတပုံလောက်ကို သက်တမ်းတိုးပေးတယ်။ နှင်းဆီကုန်းဘိုးဘွားရိပ်သာ အသင်းလိုမျိုးတောင် မကျသေးဘူးကြားတယ်´´လို့ဆိုပါတယ်။
          အချို့သော ဘာသာရေး ဆိုင်ရာအသင်းအဖွဲ့များကို သက်တမ်းတိုးမပေးသော်လည်း နားလည်မှုဖြင့် ဆက်လက်လုပ်ဆောင်နိုင်သည်ဟု အလွတ်သဘောဖြင့် အသိပေးထားသည်ဟုလည်း သိရှိရသည်။ စစ်အစိုးရ အနေဖြင့် အသင်းအဖွဲ့တဖွဲ့ကို ဖျက်သိမ်းခြင်း သို့မဟုတ် အရေးယူလိုပါက ၄င်းတို့အနေဖြင့် အလွယ်တကူလုပ်ဆောင်နိုင်ဖို့ ပြင်ဆင်ထားခြင်း ဖြစ်သည်ဟု အသင်းအမှုဆောင်က ရှုမြင်သည်။
          မြန်မာနိုင်ငံတွင် လွတ်လပ်သည့် အလုပ်သမား အခွင့်အရေး ဆိုင်ရာ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း တခုကိုမျှ တရားဝင်ဖွဲ့စည်းခွင့် မပြုသည့်အတွက် အလုပ်သမားများ၏ ရပိုင်ခွင့် လူ့အခြေခံရပိုင်ခွင့်များ အတွက် ကူညီလုပ်ဆောင်ပေးမည့် အဖွဲ့အစည်းမရှိသည့် အပြင် ဘာသာရေး၊ လူမှုရေးဆိုင်ရာ အသင်းအဖွဲ့များကိုပါ ဖွဲ့စည်းခွင့် တင်းကြပ်ထားခြင်း၊ ရှိပြီးသားအဖွဲ့များတွင် အစိုးရအာဏာပိုင်နှင့် ဆက်နွယ်သူများအား အတင်းထည့်သွင်းနေရာယူစေခြင်း နည်းများဖြင့် စစ်အစိုးရအာဏာကို ခိုင်မြဲအောင် လုပ်ဆောင်လျက်ရှိသည်ဟု ဝေဖန်သူများက ထောက်ပြကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts