>No torch in NPD!

>

သတိ လက်နှိပ်ဓါတ်မီးမဆောင်ရ
ဝင်းမြတ်၊ ရန်ကုန်
ဒီဇင်ဘာ ၂၂၊ ၂၀၁ဝနေပြည်တော်ဘူတာ၊ မတ်လ ၂၀၁၀ (photo-getty images)

လက်နှိပ်ဓါတ်မီး ဆောင်ထားတယ် ဆိုရင်တော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းဖို့ နေပြည်တော် ဘူတာကနေ သင့်ကို စောင့်ကြိုနေမှာပါ။

ဒီရက်ပိုင်းအတွင်းမှာ ဗုံးဖောက်ခွဲ တိုက်ခိုက်နိုင်တယ်လို့ စစ်အစိုးရက ယုံကြည်တာကြောင့် နေပြည်တော် ဘူတာမှာ တင်းကြပ်စွာ စစ်ဆေးနေပြီး သံသယရှိဖွယ် ပစ္စည်းတွေကို သိမ်းဆည်းနေပါတယ်။

အဲဒီအထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေ သတိအထားဆုံးကတော့ လက်နှိပ်ဓါတ်မီးတွေပဲလို့ ရထားစီး ခရီးသည်တွေက ပြောကြပါတယ်။

`ရထားပေါ်မှာလည်း မီးကလည်း ကောင်းကောင်း လင်းတာ မဟုတ်။ ရန်ကုန်ရောက်ရင်လည်း လမ်းတိုင်းမှာ မီးက လင်းတာ မဟုတ်။ လက်နှိပ်ဓါတ်မီးတွေကို ဗုံးလုပ်နိုင်တယ် ဆိုပြီး အကုန် သိမ်းတော့တာပဲ´ လို့ ဓါတ်မီး အသိမ်းခံခဲ့ရတဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။

ခရီးသည်တွေကို အမျိုးသား၊ အမျိုးသမီး နှစ်တန်း ခွဲပြီး ခရီးဆောင်အိတ်တွေကို ဖွင့်ကြည့် စစ်ဆေးခြင်းနဲ့ ခန္ဓာကိုယ် အနှံ့ ရှာဖွေ စစ်ဆေးတာတွေ လုပ်တာကြောင့် ခရီးစဉ် နှောင့်နှေးပြီး စိတ် အနှောက်အယှက် ဖြစ်ကြရတယ်လို့ ခရီးသည်တွေက ဆိုပါတယ်။

`လုံခြုံရေးအတွက် စစ်ဆေးနေပါတယ်။ ကြည်ဖြူစွာ ခံယူပါ လို့ ပြောတယ်။ ခရီးသည်တွေ လုံခြုံရေးလား သူတို့အတွက် လုံခြုံရေးလား ဆိုတာတော့ သူတို့ပဲ သိမှာပါ။ တကယ် ဗုံးဖောက်မယ့်သူက ဓါတ်ခဲ အကြီးကြီးတောင် မလိုဘူး။ ဟန်းဖုန်းနဲ့တောင် အလုပ်ဖြစ်တယ်´ လို့ ခရီးသည် တစ်ဦးက ၄င်းရဲ့ ခံစားချက်ကို ပြောပါတယ်။

၂၀၁၀ သင်္ကြန်ကာလအတွင်း ကန်တော်ကြီးပတ်လမ်းက X2O ရေကစားမဏ္ဍပ်မှာ ဖောက်ခွဲခဲ့တဲ့ ဗုံးများဟာ ဟန်းဖုန်းကို အခြေခံပြီး ပြုလုပ်ခဲ့တယ် ဆိုတာကြောင့် အခုလို ဓါတ်မီးနဲ့ ဓါတ်ခဲများ သိမ်းဆည်းတာဟာ ပြည်သူတွေ လုံခြုံရေးအတွက် အမှန်တကယ် လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ ခရီးသည်တွေက ယူဆကြပါတယ်။

နေပြည်တော်ဘူတာမှာ သိမ်းဆည်းထားတဲ့ လက်နှိပ်ဓါတ်မီးတွေ ရာဂဏန်းနဲ့ချီပြီး တွေ့ခဲ့ရတယ်လို့ လက်နှိပ်ဓါတ်မီး ပြန်သွားတောင်းခဲ့တဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts