>Yan win (Taung Da gar) – Myinn Khinn Taw

>

ခွာသံချင်းယှက် ဂေါက်ဂက် ဂေါက်ဂက် ဘယ်ညာမြိုင်မြိုင်ချီ

ရန်ဝင်း (တောင်တံခါး)
ဒီဇင်ဘာ ၁၉၊ ၂၀၁၀

“ဗမာ့တံခွန်ထူချိန်စည်
ခွာသံချင်းယှက်

ဂေါက်ဂက် ဂေါက်ဂက်

ဘယ်ညာမြိုင်မြိုင်ချီ”

(မူကွဲ၊ ဘယ်ညာသံမြိုင်ညီ)

မြင်းခင်းတော်၊ မြို့မငြိမ်း

ခွာညိုပန်းတွေ ဝေဝေဆာဆာပွင့်ကြပြီး ငွေနှင်းမှုန်မှုန်နဲ့ အေးချမ်းတဲ့ရာသီ ပြာသိုလမှာ ရှေးအခါက မြင်းခင်းသဘင် ဆင်ယင်ကျင်းပကြတယ်။

“သည်ဆောင်းဟေမာန်
မြောက်ပြန်လေညင်း ဆော်တယ်ကို

နတ်တော် ပြာသို၊ ခွာညိုတည့် နှင်းဖုန်ဖုန်”

သည်ဆောင်းဟေမာန်၊ ဂီတနက်သန် ကိုစောညိန်း

“ငွေနှင်းမှုန်ရီ၊ ဝေဝေစီ
မြောက်လေဆော်သွေး၊ အေးတဲ့လရာသီ၊ သမယအခါဆီ

ပြာသိုခွာညို ညှာစိုစိမ်းလဲ့လန်း”

မြင်းခင်းတော်၊ မြို့မငြိမ်း

မြင်းစီးသူရဲကောင်းကြီးတွေက မြင်းခင်းသဘင်မှာ မြင်းရေး သုံးဆယ့်ခုနှစ်သွယ်ကို စီးပြကြတယ်။ ဓားရေး၊ အဲမောင်းလှံရေး စွမ်းရည်အမျိုးမျိုးတွေကိုလည်း ပြကြတယ်။

“စီးနည်း သုံးဆယ်၊ ခုနှစ်သွယ်
ခြယ်လှယ်စိုင်းကာသာ။

လွှတ်ကွန်းပြင်ဝယ်

သဘင်မြင်းခင်း၊ ခွာရေးကျင်း

စိုင်းလျင်းဆိုဘွယ်သာ။”

မဟာဓမ္မသင်္ကြံအမတ်ကြီး

နှင်းမှုန်တွေကြားမှာ မြင်းခင်းသဘင်ဆင်နွှဲတဲ့အခါ မောက်တို၊ မောက်လူ ဗာလည်ကွေးတွေနဲ့ မြင်းစီးသူရဲကောင်းကြီးတွေက အဲမောင်းလှံတွေကိုင်လို့ မြင်းချောကြီးတွေစိုင်းနှင်လာတာကို မြင်ရတာ အားမာန်တက်စရာပါပေပဲ။

“လာချေပြီ
ပျိုတို့မောင်ပဲ၊ သူလည်းပါလေသည်၊ လာချေပြီ၊

မှုန်မှုန်မည်းမည်း၊ လူသူမကွဲတကွဲ၊ နှင်းလည်းဖြာဝေရီ”

မြင်းခင်းတော်၊ မြို့မငြိမ်း

ရှေးအစဉ်အဆက် သူရဲကောင်းတွေက မြင်းကိုစီးခဲ့ကြတယ်။ အဲဒီမြင်းစီးတာတွေကလည်း အများအကျိုးကိုသယ်ပိုးမယ့် လှုပ်ရှားမှုတွေ၊ တော်လှန်ရေးခရီးတွေနဲ့ အမှန်တရားအတွက် တိုက်ပွဲတွေပဲ ဖြစ်ခဲ့တယ်။

“There is something about the outside of a horse
that is good for the inside of the men”

Winston Churchill

သက်ရှိမြင်းကို စီးနှင်သလိုပဲ ကိုယ့်နှလုံးသားထဲက မြင်းကိုစီးဖို့က အဓိက ဖြစ်တယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်စိတ်ဓာတ်ဆိုတာ အမြဲတမ်းတွန်းအားပေးနေတဲ့ နှလုံးသားထဲက မြင်းပါပဲ။ စွမ်းရည်သတ္တိနဲ့ အားမာန်ကိုဆောင်တဲ့ အဿတိုရ်မြင်းဆိုတာ စိုင်းနှင်ရင်းနဲ့ ရင်ကွဲလို့သေပါလေစေ ဇွဲလုံ့လကို ဘယ်တော့မှ လျှော့မှာမဟုတ်ပါ။

ပြည်သူ့ဖက်တော်သားအဖြစ် ရပ်တည်ချက် ကြံ့ကြံ့ခိုင်ခိုင်ထားပြီး ညီညီညွတ်ညွတ်နဲ့ ပြတ်ပြတ်သားသား စွန့်စားကြတဲ့အခါမှာ စီးကြမယ့် မြင်းတွေကတော့ တူညီနိုင်ကြလိမ့်မယ် မဟုတ်ပါ။ ဖောင်းဝတ်၊ မြင်းညို၊ မြင်းနက်၊ မြင်းကျား စတဲ့ မြင်းမျိုးအစုံပါဝင်ပေလိမ့်မယ်။ ကိုယ် သန်ရာ သန်ရာ၊ ကျွမ်းကျင်ရာလိမ္မာအောင် လေ့ကျင့်ထားတဲ့ မြင်းတွေကို လူစွန့်စားတွေအဖြစ်နဲ့ စီးနှင်ကြရပေလိမ့်မယ်။ လမ်းခုလပ်မှာ အကြောင်းကြောင်းကြောင့် ခရီးမဆက်နိုင်ကြတော့ရင်လည်း၊ မပြီးဆုံးသေးတဲ့ တာဝန်ဝတ္တရားတွေကို မျိုးဆက်သစ်တွေက လက်ဆင့်ကမ်း သယ်ဆောင်ကြရပေလိမ့်မယ်။

“ကနေ့ည၊ သစ္စာရှာဖို့ ငါ မြင်းစီးမယ်။
ရှာပုံတော် ဘယ်မှာဆုံးမယ် ငါ မသိဘူး။

မတွေ့မချင်း လမ်းမဆုံးမှာတခုပဲ ငါသိရဲ့”

Light of Asia by Sir Edwin Arnold

အာရှတိုက်ရဲ့အလင်းရောင်၊ မောင်သာနိုး မြန်မာပြန်တယ်

ဂေါတမဗုဒ္ဓ အလောင်းအလျာ သိဒ္ဓွတ္ထကုမာရ က သစ္စာလေးပါးတရားကို ရှာဖွေဖို့အတွက် မြင်းကိုစီးတယ်။
ပုဂံခေတ်ဦး အနိရုဒ္ဓွမင်းကြီးက အနှောက်အယှက် ဆူးညှောင့်ခလုတ်ဖြစ်တဲ့ နောင်တော် စုက္ကတေးမင်းကို စီးချင်းထိုးအနိုင်ယူပြီး နိုင်ငံတော်ကိုထူထောင်ဖို့ မြင်းကိုစီးတယ်။

ပုဂံခေတ်လယ် စောစောပိုင်းမှာ ထိလိုင်ရှင်မင်းကြီးက တိုင်းရင်းသားလူမျိုး စုစည်းရုံးရေးနဲ့ နိုင်ငံတော်ပြန်လည်ထူထောင်ဖို့ သူရဲကောင်းလေးယောက်နဲ့အတူ မြင်းကိုစီးတယ်။

ပုဂံခေတ်လယ် အလယ်ပိုင်းမှာ အလောင်းစည်သူမင်းကြီးက ငါ မအိုသေးလို့ သက်သေပြဖို့ရာ စွမ်းရည်နဲ့ ဂုဏ်သိက္ခာအတွက် မြင်းကိုစီးတယ်။

မြင်စိုင်းခေတ် အသင်္ခယာ (မြင်စိုင်း)၊ ရာဇသင်္ကြ (မေက္ခယ)၊ သီဟသူ (ပင်လယ်) ညီနောင်သုံးဦး က ‘မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်’ ကာချင်း မှာပါတဲ့အတိုင်း ရောက်လာတဲ့ ပြည်ပရန်သူ ကျူးကျော်စစ်ကိုတွန်းလှန်ဖို့ မြင်းကိုစီးတယ်။

အင်းဝခေတ် သတိုးမင်းဖျားက အင်းဝမြို့သစ် တည်ထောင်ဖို့ မြင်းကိုစီးတယ်။

မွန်သူရဲကောင်း သမိန်ဗရမ်းက တိုင်းတပါးသား ကျူးကျော်စစ်ခင်းသူတွေရဲ့ အတော်ဆုံး သူရဲကောင်းကို စီးချင်းထိုး အနိုင်ယူပြီး မြန်မာပြည်သားအားလုံးကို စစ်ဘေးဒဏ်က ကယ်တင်နိုင်ဖို့ အတွက် မြင်းကိုစီးတယ်။
တောင်ငူခေတ် ဘုရင့်နောင် က ဒုတိယမြန်မာနိုင်ငံတော်တည်ထောင်ဖို့ မြင်းကိုစီးတယ်။

ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦအောင်ဇေယျက တတိယမြန်မာနိုင်ငံတော် တည်ထောင်ဖို့ ရွှေဘိုတောင်လက် မြင်းနယ်သား မြင်းရည်တက် ၆၈ ယောက်နဲ့အတူ ခွာသံ နှာသံပြင်းတဲ့ ရွှေဘိုမြင်းကို စီးတယ်။
ကုန်းဘောင်ခေတ်နှောင်းပိုင်း သူရဲကောင်းကြီး မဟာဗန္ဓုလက နယ်ချဲ့ရန်ကို ဆန့်ကျင်တွန်းလှန် တိုက်ခိုက်ဖို့ မြင်းကို စီးတယ်။

သီပေါမင်း ပါတော်မူပြီးစအချိန်မှာ မြင်စိုင်းမင်းသားက အောင်ပင်လယ်နယ်သားတွေနဲ့အတူ နယ်ချဲ့ကိုတော်လှန်ဖို့ မြင်းကိုစီးတယ်။

မြန်မာ့တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့လွတ်လပ်ရေးကို တိုက်ယူဖို့အတွက် မြင်းကိုစီးတယ်။

“ယောက်ျား အာဇာနည်
လက်ရုံးရည်၊ နှလုံးရည်
မြင်းကလည်း မြင်းချော မာန်ဖီ”

မြင်းခင်းတော်၊ မြို့မငြိမ်း

ရှေးခေတ် မြန်မာသူရဲကောင်းတွေက စွမ်းရည်နဲ့ စစ်ရေးပြဖို့ မြင်းခင်းသဘင်မှာ မြင်းကိုစီးသလိုပဲ ဆရာမြို့မငြိမ်းက မြန်မာ့ဂီတ တခေတ်တည်ထောင်ဖို့ သူ့ရဲ့ မြင်းခင်းတော်သီချင်းမှာ နှလုံးသားမြင်းကို စီးတယ်။ ဆရာမြို့မငြိမ်းက မာန်ဖီနေတဲ့ မြင်းချောကြီးကို စီးလို့၊ ဂေါက်ဂက် ဂေါက်ဂက် ခွာသံချင်းယှက်အောင် ဘယ်ညာ မြိုင်မြိုင်ချီရင်းနဲ့ ဂီတသစ္စာကို ရှာဖွေခဲ့တယ်။

ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက် ဆိုသလိုမျိုး တယောက်တပေါက်နဲ့ ငါတကော မကောကြဘဲ၊ သစ္စာတရား ရှာဖွေတဲ့ ခရီးနှင်ဖို့အတွက် မြင်းကိုစီးမယ်။ စာပေ၊ ဂီတ၊ ရိုးရာနဲ့ အနုပညာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ မြင်းကိုစီးမယ်။ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် မြင်းကိုစီးမယ်။

ရှေ့ဆက်ရမယ့်ခရီးကတော့ တိမ်မှောင်တွေ ပိတ်ဆို့ဆီးကာထားဆဲမို့ ညို့ညို့ညိုလို့ မှောင်မှောင်မည်းနေပေလိမ့်ဦးမယ်။ ဒါပေမယ့်လည်း ကောင်းကင်ပြာဆီကို ဦးတည်သွားတဲ့လမ်းရဲ့ ခရီးပန်းတိုင်မှာတော့ အေးမြတဲ့ လမင်း တရာ၊ တထောင်၊ တသောင်း၊ တသိန်း၊ တသန်း တွေက စောင့်ကြိုနေကြလေရဲ့။

“တိမ်မှောင်ခုန်တက်
ခွာချက် ခွာရာ
ကောင်းကင်ပြာလမ်း
လခြမ်း တသန်း
အံ့မခန်း …”

မြင်းကဗျာ၊ ကြည်အောင်

အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း

(၁) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄
(၂) စာပေဝတ်ဆံ (၅)၊ ဒဂုန်နတ်ရှင်၊ ဒု အကြိမ်၊ ၁၉၆၇
(၃) သစ္စာရှာဖို့ ငါမြင်းစီးမယ်၊ ကြည်အောင်၊ ဧပြီလ၊ ၁၉၉ဝ
(၄) ပန်းချီ ရွှေစိုးဟန်
(၅) www.wikipedia.org


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts