Uncategorized

Thet Khaing – Poem

သိက္ခာဆိုတဲ့တရား လူသိများလာတဲ့တနေ့
သက်ခိုင်
မေ ၃၀၊ ၂၀၁၃


သိက္ခာဆိုတဲ့တရား
လူသိများလာတဲ့တနေ့
သားတို့ ပြန်လာပါရစေအမေ။
ရွှေရင်မှာပွင့်ဖူး
သားချစ်ဦးအတွက်
အမေငိုလည်းငို
အိုလည်းအိုပေါ့။
ငွေရတု(၂၅နှစ်)နဲ့ရင်းရတဲ့သား
ဘာလို့များပြန်မတွေ့ပါလိမ့်
အမေရင်ထိတ်နေမိမယ်။
အမေ့ကိုသား
ပြောထားခဲ့ပြီးပဲအမေရယ်
လျှောက်ရမယ့်လမ်း
အပေါက်အလမ်းမတည့်ရင်နေမယ်
သိက္ခာ၊ သစ္စာ၊ သမာဓိ
သားတို့ရင်မှာရှိရမယ်။
ပေးဆပ်ခဲ့တဲ့ဝိညဉ်တွေအတွက်
ကြွေရဲ၊ နေမြဲ
ဒါကို
ဘဝသွေးနဲ့ပြရမယ်။
ခေတ်ကာလတွေဟောင်း
လူတွေအကုန်ပြောင်းပေမယ့်
ကျန်ရစ်
အင်မတန်ချစ်တဲ့သူတွေလည်းရှိကြတယ်
ဖန်ညစ်
မတန်ရစ်တာတွေလည်းဝတ်ရတယ်
ဟန်ကိုပစ်
မာန်အသစ်ကိုလည်းမွေးရတယ်
တခါတရံ မခံချင်လည်းချစ်
လူအဖြစ်မဆန်တဲ့ဘဝမှာလည်း
နှစ်ရတယ်။
ဒါပေမယ့်
သူတို့မှာ
တရား
ခါးကြားမြဲတယ်အမေ
လူသတ်သမားရဲ့အနုပညာ
သားတို့မချစ်နိုင်တာတော့ရှိမယ်
ပျက်သုဉ်းခဲ့ရတဲ့ ဘဝတွေအကုန်ပေါင်း
ပန်းချီကား ထောင်သောင်းနဲ့ မလဲဘူးအမေ။
ခင်ဖူးသူတွေအကုန်လုံး
(တချိန်ကရဲဘော်တွေဖြစ်မယ်)
တပြုံးပြုံးနဲ့မေးကြတယ်
ဘယ်တော့ပြန်မလဲ
အိမ်ကောလွမ်းလားတဲ့။
သူတို့ကိုပြုံးပြ
အော်ဆုံးဖြတ်မရသေးလို့
နှလံးလှလှနဲ့ပဲဆက်ဆံခဲ့ပါတယ်အမေရယ်။
မိသားစုတွေချစ်ခြင်း
သားတို့ချင်ချဉ်းပဲလေ
ဒါကိုမကန့်ကွက်
ဒါပေမယ့်
သားဘဝ
အလှအတွက်တော့ ညှာရမယ်။
ရဲဘော်၊ သူငယ်ချင်း
သားတို့ချင်းပြောခဲ့တာက
အလုံးစုံပျက်သုဉ်း
အဲဒီလိုစနစ်တွေဆုံးမှ
ငါပြန်လာမယ်
ကွယ်
တို့မျိုးဆက်အတွက်၊ မင်းတို့ရင်သွေးအတွက်
ဟိုမှာပေးဆပ်သူ(ခဲ့)တွေရှိတယ်လို့။
ဒီလိုစကား
အမြဲတမ်းကြား
သားပြန်မလာရဲတာလည်းပါတယ်။
သူတို့တွေကမျှော်ရင်မျှော်
အဲဒီလိုပျော်စဉ်မှာ
သိက္ခာတခုကိုဖော်ကျူး
(အသိအမှတ်ပြုပြီးတော့)
သားတို့ကိုဖော်ရွေလူး
အဲဒီလိုမထူးသေးတဲ့တနေ့
သားပြန်မလာပါရစေနဲ့အမေ။
သွားသူလာသူ အတူတူ
အဲဒီလိုသားတို့မယူ
မတူစိတ်ဓါတ်
သားရင်မှာထိန်းသိမ်းတတ်နေတယ်။
တနေ့နေ့ပေါ့လေ
ဘဝတွေကို အသိအမှတ်ပြု
ယုံကြည်ချက်တွေကို အလေးအနက်ပြု
အဲဒီလိုတခုခု ပြုကြရင်တော့
…………………။
သိက္ခာဆိုတဲ့တရား
လူသိများလာတဲ့တနေ့
သားတို့ ပြန်လာပါရစေ အမေရယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts