>Kyaw Thu – FFSS Yangon Activity (15th December 2010)

>

အများပြည်သူအတွက် အများပြည်သူကောင်းမှု
ကျော်သူ
ဒီဇင်ဘာ ၁၆၊ ၂၀၁၀

၁။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူ ၇ ရက်သားသမီးတို့၏ နာရေးကိစ္စအဝဝနှင့် ကျန်းမာရေးအတွက် သုခကုသိုလ်ဖြစ်ဆေးခန်းမှ အခမဲ့ ဆေးဝါးကုသပေးလျှက်ရှိရာ မင်းလှမြို့ နာရေးကူညီမှုအသင်းအတွက် နိဗ္ဗာန်ယာဉ် လှည်းယာဉ်တစီးအား လှူဒါန်းပေးခဲ့ပါသည်။

မင်းလှမြို့တွင် နာရေးကိစ္စဖြစ်ပေါ်ပါက နယ်ဓလေ့ထုံးစံအတိုင်း သေဆုံးသူ၏ နေအိမ်ရှေ့တွင် ရုပ်အလောင်းအား ထားရှိကြသည်။ ထို့ကြောင့် အသုဘချမည့် နေ့ရက်တွင် ယင်း နိဗ္ဗာန်လှည်းယာဉ်အား လူအားဖြင့်၎င်း၊ မော်တော်ယာဉ်ဖြင့်၎င်း ဆွဲယူသယ်ဆောင်ကာ သက်ဆိုင်ရာသုဿန်သို့ ပို့ဆောင် သင်္ဂြိုဟ်ရာ၌ ယခင်ကထက် အဆင်ပြေ ချောမွေ့နိုင်တော့မည် ဖြစ်သည်။ နိဗ္ဗာန်လှည်းယာဉ်၏တန်ဖိုးမှာ ၁၈၀,၀၀၀/- (တစ်ဆယ့်ရှစ်သိန်း) ကျပ်ခန့် ကုန်ကျခဲ့သည်။ ယင်း အလှူသည် အများပြည်သူတို့ လှူဒါန်းထားသော အလှူငွေဖြင့် အများပြည်သူတို့အတွက် တဆင့်လှူဒါန်းပေးရခြင်း ဖြစ်ပါသည်။

၂။ ဗမာတွေ အလင်းပွင့်တော့မည်ဟူသော သတင်းကြောင့် ပြည်တွင်း ပြည်ပမှ သဒ္ဒါတရား ထက်သန်စွာဖြင့် နာရေးကူညီမှုအသင်း (ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ် ကုသပေးမည်ဖြစ်သော မျက်စိခွဲစိပ်ခန်းအတွက် လှူဒါန်းကြသော အလှူရှင်များအနက် ဦးစွာပထမ မတည်လှူဒါန်းခဲ့သော အလှူရှင် ဦးဝင်းထွန်း + ဒေါ်ပေါက်ပေါက် (သိင်္ဂီရွှေဝါ – ပိုးထည်တိုက်) တို့၏ လှူဒါန်းငွေဖြင့် ဝယ်ယူလိုက်သော Digital Slit Lamp (မျက်စိအာရုံကြောစက်) စမ်းသပ်ကြည့်ရှုသော ကိရိယာအား ဝယ်ယူပြီးသည့်နောက် ယခုဆိုလျှင် မျက်စိဝေဒနာရှင်များအား ယင်းစက်သစ်ဖြင့် အခမဲ့ စမ်းသပ်ကြည့်ရှု ကုသပေးလျှက်ရှိပါသည်။ ထပ်မံ၍ရရှိသော အလှူငွေများနှင့် လိုအပ်သော မျက်စိ ခွဲစိပ်ခန်းသုံး ပစ္စည်းကိရိယာများနှင့် အဆင့်မီ မျက်စိခွဲစိပ်ခန်းဖြစ်ရန်အတွက် အခန်းပြုပြင် ဖွဲ့စည်း ကုသပေးနိုင်တော့မည် ဖြစ်ပါသည်။

၃။ နာရေးကူညီမှုအသင်း (ရန်ကုန်)သည် နာရေးကိစ္စ၊ ဆေးဝါးကုသမှုကိစ္စများအပြင် ပညာဒါန ဖွင့်လှစ်ကာ အခမဲ့ သင်ကြားပို့ချပေးလျှက်ရှိပြီး သုခအလင်း စာကြည့်တိုက်မှလည်း မျိုးဆက်သစ် လူငယ်များအတွက် အကျိုးရှိမည့် အကျိုးပြု စာအုပ်စာပေများကို ငှားရမ်းပေးလျှက်ရှိသည်။ ထို့အပြင် အသင်းဝင်လိုသူများအား လစဉ် လူမှုရေးမျိုးဆက်သစ် သင်တန်းများကိုလည်း စာတွေ့လက်တွေ့ သင်ကြားပေးလျှက်ရှိရာ ၂၀၁၀ ခုနှစ်တွင် လူမှုရေးမျိုးဆက်သစ်သင်တန်း အမှတ်စဉ် ၆ အထိ ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဤကဲ့သို့သော လူမှုရေးလုပ်ငန်း အဝဝတို့ကို အောင်မြင်စွာ ပေးဆပ်နိုင်ခြင်းသည် လူငယ်မျိုးဆက်သစ်များ၏ လုပ်အားဒါန၊ လူငယ်မျိုးဆက်သစ်များ၏ လူမှုရေးခံယူချက်၊ လူငယ်မျိုးဆက်သစ်များ၏ စုပေါင်းခြင်း အင်အားတို့ဖြင့် တက်ကြွစွာ ကုသိုလ်ပြုပေးခြင်းတို့ကြောင့်ပင် ဖြစ်သည်။

၎။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နေ့စဉ် နာရေးကူညီမှုပေါင်း ၄၅ – ၅၀ ဦးရေခန့်ကို အခမဲ့ ကူညီဖေးမ သင်္ဂြိုဟ်ပေးလျှက်ရှိသလို သုခ ကုသိုလ်ဖြစ်ဆေးခန်းမှလည်း လူနာပေါင်း ၂၀၀ ဦးရေခန့်ကို နေ့စဉ် အခမဲ့ ဆေးဝါးကုသပေးလျှက်ရှိပါသည်။ ဤကဲ့သို့ အများပြည်သူတို့အတွက် ကူညီဖေးမမှုများ ပြုလုပ်ပေးနိုင်ခြင်းမှာ အများပြည်သူ ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ အားပေးခြင်း၊ လှူဒါန်းခြင်းတို့ကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ပြည်တွင်းမှ အများပြည်သူတို့အတွက် ပေးဆပ်လှူဒါန်းကြသော ပြည်တွင်း/ပြည်ပ မှ အများပြည်သူအပေါင်းတို့၏ ကောင်းမှုအစုစုတို့အား သာဓု … သာဓု … သာဓု ဟု ခေါ်ဆိုလိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts