>Zawari (Mary Land) – Jingle All The Way to Burma with Love

>

Jingle All The Way – သံစဉ်နဲ့ ကမ်းလက်များဆီသို့
ဇာဝါရီ (မယ်ရီလန်း)
ဒီဇင်ဘာ ၁၆၊ ၂၀၁၀
တနေကုန် အဆက်မပြတ် ရွာသွန်းနေတဲ့မိုး နဲ့ သုညဒီဂရီ စင်တီဂရိတ် ဒီဇင်ဘာဆောင်းလေကိုအံတု၊ ကျောင်းပိတ်ရက်မှာ အတိုးချပြီး ရာသီအေးအေးမှာ အိပ်ရာထဲမှာ ကွေးမနေ၊ တီဗွီကြည့်၊ ဗွီဒီယိုဂိမ်းကစား၊ ကွန်ပြူတာဖွင့် သူငယ်ချင်းတွေနဲ့ facebook, chatroom တွေကနေ စကားပြော အချိန်ဖြုန်းမနေဘဲ ပြည်တွင်းမှာ ဒုက္ခအခက်အခဲရှိနေ၊ အကူအညီလိုအပ်နေတဲ့ HIV/AIDS ရောဂါဝေဒနာရှင်များကို တက်အားသရွေ့  ကူညီမယ်ဆိုတဲ့ မြင့်မြတ်ဖြူစင်တဲ့ စေတနာ၊ ကရုဏာစိတ်တွေနဲ့ သူတို့လေးတွေ ရောက်ရှိလာကြတယ်။
သူတို့လေးတွေက အသက် (၇) နှစ်မှ (၂၀) ပတ်ဝန်းကျင် မြန်မာလူငယ် ကျောင်းသူကျောင်းသားလေးတွေ ဖြစ်ကြတယ်။
ပြင်းထန်လာတဲ့ ဒီဇင်ဘာ အအေးဒဏ်ကြောင့် အစောပိုင်းက စီစဉ်ထားခဲ့တဲ့ ဝါရှင်တန်မြို့ တဝိုက် ပန်းခြံများမှာ မြန်မာ HIV/AIDS ရံပုံငွေ သီဆိုဖျော်ဖြေမှုကို ရပ်နားလိုက်ပေမယ့် ခရစ်စမတ်ပွဲတော်လ ဖြစ်နေတာကြောင့် ဝါရှင်တန်ဒီစီတဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာမိသားစု (ဘာသာစုံ) နေအိမ်များကို သွားရောက်ပြီး carol singing လုပ်ကြမယ်လို့ စဉ်းစားဆုံးဖြတ်ခဲ့ကြတယ်။ ရရှိတဲ့ အလှူငွေ ၁၀၀ ရာခိုင်နှုန်းကို မြန်မာပြည်တွင်းရှိ HIV/AIDS ဝေဒနာရှင်များကို ကူညီဖို့ ရည်ရွယ်ထားကြောင်း မြန်မာမိသားစုများကို ဆက်သွယ်ရှင်းပြပြီး ဖိတ်ကြားတဲ့ အိမ်တွေကိုသာ သွားရောက်ဖျော်ဖြေကြဖို့ ပြင်ဆင်ခဲ့ကြတယ်။
တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၂ ရက်နေ့) နံနက်ပိုင်းမှာ သီချင်းတိုက်၊ လိုအပ်တာတွေ ပြင်ဆင်ပြီး နေ့လည်ပိုင်း (၃) နာရီလောက်ကစပြီး ဖိတ်ကြားထားတဲ့ စားသောက်ဆိုင် နှစ်ဆိုင် နဲ့ အိမ် (၄) အိမ် ကို သွားရောက်ခဲ့ကြတယ်။
ပထမဦးဆုံး မြန်မာစားသောက်ဆိုင်များဖြစ်တဲ့ Burma Road (http://www.burmaroad.biz/) နဲ့ Mandalay (http://www.mandalayrestaurantcafe.net/) စားသောက်ဆိုင်များကို သွားရောက်ဖျော်ဖြေခဲ့ကြတယ်။
နောက်ပြီး မိုးထဲလေထဲမှာ မယ်ရီလန်ပြည်နယ် မောင့်ဂိုမာရီကောင်တီ အရပ်လေးမျက်နှာကို ကားများမောင်းပြီး တအိမ်တက် တအိမ်ဆင်းနဲ့ ကျန်ရှိနေသေးတဲ့ မြန်မာမိသားစုအိမ် (၄) အိမ်ကို သွားရောက်ပြီး တနေရာမှာ အနည်းဆုံး (၄၅) မိနစ်ခန့် ခရစ်စမတ် နဲ့ နှစ်သစ်ဆုတောင်း သီချင်းများကို မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်သီဆိုကြတယ်။ 
 
အိမ်ရှင်များကို တေးသီချင်းသီဆိုဖျော်ဖြေမှုအပြင် ဒီလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်၊ ခံယူချက် လုပ်ဆောင်နေမှုများကို ဦးစွာရှင်းပြပြီး ပါဝင်ဖျော်ဖြေသူများအားလုံး လက်မှတ်ရေးထိုးထားတဲ့ ကျေးဇူးတင်လွှာ၊ ပြည်တွင်း HIV/AIDS ဝေဒနာရှင်များအကြောင်း DVD, Sing & Dance to Help HIV/AIDS ဝေဒနာရှင်များ လက်ကမ်းစာစောင်များကိုလည်း လက်ဆောင်မှတ်တမ်းအဖြစ် ပေးကြတယ်။
အများစုက ဗုဒ္ဓဘာသာမိသားစု အိမ်တွေဖြစ်ကြတာမို့ အနီးအနား ပတ်ဝန်းကျင်အိမ်တွေလို အပြင်ဖက် အိမ်ရှေ့  မျက်နှာစာမှာ ရောင်စုံမီးလုံးလေးတွေ ထွန်းညှိထားတာမရှိ၊ တန်ဆာဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်လည်း ဧည်ခံထဲမှာမရှိ ဒါပေမဲ့ Santa Claus ဦးထုပ်ဖြူနီ၊ လည်ပတ်မာဖလာ ဖြူစိမ်း တူညီဝတ်ဆင်ထားတဲ့ ကျနော်တို့တတွေကို အိမ်ရှင်တွေက နွေးနွေးထွေးထွေးအပြုံးနဲ့ ကြိုဆိုကြတယ်။
အငယ်ဆုံး အဆိုကျော်လေးတွေက (၇-၉) နှစ် မူလတန်း ကျောင်းသူကျောင်းသားလေးများဖြစ်တဲ့ တုတ်တုတ်၊ ဝင့်ကြည်ဖြူ၊ သီရိန်ကျော် နဲ့ လူငယ်ကလေးများက အသက် (၁၅-၂၀) အလယ်တန်းကျောင်းသူ သီရိ ချမ်းမြေ့စုကြည်၊ ကောလိပ်ကျောင်းသား ချမ်းမြေ့ နဲ့ ထူးသစ် တို့ ဖြစ်ကြတယ်။
သူတို့သီဆိုကြတဲ့ Jingle Bell, Santa Clause is Coming to Town, Silent Night, Rudolph the Red-Nosed Reindeer, You are not Alone နဲ့ တခြား အင်္ဂလိပ်-မြန်မာ ခရစ်စမတ် နဲ့ နှစ်သစ်ကူး သီချင်းများကို အကိုကြီးများဖြစ်တဲ့ ကိုရွှေထီး နဲ့ ကိုဖိုးသက် တို့က ဂစ်တာများကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်ပေးပြီး အဖွဲ့နဲ့အတူ လိုက်ပါလာတဲ့ အကိုအမတွေကလည်း ဟာမိုနီလိုက်၊ သံပြိုင်သီဆို၊ စည်းချက်တီး ဝိုင်းရံ အားပေးကြတယ်။ အလွန်ပျော်စရာကောင်းတဲ့ ဖြေဖျော်တင်ဆက်မှုကို အိမ်ရှင်များက အထူးနှစ်သက်ကြပြီး၊ တေးဂီတမြတ်နိုးကြတဲ့ အိမ်ရှင်များကလည်း ပါဝင်သီဆိုကြတယ်။
ပွဲဦးထွက် တေးဂီတဖျော်ဖြေမှုကို ည (၉) နာရီကျော်လောက်မှာ အဆုံးသတ်လိုက်တယ်။ တနေ့တာ အားစိုက်ကြိုးပမ်းမှုရလဒ်ကတော့ တေးဂီတဖြေဖျော်မှုကို လက်ခံဖိတ်ကြားခဲ့ကြတဲ့ မြန်မာမိသားစုများရဲ့  လှိုက်လှိုက်လှဲလှဲ၊ နွေးနွေးထွေးထွေး ဧည်ခံမှု နဲ့ စေတနာ သဒ္ဒါတရားနဲ့ လှူဒါန်းတဲ့ အလှူငွေ တစ်ထောင်ကျော်ပင် ဖြစ်သည် (အစားအသောက်များ ကျွေးမွေးရန်မလိုပါလို့ ကြိုတင်မေတ္တာရပ်ခံထားပေမယ့် အစားအသောက်များက ဖေါဖေါသီသီ)။ 
ဒုတိယအကျော့ ဖြေဖျော်မှုကို နောက်တပတ် တနင်္ဂနွေနေ့မှာ ဖိတ်ကြားစောင့်မျှော်နေကြတဲ့ အိမ်များကိုသွားရောက် သီဆိုကြဖို့ နဲ့ စနေနေ့မှာ သီချင်းတိုက်ဖို့အတွက် အားအင်ပြန်စုကြရန် ည (၁၀) နာရီကျော်မှာ ပျော်ရွှင်ကြည်နူးမှု၊ ဝမ်းမြောက်ပီတိမှုများစွာနဲ့ Jingle all the way … what fun it is to ride သံစဉ်နဲ့အတူ လမ်းခွဲခဲ့ကြတယ်။
အေးမြတဲ့ ဒီဇင်ဘာဆောင်း ခရစ်စမတ်ကာလအတွင်း ဝါရှင်တန်ဒီစီ မြန်မာကွန်မြူနီတီ လူငယ်ကလေးတွေရဲ့  မမောမပန်း ကုသိုလ်ပြု လှုပ်ရှားမှု တပိုင်းတစကို အများသူငါ သာဓုခေါ်နိုင်ဖို့ မျှဝေလိုက်ပါတယ်။ ခရစ်စမတ်ချိန်ခါ နှစ်သစ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts