>Letters from Michigan – 43

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မစ်ရှီဂန်မှပေးသောစာ(၄၃)
အောင်ဝေး
ဒီဇင်ဘာ ၁၃၊ ၂၀၁၀


မိတ်ဆွေကြီး ကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစဗျာ။ ကြည့်ရင်းကြည့်ရင်းမှာပင် လူတို့သည် ပရွက်ဆိတ်တမျှ သေးငယ်သွားကြကုန်၏ — တဲ့။ ဆရာမောင်သာရရဲ့ဝတ္ထုတိုတစ်ပုဒ် ခေါင်းစဉ်ကို သတိရတယ်ဗျာ။ နအဖ ၂၀၁၀ ရွေးကောက်ပွဲကတော့ မကျေမလည်နဲ့ပဲ ပြီးသွားခဲ့ပါပြီ။

ဒါပေမဲ့ မပြီးသေးတာက ရွေးကောက်ပွဲမသမာမှု၊ ရွေးကောက်ပွဲအကြမ်းဖက်မှု၊ ရွေးကောက်ပွဲဓားပြတိုက်မှု၊ ရွေးကောက်ပွဲလိမ်ညာမှု စတဲ့ နောက်ဆက်တွဲ ပြဿနာတွေပဲ ကိုဒေါင်း။ ဒါ သိပ်ကိုအရေးကြိးတဲ့ကိစ္စပဲ ကိုဒေါင်း။ နအဖရွေးကောက်ပွဲအပြီးမှာ ဘယ်လိုမသမာမှုတွေ၊ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ အနိုင်ကျင့်မှုတွေ ထွက်ပေါ်လာမယ်ဆိုတာ အစကတည်းက ပြည်သူတွေဘက်က တွက်ဆထားပြီးသားပါ။

နဂိုကတည်းကလည်း NLD လို၊ SNLD လို၊ CRPP လို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ပြောထားဆိုထားပြီးသား။ နအဖ ၂၀၁၀ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့ အတွက် ရွေးကောက်ပွဲပြီးတဲ့အခါ၊ အဲဒီ မလွတ်လပ်မှု၊ အဲဒီ မတရား မမျှတမှုတွေရဲ့ အကျိုးဆက် ပြဿနာတွေကို၊ နအဖစစ်အုပ်စု မလွဲမသွေ ရင်ဆိုင်ရမှာပဲ ဆိုတာ ရွေးကောက်ပွဲဆန့်ကျင်သူတိုင်း၊ ရွေးကောက်ပွဲသပိတ်မှောက်သူတိုင်း အခိုင်အမာ ယူဆထားကြပြီးသားပါ။

အခု ဒီပြဿနာပေါ်လာပြီ ကိုဒေါင်း။ နအဖ ၂၀၁၀ ရွေးကောက်ပွဲ ပြဇာတ်ဟာ၊ နအဖ လိုချင်သလို အကွက်စေ့စေ့ ဖြစ်မလာဘူး။ ဟိုကဒီက လစ်ဟာချက်၊ ချွတ်ယွင်းချက်တွေ ပေါ်လာတယ်။ ယုတ္တိမတန်တဲ့၊ လိပ်ပြာမလုံတဲ့လုပ်ရပ်တွေ ထွက်လာတယ်။ နအဖ ရွေးကောက်ပွဲ ဇာတ်လမ်းက မျောတောတောကြီး။

လွှတ်တော်တက်ဖို့စိတ်ကူးတွေ တစ်လှေကြီးနဲ့၊ လွှတ်တော်ထဲရောက်ရင် တိုင်းပြည်ကို ကယ်တင်နိုင်မှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲ ၀င်ကြတဲ့ ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစုတွေလည်း မချိတင်ကဲ၊ ၀မ်းနည်းပက်လက် ဖြစ်ကြရပြီ။

နအဖလူကြမ်း နှိပ်စက်လို့၊ သူကြီးသားကြံ့ဖွံ့က ညစ်ပတ်လို့၊ ဒီမိုကရက်တစ် အင်အားစု မင်းသား၊ မင်းသမီး၊ ဇာတ်ပို့ဇာတ်ရန်တွေလည်းလက်မှိုင်ချရ၊ ကြေကွဲကြရ၊ မကျေမချမ်းနဲ့ တောက်ခေါက်ကြရတဲ့ ဇာတ်လမ်း။ နဂိုကတည်းက နအဖစစ်အုပ်စုက သူတို့အလိုကျ၊ သူတို့ကိုယ်ပွား ကြံ့ဖွံ့ပါတီမနိုင် နိုင်အောင်လုပ်မှာပဲ ဆိုတာကို သိထားတဲ့ ပြည်သူလူထုကြီးကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်သွားတဲ့ ဒီမိုကရက်တစ်အင်အားစု ပါတီတွေ အပေါ် ကရုဏာဒေါသောတွေ ဖြစ်မိရတာပေါ့ ကိုဒေါင်းရယ်။

သူတို့အရေးနိမ့်သွားတာကို ကျနော်တို့စိတ်မကောင်း မဖြစ်ပါဘူး။ ကျနော်တို့ စိတ်မကောင်း ဖြစ်မိတာက သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအပေါ်သဘောထားကို သေသေချာချာ ပိုင်းခြားစိတ်ဖြာ မသုံးသပ်နိုင်ခဲ့တာကိုပါ။ ကျနော်တို့ စိတ်မကောင်းဖြစ်ရတာက သူတို့ဟာ NLD အပါအ၀င်၊ တိုးတက်တဲ့ တိုင်းရင်းသားအင်အားစု ပါတီတွေရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ကို နားလည်အောင် မကြိုးစားခဲ့တာကိုပါ။

ခုတော့ လွန်သွားပြီ ကိုဒေါင်း။ မရတော့ဘူး။ နအဖရဲ့ မုသာဝါဒ ရွေးကောက်ပွဲ လန်ကြုတ် ဇာတ်လမ်းကြီးကတော့ နအဖ စချင်သလို စခဲ့ပြီး၊ အခု နအဖ ပြီးစေချင်သလို ပြီးသွားပါပြီ။ အခုအချိန်ကျမှ ရွေးကောက်ပွဲရှုံးနိမ့်သွားတဲ့ ဒီမိုကရက်တစ်အင်အားစုတွေ ကျနော်တို့ မှားပါပြီ၊ ကျမတို့ မှားပါတယ်လို့ အော်နေကြရင်လည်း ဒါ အပိုပဲ ဖြစ်တော့မယ်။

ကိုဒေါင်းကြီး – တကယ်ကတော့ ရွေးကောက်ပွဲဝင်မိတဲ့ ဒီမိုကရက်တစ်အင်အားစုတွေကို မှားတယ် လို့ဆိုရင်လည်း သူတို့အမှားက အဓိက မကျပါဘူးဗျာ။ အဓိကကျတာက၊ နအဖ ရွေးကောက်ပွဲကိုယ်နှိုက်က မှားနေတဲ့ဟာ မဟုတ်လား။ ပြည်သူတွေ မမှားဘူး။ ဒီမိုကရက်တစ် အင်အားစုတွေလည်း မမှားဘူး။ နအဖက မမှန်တာပါ ကိုဒေါင်း။ ဒါက ပိုပြီး အဓိကကျတာပါ ကိုဒေါင်း။ နဂိုကတည်းက နအဖက မမှန်ဘူး။ ရွေးကောက်ပွဲက မှားနေတယ်။

သမိုင်းကို နည်းနည်းလောက်တော့ ပြန်လှန်ကြည့်ရအောင် ကိုဒေါင်း။ မဆလ စစ်အစိုးရ ရေးဆွဲတဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ပြည်သူ့လွှတ်တော်ဆိုတာပေါ်လာတယ်။ နိုင်ငံတော်ကောင်စီ ဆိုတာ ပေါ်လာတယ်။ အဲဒီလွှတ်တော်ထဲမှာ၊ နိုင်ငံတော်ကောင်စီထဲမှာ စစ်အာဏာရှင်စနစ်ကို အသွင်ပြောင်းထားတဲ့ မဆလ တစ်ပါတီအာဏာရှင်စနစ် ရောက်လာခဲ့တာပါပဲ။

အဲဒီတစ်ပါတီအာဏာရှင်စနစ်ကို၊ ကျောင်းသားတွေဦးဆောင်ပြီး၊ ပြည်သူလူထုကြီး တစ်ရပ်လုံးက တိုက်ခဲ့တယ်။ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးက မဆလ တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်။ ဒါပေမဲ့-

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်မှာတော့ ကျဆုံးသွားတဲ့ တစ်ပါတီ အာဏာရှင်စနစ် နေရာမှာ န၀တ-နအဖ ဆိုတဲ့ စစ်အာဏာရှင်ရုပ်လုံးက ဘွားဘွားကြီး ပြန်ပေါ်လာတာပဲ မဟုတ်လားဗျာ။ ဒီ စစ်အာဏာရှင်စနစ်အောက်မှာ NLD အနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲလည်း ပျောက်ဆုံးခဲ့ရတယ်လေဗျာ။

အခုလည်း နအဖစိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ နအဖ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကကော၊ တစ်ကျော့ပြန်ပြီး စစ်အာဏာရှင်စနစ်ကနေ ကြံ့ဖွံ့တစ်ပါတီအာဏာရှင်စနစ်ကို အသွင်ပြောင်းမယ့်လုပ်ဇာတ်ပဲ ဆိုတာ ခုတော့ ရွေးကောက်ပွဲ ၀င်မိမှားတဲ့သူတွေလည်း ကိုယ်တွေ့ ကြုံလိုက်ရပါပြီ။

ရွေးကောက်ပွဲကတော့ ပြီးသွားပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲမသမာမှုတွေက ဟိုက ဒီက အတောမသတ် ပေါ်လာနေတယ်။ ဒီတော့ ကျနော်တို့ ဘာလုပ်ကြမလဲ။ ကျနော့်အမြင်ကတော့ နှစ်ပိုင်းရှိတယ် ကိုဒေါင်း။ တစ်ပိုင်းက-ရွေးကောက်ပွဲ မ၀င်တဲ့ပါတီတွေနဲ့ မဲသွားမပေးတဲ့ပြည်သူတွေက နဂိုရပ်တည်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမယ်။ ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုဘူး။

နောက်တစ်ပိုင်းက- ရွေးကောက်ပွဲဝင်မိတဲ့ ပါတီတွေနဲ့ မဲသွားပေးမိတဲ့ ပြည်သူတွေက ရွေးကောက်ပွဲ မသမာမှုတွေကို အသေးစိတ် ဖော်ထုတ် ဖွင့်ချရမယ်။ ဥပဒေကြောင်းအရရော မီဒီယာတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် တိုင်တန်းရမယ်။ ထိထိရောက်ရောက် အရေးဆိုရမယ်။ ရွေးကောက်ပွဲ အနိုင်အရှုံး ရလဒ်ကို လက်မခံနဲ့။

ရွေးကောက်ပွဲ မမှန်ဘူး ဆိုတာကို အဲဒီနှစ်ပိုင်းစလုံးက၊ ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသား ဆန္ဒဖော်ထုတ်ဖို့ အချိန်ရောက်ပြီ ကိုဒေါင်း။ အဲဒီလို ဆန္ဒတူတဲ့လူတွေ၊ တစ်ခဲနက် စုစည်းမိဖို့လိုပြီ ကိုဒေါင်း။ မတူကွဲပြားနေတဲ့ ဒီမိုကရေစီအင်အားစု အသီးသီး၊ တညီ တညွတ်တည်း ပြန်လည်ပေါင်းစုဖို့ အရေးကြီးနေပါပြီ ကိုဒေါင်း။
အားလုံး အလေးအနက် စဉ်းစားကြဖို့ပါ။

အောင်ဝေး
နိုဝင်ဘာ ၁၁-၂၀၁၀။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts