>
ချို(ဂျို)နုနေတုန်း ရိုက်ချိုးလိုက်ကြစို့
တူမောင်ညို
ဒီဇင်ဘာ ၉၊ ၂၀၁၀
သူတို့ပြောတဲ့ “ဆိုက်ဝါး” ဆိုတာတွေက နေရာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ထားရပါမယ်။ ဆိုက်ဝါးက သာမန်လူအများစုကိုယာယီအခိုက်အတန့်အားဖြင့် ထွေပြားစေဖို့ /ဝေဝါးစေဖို့ /အာရုံပြောင်းလဲသွားစေဖို့ပါ။ ဒါမျိုးက ရေရှည်လုပ်လို့ ရတာမျိုး မဟုတ်ပါ။ အာရုံခံစားမှုဆိုတာ သိကြတဲ့အတိုင်းပဲလေ ပြဒါးလိုပဲ အပြောင်းအလဲမြန်တယ်မဟုတ်လား။
ဒီတော့ဆိုက်ဝါးဆိုတာတွေဟာ အခြေအနေမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ ပေါ်ထွက်လာနိုင်စရာရှိပါတယ်။ နောက်ဆုံးမှာ ဆိုက်ဝါး ကနေ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ အထိတောင်ဖြစ်ပေါ်လာနိုင်တာပဲ။ ဗုံးဖောက်ခွဲမှု/ လက်မတင်ကလေး ဖော်ထုတ်တွေ့ရှိ ရ တဲ့ဗုံးထောင်မှု စတာတွေလည်း သိနေကြား နေရတာပဲမဟုတ်လား။ ဒါတွေကလည်း သူတို့ လက်ရာတွေပဲမဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဘက်ကို အာရုံကျသွားတဲ့ လူများစုကို (လူငယ်တွေကို) တန်ပြန်ထိန်းချုပ်ဖို့ ရည်ရွယ်တာလို့ယူဆပါတယ်။
ဒီတော့ “ခင်ညွန့်နဲ့ဂျူမုံ” က သူတို့ အသုံးချဖို့ အကောင်းဆုံးဖြစ်သွားပုံရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး ဘက် အာရုံကျလာနေသူတွေကို ခင်ညွန့်ဗွီဒီယိုနဲ့ဖမ်းစားထားလိုက်ပြီး။ နဂိုကတည်းက “ကိုရီးယားအဖျားသွေး” ရှိနေတဲ့ လူငယ်အများစု ကို “ဂျူမုံ” နဲ့ “ငန်းဖမ်း” အောင်လုပ်လိုက်တာပါ။
တစ်ခု သတိပြုမိပါတယ်။ မဖြူဖြူသင်းတို့ ဖွင့်ထားတဲ့ (PLWHA)ဂေဟာကို လူငယ် ဆယ်လစ်ဘရစ်တီတွေ တိမ်းညွှတ် လာတဲ့ကိစ္စပေါ့။ အနုပညာနယ်ထဲမှာတောင် စာပေနယ်ပယ်နဲ့ ဂီတရုပ်ရှင်က မတူပြန်ဘူး။ နှိုင်းယှဉ်ချက်အရ ဂီတရုပ်ရှင်နယ်ဘက်က လူတွေထက် စာပေနယ်ပယ်ဘက်က လူတွေကပိုပြီး ထက်သန်လေ့ရှိတယ်။ ဒါကလည်းစိုက်ထုတ်ရတဲ့ အရင်းအနှီးမတူကြ လို့နဲ့ တူတယ်။ ဘာပဲဖြစ်ဖြစ် ဂီတရုပ်ရှင်နယ်ထဲမှာပဲ အခုလို ဆောင်ရွက်လာတာကြိုဆိုအပ်တဲ့ခြေလှမ်းတစ်ခုမဟုတ်လား။
ရွေးကောက်ပွဲလည်းပြီးသွားပြီ/ ဒေါ်အောင်ဆန်းစုကြည်လည်းလွတ်မြောက်လာတယ်ဆိုတဲ့ အခြေအနေတစ်ခုအောက်မှာ စာပေနယ်ဘက်ကလည်း (ဂျာနယ်တွေမှာ) သတင်းတွေကိုဖေါ်ပြကြည့်လိုက်ကြတယ်။ (စမ်းသပ်ကြည့်လိုက်ကြပုံရတယ်) ဒါပေမယ့် သူတို့ထင်သလိုမဟုတ်ဘူး။ ပိတ်ပင်တာနဲ့ စိစစ်ရေးအလိုကျ ဆောင်းပါးထည့်သွင်းခိုင်းတာတွေနဲ့ ကြုံလိုက်ကြရတယ်။ ယခင်နဲ့ယခု ဘာမျှမထူး။ အနုပညာလွတ်လပ်ခွင့်(ဝါ) လွတ်လပ်စွာ ဖေါ်ထုတ်ရေးသားတင်ပြခွင့် ဆိုတာအနုပညာဆိုင်ရာကိစ္စသက်သက် မဟုတ်ဘူး၊ နိုင်ငံရေးပြဿနာလေ။
ဂီတရုပ်ရှင်နယ်ဘက်က ဆယ်လစ်ဘရစီတီတွေကိုလည်း သူတို့ဖျော်ဖြေမှုတွေကို ကန့်သတ်ပိတ်ပင်နေတယ်လို့ ကြားတယ်။ ဂီတရုပ်ရှင်နယ်ပယ်က ဆယ်လစ်ဘရစ်တီတွေကို “လမ်း၊ တံတား၊ ဘူတာ၊ ဆည်မြောင်းဖွင့်ပွဲကနေ အမျိုးသားညီလာခံနဲ့ မဲပေးရေး” အထိ သူတို့စိတ်ကြိုက် အသုံးချခဲ့ကြပြီး (PLWHA) ဂေဟာကို သူတို့ကိုယ်ပိုင် စိတ်ဆန္ဒ ဆုံးဖြတ်ချက်နဲ့ သွားတာကိုတော့ ပိတ်ပင်နေ တယ်။
နေ့စဉ်ထုတ်သတင်းစာကနေတော့ (မျိုးချစ်မောင်) “ သတိထားရမယ့် ရုပ်သေးရုပ်တွေ” ဆိုပြီး (၆ဒီဇင်ဘာ) သတင်းစာ ဆောင်းပါးမှာ “ကြိုတင်ကာကွယ်ချေမှုန်းရမယ်” လို့ပြောနေတယ်။ (ကိုမြန်မာ) “လှေကြီးပေါ်တွင် လှေငယ်တင်” ဆိုပြီး ( ၇ ဒီဇင်ဘာ) သတင်းစာဆောင်းပါးမှာ အခြေခံဥပဒေဘောင်ထဲကလှုပ်ရှားကြ လို့ “ညွန်ပြသတိပေးတယ်”လို့ပြောနေပြီး ခြိမ်းခြောက် နေတယ်/ အာဘော်ဖန်တီးနေပါတယ်။
ဒါကြောင့် ရှေ့မှာဆိုရင် (နအဖ) စစ်အစိုးရက အခြေခံဥပဒေစကား/ တည်ဆဲဥပဒေဆိုတဲ့ စကားကို တဖောင်ဖောင် ပြော နေဦးမှာမြင်ယောင်နေပါသေးတယ်။ စကားနောက်တရားပါ ဆိုသလို နောက်ကလိုက်လာမှာကတော့ ကန့်သတ်တာ ပိတ်ပင်တာ အကြမ်းဖက် ဖိနှိပ်ချေမှုန်းတာတွေ ဖြစ်ပါလိမ့်မယ်။
ဒီကနေ့အခြေအနေကို (ကိုမြန်မာ) ဆိုတဲ့ မြန်မာ့အလင်းသတင်းစာ ဆောင်းပါးရှင်က “ဦးချိုလဲထားကာစ ဆတ်ချိုနုကဲ့သို့ အထိမခံ သိမ်မွေ့လှသောအခြေအနေ”လို့ဆိုပါတယ်။
ဒါဆိုရင် ချိုနုတုန်း ကျိုးသွားအောင် ရိုက်ချိုးပစ်လိုက်ကြစို့။