>Celebrate Liu Xiaobo Nobel Peace Prize in front of Chinese Consulate in SF

>

အကျဉ်းကျနေသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လျူရှောင်ဘိုအား ဂုဏ်ပြုဆန္ဒထုတ်ဖော်ပွဲ ဆန်ဖရန်ဘေးဧရိယာမြန်မာတို့ လက်တွဲဆင်နွှဲမည်
မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၈၊ ၂၀၁၀
လာမည့် ဒီဇင်ဘာ ၁၀၊ ၂၀၁၀ နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး နော်ဝေတွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့် နေ့လည်း ဖြစ်သည်။ ယခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို တရုတ်ပြည်၏ လူ့အခွင့်အရေးလှုပ်ရှားသူ လျူရှောင်ဘိုအား ချီးမြှင့်ခဲ့ကြသည်။ ၎င်းမှာ တရုတ်အစိုးရ၏ ထောင်သွင်းအကျဉ်းချခြင်း ခံထားရသည့်အပြင် ဇနီးသည်ကိုလည်း တရုတ်အစိုးရက တားမြစ်ထားသဖြင့် ဆုပေးပွဲသို့ တက်ရောက်နိုင်ကြမည် မဟုတ်ပေ။
သို့ဖြစ်၍ အကျဉ်းခံ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အား ဂုဏ်ပြုခြင်း၊ တရုတ်အစိုးရ၏ လူ့အခွင့်အရေးလှုပ်ရှားမှုများအပေါ် ဖိနှိပ်ချူပ်ချယ်ခြင်းတို့ကို ကန့်ကွက်ဆန္ဒပြခြင်းတို့ စုဝေးဆောင်ရွက်ကြရန် ဆန်ဖရန်ဘေးဧရိယာရှိ တရုတ်ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ တိဘက်ပြည် လွတ်မြောက်ရေး လှုပ်ရှားသူများက အဆိုပါ ဒီဇင်ဘာ ၁၀၊ သောကြာနေ့၊ နေ့လည် ၁ နာရီမှ ၃ နာရီ အထိ ဆန်ဖရန်မြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ကျင်းပကြမည်ဖြစ်သည်။
 မြန်မာပြည်၏ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အကျဉ်းကျနေချိန်တွင် ဆုချီးမြှင့်ခြင်းခံရသည် ဘ၀အဖြစ်ချင်း တူနေသည့် တရုတ်ပြည်၏ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လျူရှောင်ဘိုအတွက် ဆန္ဒထုတ်ဖော် ဂုဏ်ပြုပွဲကို မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူ မြန်မာကွန်မြူနီတီကလည်း သွားရောက် ပူးပေါင်း ဆင်နွှဲကြရန် နှိုးဆော်ပါကြောင်း၊ ဖိတ်ခေါ်ပါကြောင်း မြန်မာအရေး လှုပ်ရှားသူ (BADA) အဖွဲ့တာဝန်ခံ ကိုညွန့်သန်းက ပြောကြားလိုက်သည်။
ဖိတ်ကြားစာကို သည်နေရာမှာ ကြည့်နိုင်ပါသည်။
တရုတ်ပြည်နှင့် တိဘက်ပြည်၏ လူ့အခွင့်အရေးလှုပ်ရှားသူများက တရုတ်ပြည်အစိုးရသို့ တောင်းဆိုချက် ထုတ်ပြန်ရာတွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံတကာမိသားစုနှင့်အတူ လိုက်နာကြောင်း၊ တန်ဖိုးထားကြောင်း ပြသရန်၊ တရုတ်နှင့် တိဘက် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် နှင့် တရုတ်၊ တိဘက်နှင့် မြန်မာပြည်တို့၏ လူ့အခွင့်အရေးလှုပ်ရှားမှုများကို နိုင်ငံတကာမိသားစုများက ၀ိုင်းဝန်း ထောက်ခံ အားပေးကြရန် တောင်းဆိုထားသည်။
(ဓာတ်ပုံ – ၂၀၁၀ ငြိမ်းချမ်းရေးဆုရှင် လျူရှောင်ဘို၏ ဓာတ်ပုံကို ကိုင်ထားသည့် သူ၏ ဇနီးသည်၊ ( အင်တာနက်မှ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts