>
နှင်းဆီပွင့်တဲ့လမ်း
မျိုးမြင့်ချို
ဒီဇင်ဘာ ၇၊ ၂၀၁၀
ပျောက်ဖို့လွယ်သလောက်
အစရှာဖို့ခက်တာ လမ်း ပဲ။
အဲဒီနှင်းဆီဟာ လမ်းဖေါက်တယ်
သူနဲ့အတူ လိုက်လျှောက်ဖို့။
အဲဒီနှင်းဆီဟာ လမ်းခင်းတယ်
သူနဲ့အတူ နင်းလျှောက်ဖို့။
အဲဒီနှင်းဆီဟာ လမ်းပြတယ်
သူနဲ့အတူလိုက်ကြဖို့။
အဲဒီနှင်းဆီကိုယ်တိုင်က လမ်းဖြစ်ပြန်တယ် …
အဲဒီနှင်းဆီဟာ သွေး
စွေးစွေးနီတယ်။
အဲဒီနှင်းဆီဟာ ဝီရ
မကြောက်တရားနဲ့လှတယ်။
အဲဒီနှင်းဆီဟာ ကေကာ*
တွန်သံညင်းညင်း ပြင်းပြင်းပြပြဆိုတယ်။
အဲဒီနှင်းဆီကိုယ်တိုင်က ဓမ္မဖြစ်ပြန်တယ် …
အဲဒီနှင်းဆီကို ဘယ်အကြောက်တရားကမှ
မခြောက်ခြားစေနိုင်ဘူး။
အဲဒီနှင်းဆီကို ဘယ်အမြှောက်တရားကမှ
မဖေါက်ပြားစေနိုင်ဘူး။
အဲဒီနှင်းဆီကို ဘယ်အချော့တရားကမှ
မပျော့ညံ့သွားစေနိုင်ဘူး။
အဲဒီနှင်းဆီကို သေခြင်းတရားကလွဲလို့
ဘာကမှ အနိုင်ယူလို့မရနိုင်ဘူး။
အခု …
အဲဒီနှင်းဆီအတွက်
ကျနော်လည်း ပူပူပန်ပန် ပွင့်နေဆဲပါ။ ။
(ကေကာ နာဒေါ သိခဏ္ဍီနံ =သိခဏ္ဍီနံ၊ ဥဒေါင်းတို့၏။ နာဒေါ၊ တွန်သံသည်။ ကေကာမည်၏။)