>Mar Mar Aye – 357

>

“ပြောစရာတွေလည်း တပုံကြီး ရှိသေးတယ်”အမှတ် (၃၅၇)

‘အောင်ဆန်းစုကြည်သီချင်း’
မာမာအေး

ဒီဇင်ဘာ ၇၊ ၂၀၁၀

“—မာအေးဆိုဘို့ တကူးတက ရေးပို့တဲ့ နန်းတော်ရှေ့က တေးရေးဆရာ မန္တလေးသားဆိုသူကို လေးစားပါတယ်ရှင်—”

[ဤ အသံလွှင့် ဆောင်းပါးကို BBC http://www.bbc.co.uk/burmese/programmes/2010/12/101202_marmaraye.shtml တွင် နားဆင်နိုင်သည်။]


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ပြီးခဲ့တဲ့ကြာသပတေးနေ့ အစီအစဉ်မှာ အဆိုတော်ကြီး ဓနုဖြူစိုးသိန်းရဲ့ဝန်းကျင်က အကြောင်းတွေ ပြောပြီးတဲ့အခါမှာ နောက်တပတ်ကျရင်တော့ “မာမာအေးဆီပို့ပေးပါ”လို့ မှတ်ချက်နဲ့ ဧရာဝတီ ဘလော့ဂ်မှာဖတ်ရတဲ့ ‘အောင်ဆန်းစုကြည်’ နာမည်နဲ့ သီချင်းလေးအကြောင်းကို ပြောကြတာပေါ့လို့ ဒီကနေ့အတွက် ကြိုတင်စထားခဲ့တဲ့အတိုင်း ပြောရမှာပါပဲရှင်။

အရင်ပြီးသွားတဲ့ နိုဝင်ဘာလကထဲကပေါ့ U.S.A ရေဒီယိုဌာနကြီးတခုမှာလှုပ်ရှားနေတဲ့ မာအေးရဲ့ ဝမ်းမနာသားလေး တယောက်ဆီက ဖုန်းဆက်လာပါတယ်ရှင်၊ ကိစ္စတခုခုမရှိရင် ဘယ်တော့မှ မဆက်သွယ် တတ်လေတဲ့ သူ့ညာဉ်ကို သိထားပြီးသားမို့ “ဘာများအရေးပေါ်လို့ ခေါ်တာလဲ” အပျော့ချဲကလေးနဲ့ ချစ်စနိုးကစ်ထည့်လိုက်တဲ့အခါမှာ “အန်တီရေ အန်တီစု သီချင်းဆိုပြီးသွားပြီလား” ဆိုတဲ့ အမေးသံ ပြန်ကြား ခဲ့ရပါတယ်ရှင် “ဘုရားရေ – ဘာတွေလာမေးနေတာလဲ ဘာအစီအစဉ်မှ မလုပ်ပါလား ဘယ်ကကြားသလဲ” မာအေးရဲ့ အံ့သြသံစကား သူကြားတော့မှ အင်တာနက်မှာ တွေ့လိုက်လို့ပါတဲ့လေ။

မာအေးက ကွန်ပျူတာကို စာရိုက်တာ၊ စာပို့တာ၊ ဖွင့်ဖတ်တာလောက် သိတာပါလို့ ကိုယ့်ညံ့ချက်တွေ ပြောပြထားတာပဲရှင့်။ ကိုယ့်မိခင်ဌာန BBC မြန်မာပိုင်းရယ်၊ မိုးမခရယ်၊ တခါတလေ ဘားမားတူဒေးနဲ့ ဒေါက်တာ လွဏ်းဆွေရယ် ဒါပဲ တလှည့်စီဖွင့်ဖတ်တယ်၊ နားထောင်တယ်၊ ဒါတောင် တတ်တဲ့ကလေးတွေက ဖေးဘရိတ်ထဲမှာ အသေထည့်ထားပေးလို့ ခလုပ်နှိပ်ရုံပဲမို့ အခက်အခဲမရှိတာပါနော်၊ အခြားမီဒီယာတွေကို မဖွင့်တတ်လို့ မဖွင့်တော့ သူများပြောမှ သတင်းထူးရင် ကိုယ့် Email ထဲ ပို့ပေးခိုင်းရ ဖတ်ရနဲ့၊ ဒါဟာမာအေးရဲ့ ဒုက္ခလေးတခုပါပဲ၊ ဒါကြောင့်မို့လို့ အဲ့ဒီသီချင်းဆိုတာပါတဲ့ စာမျက်နှာကို ပို့ပေးပါလို့ ပြောရတော့တာပေါ့ရှင်။ သူကလည်း သတင်းလုပ်ချင်လို့ပဲဟာ ပို့မှာပါပဲ၊ ကိုယ့် Email ထဲကိုတော့ ဝင်မလာတာအမှန်၊ ဘာတွေဖြစ်နေပြန်တာလဲ၊ ကိုယ့်စက်ပဲ ချို့ယွင်းလေးကန် အလုပ်မလုပ်ပြန်တာလား၊ ကြားချင်တာမကြားရရင် သိချင်တာ မသိရရင်၊ ဘဝင်မကျနေမရ ဖြစ်လာတာ အရွယ်ကြောင့်လား မပြောတတ်ဘူး ချစ်ဆွေတို့ရဲ့၊ စိတ်က တော်တော် ကသီလင်တနိုင်တာကိုး၊ သီချင်းကလည်း “အန်တီစု သီချင်း” လို့ ပြောသွားတော့ သီချင်စိတ်က ပိုဆိုးတော့တာပေါ့ရှင်။

သီချင်းလေး ရောက်လာနိုး၊ ဖတ်ရနိုးနဲ့ ကွန်ပျူတာလေးနားမှာ စောင့်စားနေတုန်းမှာ ကဗျာဆရာ ကိုသက် LA က ဖုန်းဆက်တော့ ရှာစမ်းပါဦးလို့ ပြောမိပြန်တယ်။ သူက ပါးတယ်ရှင့်၊ မိုးမခကို လှမ်းချိတ်တယ်လေ၊ ကိုရစ်အသံ ကြားတာနဲ့ သီချင်းတွေ့မိလားပေါ့နော်၊ ဟိုက ရှာပို့ပေးလိုက်မယ်၊ တွေ့တယ် တွေ့တယ် တဲ့၊ တကယ်ပဲ စက်ထဲ ရောက်လာပါတယ်ရှင်။

ဖလ်မျက်နှာပြင်မှာတွေ့တာက ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီကိုယ်ပွား၊ ဧရာဝတီ ဘလော့ဂ်မှာ တင်ပေး ထားတဲ့ စာရွက်အကွက်လေး နှစ်ကွက် ဖြစ်ပါတယ်။ အသေးဆုံးချုံ့ထားတဲ့ စာလုံးတွေမို့ မှန်ဘီလူးအကြီးစား အားများများနဲ့ ကပ်ပြီး ဖတ်ကြည့်ရမှ တွေ့ရပုံပေါ်ပါတယ်။ ကိုယ်က ချုံ့တာတွေ၊ ချဲ့တာတွေ မလုပ်တတ်တဲ့ ဒုက္ခ ထုတ်လို့က မရမှာသိလေတော့ သားရဟန်းတော် သီတင်းသုံးရာ ကျောင်းဝိသာဆီပြေး၊ စာထုတ်ပေးတော်မူပါဦးဘုရား သွားလျှောက်ထားနဲ့ဟာ အနားရှိတဲ့သူ ဘယ်သူမှ မနေရတဲ့ ကိန်းဆိုက်သလိုဘဲရှင့်။

တတ်တဲ့လူ ကူလိုက်တော့ သီချင်းစာရွက် အခန့်သားလေးထွက်လာတာပေါ့ရှင်၊ အရှေ့တိုင်းသုံး ဂဏန်း စာလုံးနဲ့ ရိုက်ထုတ်ထားတဲ့ သင်္ကေတနဲ့ သီချင်းစာတွဲပြီးသားပါ၊ သင်္ကေတမှာ ကော့(ဒ်) တွေ ချထားတာတွေ့ပါတယ်၊ (STRING) တို့ (ROLL) တို့ ဆိုတဲ့စာလုံးတွေလည်း သူလိုတဲ့နေရာတွေမှာ ထည့်ရေးထားတာကို တွေ့နေပါတယ်။ အကြမ်းအားဖြင့် ဘိုသံ ဖြစ်မယ် ထင်ရတယ်ရှင့်၊ ရေးတဲ့သူက မန္တလေးသား (နန်းတော်ရှေ့) တဲ့၊ သီချင်းနာမည်က “အောင်ဆန်းစုကြည်” Key; C နဲ့ ဆိုဘို့တီးဘို့ စနစ်တကျရေးပြထားပါတယ်။ “ဒေါ်မာမာအေးထံ ပို့ပေးပါရန်” လို့ အောက်ခြေမှာ လက်ရေးနဲ့ မှတ်ချက်ရေးပေးထားတာလည်း ဖတ်ရပါတယ်။

မာအေးဆိုဘို့ တကူးတက ရေးပို့တဲ့ နန်းတော်ရှေ့က တေးရေးဆရာ မန္တလေးသားဆိုသူကို လေးစား ပါတယ်ရှင်။ ညီမလေးစုနာမည်နဲ့ ဒီသီချင်းလေးကို ဖေါ်ပြပေးတဲ့ ဧရာဝတီ ဘလော့က ဆရာများကိုလဲ ကျေးဇူး တင်ရပါတယ်။ ညီမလေးစုကို ချစ်ခင်အားကိုးကြတဲ့ ပရိသတ်အများကလဲ ဒီသီချင်းလေးကို စောင့်စားကောင်း စောင့်စားနေကြလိမ့်မယ်ပေါ့ရှင်၊ မထင်တာက ဖြစ်တတ်တဲ့ကိစ္စမျိုး သောတရှင်တို့ တိုးဖူးကြမယ် ထင်ပါတယ်နော်၊ ပြောရမှာ မပျော်လိုက်တာ သောတရှင်တို့ရယ်…၊ “မာအေး ဒီသီချင်း ဆိုမပေးဖြစ်ပါဘူး” လို့ ပြောရမှာ မို့လို့ပါ။

“ဘာဖြစ်လို့ မဆိုတာလဲ”၊ ချစ်ဆွေတို့ မမေးခဲ့ရင်တောင် ပြောပြဦးမှာပါ။ “သီချင်းကြောင့်လား” ဆိုတော့လည်း မဟုတ်ပါဘူး၊ မာအေးက သင်္ကေတ NOTES တွေကို မဖတ်တက်ကြောင်းဝန်ခံထားတာ သိတယ် မဟုတ်လား၊ စာနဲ့ အသံ လိုက်မလိုက်၊ ကိုက်မကိုက်တောင် မသိနိုင်ပါဘူး၊ စာကတော့ ရိုးရိုးစင်းစင်းကလေးပါ။

အရင်တုန်းက မီဒီယာတွေကတဆင့် သီဆိုထုတ်လွှင့်ပေးခဲ့တဲ့ “အသဲနာ ကမ္ဘာမကြေ” တို့၊ “သံဃာကို အလေးပြုပါတယ်”တို့ ရွှေဝါရောင်ကိစ္စက သီချင်းတွေဖြစ်လာတာက “အချစ်ရေ” သီချင်းနဲ့ “အလေးပြုပါတယ်” သီချင်းနှစ်ပုဒ်ရဲ့ တီးလုံးရှိလို့ ဆိုပေးနိုင်တာပါ၊ “သားမေမေ” က “အချစ်မရှိတော့ဘူး” တီးလုံးနဲ့ ဆိုခဲ့တာပါ။ နာဂစ်ကိစ္စ “အသက်ရှည် ကျန်းမာဘို့ လှူကြစို့” သီချင်းက နယူးရော့မှာ ရောက်တုန်းက ကြုံတာနဲ့ စန္ဒရား အောင်ဝင်း အခန်းသွားပြီး စာလည်းရေး အသံလည်းရှာနဲ့ သီချင်းဖြစ်လာတာပါ။ နောက်ဆုံးဆိုဖြစ်တဲ့ မေတ္တာပို့ သီချင်းလေး “မင်္ဂလာအမိ မြန်မာပြည်” ကလည်း ကိုယ့်စာနဲ့ ကိုယ့်အသံကိုး၊ အတီးလွတ်ဆိုပြီး တူကြီး ကျော်ကျော်နိုင်ဆီကို အသံသွင်းပေးဘို့ Emailနဲ့ ပို့ရတယ်၊ သူက တီးလုံးအသံသွင်းပြီး ပြန်ပို့တော့မှ ဆိုလို့ရခဲ့တာပါရှင်။

နောက်တချက်ကတော့ သီချင်းအသံသွင်းပေးမယ့်သူ မရှိပြန်ဘူးရှင့်၊ အမြဲ အသံဖမ်းပေးခဲ့တဲ့ မွန်ကျော်သက် က အခြားပြည်နယ်ပြောင်းသွားတယ်၊ နောက် ဆက်အသံသွင်းပေးတဲ့ မောင်ဝဏ္ဏထွန်းကလည်း အလုပ်တွေပိ အချိန် မရှိလို့ မာအေးကို မကူနိုင်တာကြာပါပြီ၊ အဲ့ဒီအခက်အခဲ အမျိုးမျိုးကြောင့် မဆိုဖြစ်တဲ့အကြောင်း နားလည်ခွင့်လွှတ် ကောင်းပါရဲ့နော်။

တခုတော့ မာအေးတွေးနေပါသေးတယ်ရှင်၊ ညီမလေး စုအတွက် ဆရာမင်းသုဝဏ်တို့ ဆရာတင်မိုးတို့က အစ ကဗျာတွေနဲ့ ရေးသားဂုဏ်ပြုခဲ့တာတွေရှိတယ်၊ သူကိုယ်တိုင်ရေးထားတဲ့ ကဗျာလည်း မာအေး ဖတ်ပြခဲ့ဖူး တယ်လေ၊ ဂန္တဝင်မြောက် ကဗျာရှည်တွေကို ဇော်ဂျီရဲ့ ကဗျာ “ဗေဒါလမ်း” လို ဂီတတန်းပို့ရရင် မကောင်းဘူးလားလို့ တိုင်ပင်ကြည့်ရအောင်နော်။

ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြပါသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts