>Rangoon journalists donate to people living with HIV

>

ကမ္ဘာ့ အေ့ဒ်စ် ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်
စာနယ်ဇင်းသမားများလည်း ငွေလှူဒါန်း
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၅ ၊ ၂၀၁၀အိတ်ခ်ျအိုင်ဗီ စောင့်ရှောက်ရေးဂေဟာတွင် တွေ့ရသော မဖြူဖြူသင်း နှင့် လုပ်ဖော်ကိုင်ဘက်များ


လွန်ခဲ့တဲ့ သတင်းပတ်အတွင်းမှာ အနုပညာသည်များနဲ့ ကဗျာဆရာများက တောင်ဒဂုံမြို့နယ်ရှိ မဖြူဖြူသင်းတို့ရဲ့ အိတ်ခ်ျအိုင်ဗီ စောင့်ရှောက်ရေးဂေဟာကို သွားရောက်အားပေး လှူဒါန်းကြတဲ့နည်းတူ ရန်ကုန်မြို့မှ စာနယ်ဇင်းသမားများကလည်း ကမ္ဘာ့ အေ့ဒ်စ် ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ မွန်းလွဲပိုင်းက ငွေသွားရောက် လှူဒါန်းခဲ့ကြပါတယ်။

ရန်ကုန်မြို့ စာနယ်ဇင်းသမားများက စုပေါင်း အလှူငွေကောက်ခံပြီး မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ သုခရိပ်မြုံ အိတ်ခ်ျအိုင်ဗီ ကူးစက်ခံရတဲ့ ကလေးငယ်များ စောင့်ရှောက်ရေး ဂေဟာနဲ့ တောင်ဒဂုံမြို့နယ်မှ အန်အယ်လ်ဒီ မဖြူဖြူသင်းတို့ ဦးစီး လုပ်ဆောင်လျက်ရှိတဲ့ အိတ်ခ်ျအိုင်ဗီ ဝေဒနာသည် စောင့်ရှောက်ရေး ဂေဟာတို့ကို အလှူငွေ ကျပ် ၂သိန်းစီ လှူဒါန်းခဲ့တယ်လို့ အဆိုပါ လှူဒါန်းရာမှာ ပါဝင်ခဲ့တဲ့ သတင်းထောက် တဦးက ပြောပါတယ်။

ယခုလို လှူဒါန်းခဲ့တာဟာ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ အိတ်ခ်ျအိုင်ဗီ ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရည်ရွယ်လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောဆိုပြီး သွားရောက်ရာမှာ သတင်းထောက် ၂၀ ဦးဝန်းကျင်လိုက်ပါ ခဲ့တယ် လို့လည်း အဆိုပါ သတင်းထောက်ကပဲ ပြောပါတယ်။

သတင်းထောက်အုပ်စုနဲ့ အတူ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ အမတ်အဖြစ် ပါဝင် အရွေးခံခဲ့သူ ဒေါက်တာစောနိုင်လည်း အတူလိုက်ပါသွားပါတယ်။

ဒေါက်တာစောနိုင်ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တောင်ဥက္ကလာမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး မဲအရေအတွက် အနည်းငယ်နဲ့ ကပ်ရှုံးခဲ့ရသူဖြစ်ပါတယ်။

မဖြူဖြူသင်းက သူတို့ စောင့်ရှောက်ရေး ဂေဟာရဲ့ လုပ်ဆောင်ပေးနေတဲ့ အခြေအနေ၊ လိုအပ်တဲ့ အကူအညီတွေကို ရှင်းပြပြီး သက်တမ်း ၈ နှစ်ထဲ ရောက်လာပြီဖြစ်တဲ့ စောင့်ရှောက်ရေးလုပ်ငန်း ဆက်လက် အောင်မြင်အောင် ဆောင်ရွက်ဖို့ရာမှာ မီဒီယာရဲ့ အခန်းကဏ္ဍက အရေးပါပြီး သတင်းရေးသားဖို့ မေးမြန်းလိုရင် အချိန်မရွေး ၀င်ထွက်ကြပါလို့လည်း ဖိတ်ခေါ်ခဲ့တယ်လို့ လိုက်ပါသွားခဲ့တဲ့ သတင်းထောက်များက ပြောပါတယ်။
လူနာများ အေအာရ်ဗီ ဆေးရရှိရေးဟာ အဓိက အရေးကြီးတဲ့ အချက်ဆိုတာ၊ လက်ရှိရင်ဆိုင် ဖြေရှင်း လုပ်ကိုင်နေရတဲ့ အနေအထားနဲ့ အိတ်ခ်ျအိုင်ဗီ ရောဂါရှင်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အတွေ့ အကြုံကိုလည်း ရှင်းပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး မကြာခင်ရက်ပိုင်းအတွင်း အဲဒီစောင့်ရှောက်ရေး ဂေဟာကို သွားရောက် အားပေးခဲ့လို့ တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က ဧည့်စာရင်းသက်တမ်း မတိုးပေးဘူးလို့ ခြိမ်းခြောက်မှုတွေ ပေါ်ထွက်ခဲ့ပြီး တိုင်းကျန်းမာရေး ဌာနကလည်း မဖြူဖြူသင်းတို့ကို ကျန်းမာရေးကိစ္စရပ်များ၊ ပတ်ဝန်းကျင် ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်တွေကို ခေါ်ယူဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ သို့ပေမယ့် နိုဝင်ဘာ ၂၅ ရက်နေ့ ဧည့်စာရင်း သက်တမ်း ကုန်ချိန်မှာတော့ သက်ဆိုင်ရာ ရယက (ရပ်ကွက် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ) က သက်တမ်းဆက်လက် တိုးခွင့်ပြုခဲ့တာ တွေ့ရပါတယ်။

အဲဒီနောက် အဆိုပါတောင်ဒဂုံ စောင့်ရှောက်ရေး ဂေဟာသို့ အနုပညာသည် အချို့ သွားရောက် အားပေးကာ အလှူငွေ လှူဒါန်းခဲ့ပြီးနောက်မှာ သွားရောက်ခဲ့သူ အနုပညာသည်များရဲ့ တေးသီချင်းများကို အက်ဖ်အမ် အသံလွှင့်ဌာနများမှာ မလွှင့်ထုတ်ဖို့ တားမြစ်တာ၊ သူတို့ကို အင်တာဗျူးပြီး ထုတ်လွှင့်မှုတွေ မလုပ်ဖို့ ညွှန်ကြားချက်များ ထွက်ပေါ်လာခဲ့ပါတယ်။ မကြာခင် ရက်ပိုင်းအတွင်းမှာ ကဗျာဆရာများလည်း စုပေါင်းပြီး တောင်ဒဂုံ စောင့်ရှောက်ရေး ဂေဟာသို့ သွားရောက်ခဲ့ကြတာ ကိုလည်း ကြားသိရပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ အန်အယ်ဒီ ပါတီမှ လူမှုရေး လုပ်ငန်းအဖြစ်နဲ့ အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များအား ထောက်ပံ့ကူညီ လုပ်ဆောင်လျက်ရှိတဲ့ ကိစ္စကို နိုင်ငံရေး လုပ်ဆောင်ချက် အဖြစ်ရှုမြင်ပြီး လိုက်လံ နှောက်ယှက်တာ၊ သွားရောက်သူတွေအပေါ် တုံ့ပြန် အရေးယူတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ယနေ့သွားရောက်ခဲ့သူ ပြည်တွင်း သတင်းထောက်တဦးက ပြောဆိုရာမှာ အဲဒီလိုကိုယ့်ရဲ့ အလုပ် အကိုင်ကို အစိုးရက အနှောင့်အယှက်ပေးနိုင်ကောင်း ပေးနိုင်တယ် ဆိုတာ စဉ်းစားမိပါတယ်။ ဒါပေမယ့် ကူညီတဲ့ ကိစ္စဟာ ကောင်းမြတ်တဲ့ ကိစ္စတစ်ခု ဖြစ်တာ၊ ကိုယ့်ထက်အများကြီး ကိုယ်ကျိုးစွန့်ပြီး လုပ်နေတဲ့ မဖြူတို့လို လူတွေကို သတိရ စဉ်းစားလိုက်တဲ့နောက်မှာ သွားဖို့ ဆုံးဖြတ်လိုက်တာပါပဲ လို့သူ့ရဲ့ စိတ်ခံစားမှုကို ပြောပြသွားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts