>Myanmar Wikileak – The video on the arrest of Khin Nyunt & his wife

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မြန်မာဝီကီလိခ် သို့မဟုတ် ဗိုလ်ချုပ်ခင်ညွှန့် ပါတော်မူ ဗီဒီယိုဖိုင်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၅၊ ၂၀၁၀
မကြာခင်ရက်ပိုင်းက အသံတိတ်ဖိုင်အဖြစ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ပထမဆုံး ရောက်ရှိခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့် ပါတော်မူဖိုင်ရဲ့ ပထမပိုင်းကို ဒီနေ့မှာတော့ အသံနဲ့တွဲလျက် ထွက်ပေါ်လာပြန်ပါတယ်။ ပထမဆုံးအကြိမ် ဖေ့စ်ဘွတ်မှာ ပေါ်ထွက်စဉ်က stone age ဆိုတဲ့ အကောင့်ပိုင်ရှင်က စတင်ဖြန့်ဝေလိုက်တာပါ။
အဆိုပါ အကောင့်ပိုင်ရှင်ဟာ ဘယ်သူဆိုတာ ဘယ်သူမှ မသိကြပါဘူး။ နာမည်ဝှက်တစ်ခုသာ ဖြစ်ပြီး အစိုးရ ဌါနဆိုင်ရာ ၀န်ထမ်းလား၊ ဒါမှမဟုတ် အစိုးရဌါနဆိုင်ရာအရာရှိတွေရဲ့ မေးလ်တွေ ၀က်ဆိုက်တွေကို ထိုးဖောက်ကြည့်ရှုနိုင်သူ (ဟက်ကာ) လားဆိုတာ အတိအကျ မသိနိုင်ပါဘူး။ အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်းသာဆိုခဲ့ရင်တော့ နအဖ စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံကို မနှစ်သက်လို့ နအဖရဲ့ လျှို့ဝှက်ချက် သတင်းတွေကို ဖွင့်ချခြင်းဖြင့် သူ့တတ်နိုင်တာကို လုပ်ဆောင်သူ ဖြစ်နိုင်ပါတယ်။
လွန်ခဲ့တဲ့နှစ်က နအဖ စစ်ခေါင်းဆောင်တွေ ရုရှနဲ့ မြောက်ကိုးရီးယား သွားတဲ့ ခရီးစဉ်ရဲ့ မှတ်တမ်းဓါတ်ပုံတွေ၊ ဆွေးနွေးပွဲဖိုင်တွေ ပေါက်ကြားခဲ့ပြီး ဗိုလ်ကြီးဝင်းနိုင်ကျော်နဲ့ သူ့ရဲ့သား ဖြစ်သူတို့ကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးခဲ့ပါတယ်။
အခုဗိုလ်ချုပ်ခင်ညွန့်ကို နေရာရွှေ့ပြောင်းတဲ့  အသံမပါ ဗီဒီယိုဖိုင် စတင်ပျံ့နှံ့ပြီးနောက် ခန့်မှန်းတွက်ဆသူ တချို့က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အရေး ကိစ္စမှာသူ့ကိုအသုံးချဖို့ ရွှေ့တာလား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့လား အစရှိတဲ့ လွဲချော်တဲ့ခန့်မှန်းမှုတွေ ပေါ်ထွက်ခဲ့တာလည်း ကြားသိနေရပါတယ်။
အမှန်ကတော့ ဗိုလ်ချုပ်ခင်ညွန့်ကို နေရာရွှေ့ပြောင်းစဉ် ဒေါ်ခင်ဝင်းရွှေကားပေါ် မတက်မီ မျက်ရည်သုတ်တာ၊ မြေးတွေကို  နှုတ်ဆက်နေတာ၊ ရဲချုပ်ခင်ရီနဲ့ စကားပြောစဉ် စိတ်လှုပ်ရှားနေတာ၊ ငြင်းဆိုတဲ့ မျက်နှာနဲ့ ခေါင်းအမူအရာတွေကို အကဲခတ်ခြင်းအားဖြင့် စွပ်စွဲချက်ကို ငြင်းဆိုတယ်ဆိုတာရော၊ နောက်ရွှေ့ရမယ့် နေရာဟာ ယခုထက် လွတ်လပ်မှု အများကြီးနည်းပါးမယ့် ဆိုတာတွေကို နားလည်သဘောပေါက်နိုင်ပါတယ်။
လွယ်လွယ်ပြောရရင်တော့ နေအိမ်အကျယ်ချုပ်နဲ့ ထားရာမှာ တစုံတရာ လှုပ်ရှားမှုရှိတဲ့ သံသယ၊ သာဓကကြောင့် ပြစ်ဒဏ်ပေးခံရတယ် ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ နောက်တနေရာကို ရောက်တဲ့အခါ အရောင်မတူတဲ့ ယူနီဖောင်းဝတ် ၂ ဦး ရဲချုပ်ခင်ရီနဲ့ အတူပါလာတာကိုလည်း တွေ့ရပါတယ်။ သူတို့လက်မောင်းက ဗက် ကိုကြည့်ခြင်းဖြင့် အကျဉ်းဦးစီး ဌာနကဆိုတာ ထင်ရှားပါတယ်။
အဲဒီ အဓိပ္ပါယ်က ဘာကိုညွှန်းဆိုသလဲဆို ဗိုလိချုပ်ခင်ညွန့်ကို အကျဉ်းဦးစီးဌါန လက်အောက်လွှဲပြောင်းလိုက်ပြီ၊ သီးသန့်ထောင်ကိုရွှေ့လိုက်ပြီဆိုတာ နားလည်နိုင်ပါတယ်။ အကျဉ်းဦးစီးရဲ့ တာဝန်ယူမှုအောက်ကို ရွှေ့လိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။ နောက်ရွှေ့လိုက်တဲ့နေရာဟာ ခပ်ပုပုသေးသေးနှစ်ထပ်တိုက် တခုဖြစ်ပြီး သူနကိုနေခဲ့တဲ့ ခမ်းနားလှတဲ့ အိမ်ကြီးနဲ့ဆို ဆီနဲ့ရေလောက် ကွာခြားပါတယ်။ သူ့ကိုပြစ်ဒဏ်ပေးလိုက်တဲ့ သဘောဆိုတာ ကောက်ချက်ချနိုင်ပါတယ်။
အထက်ပါ အချက်အလက်တွေကတော့ ပထမ ထွက်ပေါ်လာတဲ့ အသံတိတ်ဗီဒီယိုကို ကြည့်ခြင်းအားဖြင့် ခန့်မှန်းလို့ရတဲ့ အချက်အလက်တွေပါ။ ဒီနေရာမှာ ဒီဗီဒီယိုဖိုင်ကို ဘယ်သူက ပေါက်ကြားစေသလဲ ဆိုတဲ့ အချက်ဟာ စိတ်ဝင်စားစရာ အချက်ပါ။ နအဖ အစိုးရအဖွဲ့ထဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေထဲမှာ အလယ်အလတ်ရာထူးရှိသူတွေလည်း နအဖ စစ်အစိုးရလုပ်ရပ်ကို မကျေနပ်သူတွေရှိနေတယ်ဆိုတဲ့ အချက်ပါ။
စစ်အစိုးရရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဖေါ်ထုတ်ဖောက်ချခြင်းဖြင့် နအဖ စစ်အစိုးရ ပြိုကျအောင် လုပ်ဆောင်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်အစိုးရရဲ့ လိမ်ညာမှု၊ မသမာမှုတွေကို ဖွင့်ချခြင်းဖြင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုကို အထောက်အပံ့ဖြစ်အောင် လုပ်ဆောင်ပေးနေတဲ့ သဘောဖြစ်ပါတယ်။
ဒါကို မြန်မာ ၀ီကီလိခ် လို့တောင်ခေါ်ဆို နိုင်မယ် ထင်ပါတယ်။
ကမ္ဘာမှာ ၀ီကီလိခ အင်တာနက် စာမျက်နှာကြောင့် နိုင်ငံကြီးငယ်တွေက အစိုးရအဖွဲ့တွေ မျက်နှာပူ၊ အကြပ်ရိုက်နေကြပါတယ်။ သံတမန်တွေရဲ့ မှတ်ချက်တွေ၊ ခေါင်းဆောင်တွေရဲ့ မှတ်ချက်တွေကို ဖွင့်ချဖေါ်ထုတ်လိုက်တာကြောင့် ကန့်လန့်ကာ နောက်ကွယ်က သဘောထားတွေ လုပ်ဆောင်မှုတွေ ပေါ်ထွက်လာတာကြောင့် အစိုးရအချင်းချင်း မျက်နှာပူစရာတွေဖြစ်ကုန်ကြလို့ပါပဲ။
ဒီဝက်ဆိုက်ကို လွှင့်တင်ထားတဲ့ ဂျူလီယန် အက်ဆန်းကို အင်တာပိုလ်က ၀ရန်းထုတ်ထားပြီး ခြိမ်းခြောက်မှုတွေလည်း ရှိနေတာကို ဖတ်ရှုရပါတယ်။ လွှင့်တင်သူ ဂျူလီယန် အက်ဆန်းကတော့ အစိုးရတွေရဲ့ မရိုးဖြောင့်တာ၊ ပွင့်လင်းမြင်သာမှု မရှိတာကို ဖေါ်ထုတ်ဖွင့်ချခွင့်ရှိတယ်လို့ ယူဆထားသူပါ။
မည်သို့ပင် ဖြစ်စေကာမူ၊ မြန်မာဝီကီလိခ်ကြောင့် မြန်မာနိုင်ငံရေးပရိသတ်၊ ဖေ့ဘွတ်၊ ရေဒီယို၊ အင်တာနက် ပရိသတ်ကြားမှာ ဗိုလ်ခင်ညွန့် ပါတော်မူ ရုပ်သံဟာ အတော်ကို လှုပ်ခတ်သွားပါတယ်။ အတော်များများကတော့ အမျိုးသားရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေးဘက်ကို မျှော်လင့်အားခဲပြီး တွက်ကြ၊ ချက်ကြ၊ ဟောကိန်းတွေ ထွက်ခဲ့ကြတာကို တွေ့ရတာကြောင့် အတော် အကောင်းမြင်စိတ်တွေနဲ့ တုန့်ပြန်ကြတယ်လို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း ဗိုလ်ခင်ညွန့် ထောင်ပြောင်းရုပ်သံအပြင် အခြား မြန်မာဝီကီလိခ် ရုပ်သံတွေ၊ မှတ်တမ်းတွေ ဆက်တိုက် ထွက်လာမှသာလျင် တွက်သူများ၊ တွေးသူများ၊ အကွက်မြင်ချင်သူများအတွက် ပိုပြီး အဆင်ပြေလာပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ ဒီလောက်နဲ့တော့ မလုံလောက်သေးပါဘူး ခင်ဗျား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts