>Suu met with Burmese political prisoners’ families and former prisoners

>

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မိသားစုများနဲ့ တွေ့ဆုံ
တာရာဝေယံ။ ဓာတ်ပုံသတင်း
ရန်ကုန်၊ နိုဝင်ဘာ ၃၀၊ ၂၀၁၀
မြန်မာဒီမိုကရေစီရေး လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်ရဲ့ မိခင် ဒေါ်မိမိလေး ကွယ်လွန်ခြင်း ၃ နှစ်ပြည့် ဆွးမ်ကျွေးအလှူကို သွားရောက်ခဲ့ပါတယ်။ ဆွမ်းကျွေးကို အင်န်အယ်ဒီပါတီက ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ မဖြူဖြူသင်း၊ ဦးနိုင်းနိုင်း၊ နဲ့ ဦးအေးသာအောင် အစရှိတဲ့ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုများနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းက မိတ်ဆွေများ၊ ဆွေမျိုး မိတ်သင်္ဂဟများ ကြွရောက်ကြတာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဆွမ်းကျွေးအလှူကို သားငယ် ကိုထိန်လင်း (ခ) Kim Aris နဲ့အတူ လာရောက်တာ ဖြစ်ပါတယ်။ ဒေါ်စုက နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင် ၃၀ ဦး ခန့်နဲ့ တဦးချင်း တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။ အချိန်မလောက်တာကြောင့် အခြားမိတ်ဆွေများနဲ့ နှုတ်ဆက်ရန် အချိန်မလုံလောက်တာကြောင့် တောင်းပန်စကား ပြောကြားခဲ့ပါတယ်။





“ကျမအနေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုဝင်များ အားလုံးကို နှုတ်ဆက်နိုင်ဖို့ အချိန်နည်းသွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျမအိမ်ကိုလည်း လာကြပါ။ တဦးချင်းစီကိုလည်း အချိန်ရသလောက် တွေ့သွားဖို့ ရှိပါတယ်။ ကျန်းမာရေး ဂရုစိုက်ကြပါ။ ကျန်းမာရေးကောင်းမှ ကျမတို့ လုပ်စရာရှိတာတွေ လုပ်လို့ရမှာပါ။ ဘာပဲလုပ်လုပ် တရားဥပဒေအတိုင်း ဆောင်ရွက်ကြပါ။ တရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့အတွက် ဥပဒေဟာ အရေးကြီးပါတယ်။”
စသည်ဖြင့် ဒေါ်စုက ပြောကြားပြီး နေ့လည် ၁၂ နာရီခွဲ ခန့်မှာ ပြန်လည် ထွက်ခွာသွားပါတယ်။

စစ်တွေထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ်ရဲ့ မိခင် ကွယ်လွန်ခြင်း ၃ နှစ် ပြည့် ဆွမ်းကျွေးအလှူကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ သံလွင်လမ်း၊ ၈၀ (က) မှာရှိတဲ့ ပဏ္ဏိတရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
(ဓာတ်ပုံများ – နို ၂၉၊ ၂၀၁၀၊ ရန်ကုန်၊ ရွှေတောင်ကုန်းကျောင်းတိုက်၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းက မိတ်ဆွေ သင်္ဂဟများ၊ ဓာတ်ပုံ – တာရာဝေယံ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts