>Health Effects of Burning Trash in Maulmein

>

အမှိုက် မသိမ်းဘဲ နေ့စဉ်မီးရှို့ခြင်းကြောင့် မော်လမြိုင်သားတို့ ကျန်းမာရေးထိခိုက်
မိုးမခ အထောက်တော်၊ မော်လမြိုင်
နိုဝင်ဘာ ၂၇၊ ၂၀၁၀ လှပတဲ့ မော်လမြိုင်မြို့ တနေရာ (ဓာတ်ပုံ-မိုးမခ)

မော်လမြိုင်မြို့စည်ပင်သာယာ အဖွဲ့က နေ့စဉ်ထွက်ရှိတဲ့ အမှိုက်များကို သိမ်းဆည်းခြင်းမပြုဘဲ လူနေရပ်ကွက်များမှာ နေ့စဉ်မီးရှို့နေတာကြောင့် အမှိုက်မီးလောင်ရာမှ ထွက်ရှိတဲ့ မီးခိုးများ၊ ညှော်များကြောင့် ကျန်းမာရေးနဲ့ မညီဖြစ်နေရတယ်လို့ မော်လမြိုင်မြို့ခံများက ပြောပါတယ်။

မော်လမြိုင်မြို့ ဖက်တန်းရပ် လျှပ်စစ်ဝင်းအနီး နေထိုင်သူ တဦးက ပြောရာမှာ “အဒေါ်တို့ အိမ်နားက အမှိုက်ပုံကို စည်ပင်က အမှိုက်ကားက လာတယ်၊ ဒါပေမယ့် သိမ်းဖို့ မဟုတ်ဘူး၊ ဒီအမှိုက်ပုံမှာတင် မီးရှို့ပြီး ထားခဲ့တာ၊ ဈေးကထွက်တဲ့ ကုန်စိမ်း အမှိုက်တွေ၊ အိမ်တွေက ပစ်တဲ့ ပလပ်စတစ်လို အမှိုက်တွေပါ တနေ့လုံး မီးလောင်နေတော့ ထွက်တဲ့ မီးခိုးတွေ၊ ညှော်နံ့တွေနဲ့ တနေ့လုံး အိမ်ဘက်ကို လွင့်လာနေတာ´´လို့ ပြောပါတယ်။

အဆိုပါ ရပ်ကွက် တခုထဲမဟုတ်ဘဲ မော်လမြိုင်မြို့ မြိုင်ရတနာဈေးကြီး အနီး၊ အမှတ် ၈ အထက ရှေ့မှာလည်း လူနေအိမ်တွေက စွန့်ပစ်လိုက်တဲ့ အမှိုက်တွေကို နေ့စဉ်လိုလို မီးရှို့နေတာကြောင့် ဒေသခံတွေ၊ လမ်းသွားလမ်းလာတွေ မီးခိုးဒဏ်ကို ခံစားနေရတယ်လို့ တောင်ပေါ်တန်းရပ်နေထိုင်သူကလည်း ပြောပါတယ်။

သစ်ရွက်ခြောက်အမှိုက်လိုမျိုးကို မီးရှို့တာက အပြစ် မဆိုသာပေမယ့် အိမ်သုံးအမှိုက်၊ စီးပွားရေး လုပ်ငန်းသုံး အမှိုက်တွေကို မီးရှို့တာကတော့ မဖြစ်သင့်တဲ့ အဖြစ်ပါလို့ မော်လမြိုင်မြို့မှ ဖက်တန်းရပ်က ရပ်ကွက်သား တဦးက ပြောပါတယ်။

စည်ပင်သာယာအဖွဲ့ ရဲ့ အမှိုက်သိမ်းယာဉ် ရှိပေမယ့် မသုံးဘဲ မီးရှို့တဲ့ နည်းပညာနဲ့ အမှိုက်ပြဿနာကို ဖြေရှင်းနေတယ်လို့လည်း အဆိုပါမြို့ခံကပဲ ပြောပါတယ်။

မော်လမြိုင်ဟာ ယခင်က မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး မြို့ဖြစ်ခဲ့ပြီး လူဦးရေ ၂ သိန်း ၇ သောင်းကျော် နေထိုင်ပါတယ်။ မွန်ပြည်နယ်ရဲ့ စီးပွားရေးအရ အချက်အချာကျတဲ့မြို့တမြို့လည်း ဖြစ်ပါတယ်။

ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ခေတ်တုန်းက မှောင်ခိုကုန်သွယ်မှုလို့ ခေါ်ဆိုတဲ့ ထိုင်းနဲ့ မလေးရှား စင်္ကာပူကုန်သွယ်မှုတို့ရဲ့ အချက်အချာကျခဲ့တဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts