>Letters from Michigan 36

>

မစ်ရှီဂန်မှပေးသောစာ အမှတ် ၃၆
အောင်ဝေး
နိုဝင်ဘာ ၂၅၊ ၂၀၁၀


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့မာပါရဲ့ဗျာ။ ဒီတစ်ခါတော့ ပြည်တွင်းက ကြားရတဲ့ သတင်းတွေအပေါ်အခြေခံပြီး၊ ကျနော် ထင်တာမြင်တာလေး တချို့ ပြောပရစေ။

ပထမဆုံးကတော့ တပ်မတော်သတင်းပါ။ သတင်းကတော့ သတင်းကောင်း မဟုတ်ဘူးပေါ့ဗျာ။ ဒီလို တပ်မတော်ရဲ့ မကောင်းသတင်းနဲ့ အတူ၊ ပြည်သူတွေက တပ်မတော်အပေါ် မကျေမနပ်ဖြစ်တာတွေ အကြောင်း ပြောလိုက်ရင်၊ တပ်မတော်ထဲက ကောင်းတဲ့ သူတွေ၊ ကောင်းတဲ့ အစိတ်အပိုင်းတွေကို ထိခိုက် နစ်နာစေတာမျိုး၊ စော်ကားမိသလိုမျိုး ဖြစ်သွားမှာကိုတော့ ကျနော် အားနာပါတယ် ကိုဒေါင်း။

ဒါပေမဲ့၊ မတတ်နိုင်ဘူးဗျာ။ တပ်မတော်ရဲ့ မကောင်းသတင်းက မပြောလို့လည်း မရ၊ ထိမ်ချန်ထားလို့ကလည်း မဖြစ် ဆိုတော့၊ အားနာနာနဲ့ပဲ ကျနော်ပြောရတော့မယ်။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ပဲခူးက ဇိုင်းဂနိုင်း လူသတ်ပွဲ အကြောင်းပါ။ ဒီလုပ်ရပ်ကြောင့် ပြည်သူတွေဘက်က တပ်မတော်အပေါ်မှာ ယုံကြည်ကိုးစားမျှော်လင့်မှုတွေ အတော့်ကို လျော့ပါး ပျောက်ဆုံးသွားတာတော့ အမှန်ပဲ ကိုဒေါင်း။

ဖြစ်ရပ်နဲ့ ဖြစ်စဉ် အသေးစိတ်ကို လူတိုင်း သိပြီးသားပါ။ ဇိုင်းဂနိုင်း လူသတ်ပွဲကို နအဖစစ်အုပ်စု မီဒီယာတွေက ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်မျိုးပါ ဆိုပြီး၊ ကျနော်တို့ ပြည်သူတွေ တစ်ရပ်လုံးကို မထီမဲ့မြင်ပြု စော်ကားလိုက်ပြန်တယ်လေ။

ကျနော်တို့ တိုင်းပြည်မှာ စစ်တပ်က လူတွေကို ကြက်ကလေး၊ ငှက်ကလေးတွေလို သဘောထားပြီး၊ သေနတ် တကိုင်ကို င်၊ လက်ယားတိုင်း လွယ်လွယ် ပစ်သတ်နေတာကတော့ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စပဲ။

တပ်မတော်ဆိုတာကတော့ဗျာ ကျနော်တို့ တိုင်းပြည်မှာ ၁၉၆၂ တော်လှန်ရေးကောင်စီ စစ်အာဏာ သိမ်းခဲ့တဲ့ အချိန်က စပြီး ၁၉၆၂ ရန်ကုန်တက္ကသိုလ် ဆဲဗင်းဂျူလိုင် အရေးအခင်းကနေ မနေ့တစ်နေ့က ဖြစ်ခဲ့တဲ့ ၂ဝဝ၇စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအထိ ခေတ်အဆက်ဆက် လူထု အုံကြွမှုတွေ၊ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာတိုင်း စစ်တပ်ကပဲ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက် သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ် နှိမ်နင်းခဲ့တာပါပဲ။

ဒါဘာကို ပြနေသလဲဆိုရင် စစ်အာရှင်အစိုးရရဲ့ လူသတ်ဝါဒကို ပြတာပဲဗျာ။ ဒါ သူတို့ဘက်ကတော့ သူတို့စစ်တပ် လမ်းစဉ်ပေါ့ဗျာ။ ပြည်သူ့အမြင်မှာတော့ လူသတ်လမ်းစဉ်ပေါ့ဗျာ။ ဒီပြစ်မှုတွေကို နှစ်ပေါင်းများစွာ ဆက်တိုက်ဆိုသလို ကျူးလွန်နေတာက စစ်အုပ်စုရဲ့ ထိပ်တန်းခေါင်းဆောင်ပိုင်းတွေပဲဗျာ။ စစ်အာဏာရှင် လက်တစ်ဆုပ်စာပဲဗျာ။ တပ်မတော်ကြီး တစ်ခုလုံးတော့ မဟုတ်ဘူး ကိုဒေါင်း။ စစ်အာဏာရှင်တစ်ဦး သို့မဟုတ် တစ်စုကြောင့်ပဲ တပ်မတော်ဟာ အကြီးအကျယ် နာမည်ပျက်ရရှာတယ် မဟုတ်လား ကိုဒေါင်း။

အရင်က စစ်အာဏာရှင်နဲ့ အခု စစ်အာဏာရှင်၊ လူချင်း ဘယ်လိုပဲ ကွဲကွဲ၊ သူတို့ရဲ့ တူညီတဲ့ တစ်ခုတည်းသော ဝါဒကတော့ လူသတ်ဝါဒပဲ။ သူတို့ရဲ့ ဘုံလမ်းစဉ်ကတော့ လူသတ်လမ်းစဉ်ပဲ။ သူတို့ဟာ အာဏာကို ချုပ်ကိုင်ထားပြီး လူတွေကို တွင်တွင်သတ်နေကြတယ်။ သူတို့ဟာ လူတွေကို တွင်တွင်သတ်ပြီး အာဏာကို ချုပ်ကိုင်ထားကြတယ်။

ဒီတော့ မဆလလက်ထက် လူထုအရေးတော်ပုံတွေကို စစ်တပ်နဲ့ အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့တယ်။ နဝတ၊ နအဖလက်ထက် လူထုအရေးတော်ပုံတွေကို လည်းစစ်တပ်နဲ့ပဲ အကြမ်းဖက်ဖြိုခွဲ နှိမ်နင်းခဲ့တယ်။ ဒီတော့ မြန်မာပြည်မှာ စစ်တပ်ဟာ နာမည်ဆိုးနဲ့ ထင်ရှားတဲ့ အမည်းစက်ကြီးလို ဖြစ်လာတယ်။

ဒီတော့ ပြည်သူလူထုက တပ်မတော်အပေါ်မှာ မရွံ့မရဲ ဖြစ်လာကြတယ်။ အားမလိုအားမရဖြစ်တဲ့သူ ဖြစ်ကြတယ်။ နှမျောတသ ယူကျုံးမရဖြစ်သူတွေလည်း ရှိတယ်။ တချို့ဆိုရင် စစ်တပ်ကို လုံးလုံး နာကြည်းမုန်းတီးသွားကြတယ်။

ဗိုလ်ကြီးအုန်းကျော်မြင့်တို့၊ ဗိုလ်ကြီးမြင့်ထူးတို့၊ ဗိုလ်ကြီးဝင်းဘိုတို့လို ပြည်သူ့အတွက် အသက် ပေးသွားကြတဲ့ တပ်မတော်သား သူရဲကောင်းတွေ၊ ရှစ်လေးလုံး အရေးတော်ပုံတုန်းက ကျောင်းသားပြည်သူတွေနဲ့ လက်တွဲခဲ့တဲ့ ကြည်း-ရေ-လေ တပ်မတော်သားတွေ၊ ခုနောက်ပိုင်း ဗိုလ်မှူးဝင်းနိုင်ကျော်တို့၊ ဗိုလ်မှူးစိုင်းသိန်းဝင်းတို့လို ပြည်သူ့ဘက်ကရပ်တည်တဲ့ တပ်မတော်သားတွေ၊ သမိုင်းမှာ ထင်ထင်ရှားရှား ထွက်ပေါ်လာခဲ့ပေမဲ့၊ ကိုဒေါင်းရေ-အခု ဖြစ်နေတာက၊ ပဲခူး-ဇိုင်းဂနိုင်း လူသတ်ပွဲလို တပ်မတော်ရဲ့ လုပ်ရပ်ဆိုး၊ သတင်းဆိုးတွေက ကြီးစိုးပြည့်လျှံနေလေတော့၊ တပ်မတော်ထဲက ကောင်းတဲ့ အစိတ်အပိုင်းတွေ၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေက အခိုက်အတန့် မှေးမှိန် ပျောက်ကွယ်နေရတယ်ဗျာ။ အမှောင်ဖုံးအုပ်ခံနေရတယ်ဗျာ။

တကယ်က ပြည်သူတွေကို သတ်နေတာ စစ်တပ် မဟုတ်ပါဘူး။ တပ်မတော် မဟုတ်ပါဘူး။ စစ်အာဏာရှင်က သတ်နေတာပါ။ စစ်အာဏာရှင်ဆိုတဲ့ သူအမိန့်ပေးတာကို တပ်မတော်သားတွေ ခံနေရတာပါ။ တပ်မတော်သားတွေလည်း စစ်ကျွန်၊ စစ်အာဏာရှင်ရဲ့ ကျွန် ဖြစ်နေရတာပါပဲ။ သူတို့လည်း ပြည်သူတွေလို ဖိနှိပ် ချုပ်ချယ်ခံနေရတာ အတူတူပါပဲ။

ဘာပဲ ဖြစ်ဖြစ် တပ်မတော်ရဲ့ ကောင်းမြတ်တဲ့ အောင်ဆန်းလမ်းစဉ်ဟာ ဒီနေ့အခိုက် အတန့်မှာ စစ်အာဏာရှင်ရဲ့ ကြိုးကိုင် ချယ်လှယ်မှုအောက် ရောက်ပြီး ငုပ်လျှိုးနေရပေမဲ့၊ တစ်နေ့နေ့မှာ တပ်မတော်ရဲ့ ဒီ အောင်ဆန်းလမ်းစဉ် မုချ ပြန်လည်ပေါ်ပေါက်လာရမယ် ဆိုတာကိုတော့ ကျနော်တို့ ယုံကြည်ထားဖို့ လိုတယ် ကိုဒေါင်း။ ဒီလိုဖြစ်လာဖို့ တပ်မတော်သားတွေလည်း စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ ပြည်သူတွေနဲ့ အတူလက်တွဲ ရုန်းကန်ဖို့ လိုတယ် ကိုဒေါင်း။

တပ်မတော်သားတွေ စစ်ကျွန်ဘဝက မလွတ်မြောက်ဘဲနဲ့ ကျနော်တို့ ပြည်သူတွေ လွတ်မြောက်မယ် ဆိုတာ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုပဲ လို့ ကျနော်မြင်တယ် ကိုဒေါင်း။ ကျနော့်အမြင် မှားရင်လည်း၊ ပညာရှင်အများ ပြင်ပေးကြပါ။

ဒါကြောင့် ရွှေဝါရောင်တော်လှန်ရေးတုန်းက ကျနော်တို့ ယုံယုံကြည်ကြည် ကြွေးကြော်ခဲ့ကြတဲ့ သားသုံးသား စစ်သား-ဘုရားသား-ကျောင်းသား ပေါင်းစည်းရေး ဆိုတာ၊ စိတ်ကူးယဉ်သက်သက် မဟုတ်ဘူးလို့ ကျနော်ပြောချင်တယ်။ သားသုံးသား ပေါင်းစည်းမယ့် တစ်နေ့ကိုလည်း ကျနော်မျှော်လင့်တယ်။

ဘယ်အချိန်လဲဆိုရင်တော့ ကိုဒေါင်း – အချိန်ကာလကို အချိန်ကာလကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်။
အားလုံးကို သတိတရနဲ့ –

အောင်ဝေး
စက်တင်ဘာ၂၁-၂ဝ၁ဝ။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts