>Burmese Community in LA host vigil and rasie fund for Giri relife in Burma

>

ဂီရိလေဘေးကူညီရေး ဘာသာပေါင်းစုံဆုတောင်းပွဲနှင့် အလှူပွဲ အယ်လ်အေမြန်မာကွန်မြူနီတီတို့ ကျင်းပ
မိုးမခအထောက်တော် အယ်လ်အေ
နိုဝင်ဘာ ၂၂၊ ၂၀၁၀
          ယမန်နေ့က ကယ်လီဖိုးနီးယား၊ အယ်လ်အေဒေသရောက် မြန်မာမိသားစုများ စုဝေးပြီး မြန်မာပြည် ရခိုင်ဒေသ ဂီရိမုန်တိုင်းသင့်သူများ ကူညီရေး အလှူငွေပွဲကို အယ်လ်အေ၊ ဘော်ဒွင်ပတ်ခ်၊ ဓမ္မဇောတိ ဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။
         အလှူပွဲတော်ကို ကယ်လီဖိုးနီးယားတောင်ပိုင်း (WAO) နိုင်ငံတကာရခိုင် အမျိုးသား အစည်းအရုံးကြီး၊ ပြည်သူ့ဂုဏ်ရည် (အယ်လ်အေ) အဖွဲ့သားများ နှင့် ဓမ္မဇောတိကျောင်း ဆရာတော်နှင့် ဒကာ၊ ဒကာမများတို့က ၀ိုင်းဝန်းလက်တွဲပြီး စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

အလှူုပွဲတော်သို့ ဘာသာပေါင်းစုံက ဘာသာရေးဆရာများနှင့်အတူ မြန်မာဗုဒ္ဓဘာသာ ဆရာတော်များဖြစ်သည့် ဦးဂုဏိသရ နှင့် ဦးနယက တို့ကလည်း ကြွရောက်ပြီး ဆုတောင်းပေးခဲ့သည်။ အခမ်းအနားတွင် ရခိုင်အမျိုးသားအသင်းက ရခိုင်ကြာဇံချက်နှင့် ဧည့်ခံသည်။ ဧည့်ပရိသတ် ၂၀၀ ကျော် လာရောက်ပြီး အလှူဒါနပြုခြင်း၊ ဆုတောင်းပေးခြင်းများ ပြုလုပ်ကြသည်။ အလှူငွေ လက်ရှိ လက်ခံရသမျှ အမေရိကန်ဒေါ်လာ ၇ ထောင် နီးပါး ရရှိနေပြီဟု ဆိုသည်။ 
အလှူငွေအားလုံးကို WAO ၏ အစီအစဉ်ဖြင့် မြန်မာပြည်ရှိ ရခိုင်သဟာရအသင်းကြီးသို့ ပေးပို့လှူဒါန်းမည် ဖြစ်သည်။ ရခိုင် ဂီရိမုန်တိုင်းသင့်ဒေသရှိ လိုအပ်သည့် အရေးကိစ္စများတွင် သုံးစွဲမည် ဖြစ်သည်ဟု သိရသည်။
ဓမ္မဇောတိကျောင်းထိုင် ဆရာတော် ဦးဂုဏိသရ က မိုးမခသို့ ပြောကြားရာတွင် –
“မြန်မာပြည်ကြီးမှာ အထွေထွေအကြပ်အတည်းတွေ ရင်ဆိုင်ဖိဆီးနေရတော့ ပြည်တွင်း ပြည်ပက မြန်မာမိသားစုတွေမှာ သံသယတွေ၊ ယုံကြည်မှု ချို့တဲ့တာတွေနဲ့ ရင်ဆိုင်နေကြရတယ်။ ကိုယ်တော်တို့ တိုက်တွန်းချင်တာကတော့ မြန်မာပြည်သားတွေအားလုံးက မိမိ နိုင်သလောက်၊ ရောက်ရာ၊ ရရာ နေရာကနေ အမျိုးသားရေးကို ၀ိုင်းဝန်းပြီး လုပ်ကြဖို့၊ ကူညီကြဖို့ တိုက်တွန်းချင်ပါတယ်။ တယောက်တလက် ညီညွတ်မှုတွေဟာ ထိရောက်တဲ့ အားတွေပါပဲလို့ ပြောချင်ပါတယ်”
ဟု ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts