မာမာအေး

Mar Mar Aye – Essay

အမှတ် (၄၈၅) – ရှေ့လူ နောက်လူ
မာမာအေး
ဇွန် ၁၊ ၂၀၁၃


သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေးကြားရတဲ့အခါ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ … မာအေးလည်း မြန်မာသံစိတ်ဝင်စားလိုက်စားတဲ့သူတွေ ရှာရတာ မောလှလို့ ကိုယ့်ထဲ ကိုယ့်ယာမှာ ရှာကြည့်ပါဦးမယ် လို့ သောတရှင်တို့ကို အတော်စောစောကတည်းက ပြောပြီးလာခဲ့တာမှာ .. အထက်အညာက ဆိုင်းဆရာအကျော် စိန်မြဆင်ရဲ့သားကလေး  ဆင်ဗေဒါလေးရဲ့လက်သံနဲ့အဆို၊ အလင်္ကာကျော်စွာ စောင်းဦးဘသန်းရဲ့ မြေး၊ စန္ဒရားထိပ်တင်ဝင်းရဲ့သားငယ် ရဲနန္ဒ ရဲ့ အဆိုဟန်၊ နိုင်ငံကျော် ဆိုင်းဆရာ စိန်စတင်းနဲ့အဆိုတော် နိုင်နိုင်မော်တို့ရဲ့သားဖြစ်တဲ့ စိန်မင်းနိုင်ရဲ့ဆိုင်းလက်သံနဲ့ ဆိုပုံတင်မက သားလတ်ဖြစ်တဲ့ ကျော်ကျော်ဟန်ရဲ့ အရေးအသား အဆိုပုံဟန်တို့ကိုပါ ပြောပြခဲ့ပါတယ်။ မာအေးရဲ့သွားလေသူ သူငယ်ချင်းတွံတေးသိန်းတန်ရဲ့သမီးကြီး ပပကိုလဲ စိန်မင်းနိုင်ရဲ့ဆိုင်းအဖွဲ့ထဲမှာ လာကူဆိုပေးတာတွေ့ကြောင်း ပြောထားပါတယ်။ 
ဒီကနေ့တော့ ကိုယ့်နိုင်ငံကို ဦးဦးဖျားဖျား ပြန်ရောက်သခိုက်၊ သည်းလှိုက် အူလှိုက် ရှိခိုးလိုက် မဟဲ့လို့ ပုဂံသာသနာ့မြေဆီအသွား လေယာဉ်ဆိုက်တဲ့အချိန်မှာ ပြေးလာလက်ဆွဲကြိုတဲ့ ကောင်လေးငယ် ၀ကစ်ကစ် (ကိုး) နှစ် အရွယ်လေးတွေ့ကြောင်း ပြောပါမယ်။ ဂီတမောင်တော်ထားတဲ့ ဆိုင်းဆရာကြီး စိန်ကိုလေးရဲ့မြေးဆိုလို့ပါ။  သူ့ဒေါ်လေးက တပည့်မစာရင်းဝင် ကျောက်ပန်းတောင်း ခင်စိုးဦး ဖြစ်ခဲ့ပါတယ်။ ကျောက်ပန်းတောင်းနဲ့ပုဂံ နည်းနည်းတော့ လှမ်းပါတယ်။ အမျိုးလိုသဘောနဲ့မိသားစု တထောကြီး လာကြိုတာကိုး။ ဒီအမျိုးဝင် အကောင်ပေါက်စလေးကလဲ အဖိုးအမွေခံ ရွှေလက်သံ အမည်နဲ့ ဆိုင်းတောင် ၀င်တီးနိုင်ပြီဆိုဘဲ။ နာမည်ရင်းတောင် ပျောက်နေပေါ့။ ရွှေလက်သံ လို့ပဲ တွင်နေပါပြီ။ ဆရာစိန်ကိုလေးတို့မိသားစုဟာ တကယ်တော့ နောက်မှပေါ်တဲ့ ရွှေကြာပင်လို့ ပြောရမှာပေါ့ရှင်။ အညာမြေအလယ်ပိုင်းမှာ ကျက်စားတဲ့ ဂီတမျိုးဆက်ဖြစ်တာမို့ မာအေးဆီရောက်တာနောက်ကျတာတခုပါပဲ။
သူတို့က ကျောက်ပန်းတောင်းမြို့ကို ပုပ္ဗါးဆရာတော် ဦးပရမ၀ဏ္ဍသိဒ္ဓိ သာသနာပြုနေချိန်က တနှစ်တခေါက် ရောက်မြဲပါ။ ကိုယ်တိုင် အဓိဌာန် ဥပုလ်ဝင်တဲ့ အခါတွေလဲ ရောက်တာပေါ့။ ဆရာတော်လည်း မရှိ၊ ကိုယ်လည်း မရှိတဲ့အချိန်မှာတော့ ဘယ်ရောက်ပါ့မလဲရှင်။ ကျောက်ပန်းတောင်းမြို့သားလေးနှစ်ယောက်တော့ တက္ကသိုလ်မှာ ပညာလာသင်ကြရင်းနဲ့ မာအေးရဲ့အဆိုလေ့ကျင့်ရေးကျောင်းမှာ လာသင်သွားဖူးပါတယ်။ မောင်ဌေးနွယ်ညွှန့်နဲ့မောင်လှမြင့်ဆိုတဲ့ လူငယ်လေးတွေပါ။ သူတို့ စာရေးကြလို့ကျောက်ပန်းတောင်း ခင်စိုးဦးတို့ဆိုင်းမိသားစုအကြောင်း သိထားရပါတယ်။ နောင် တောင်တန်းသားသနာပြုဆရာတော် ဦးပညာရဲ့သာသနာပြုလုပ်ငန်းတွေ ကူပေးဖို့ ကြုံတော့ စိန်ကိုလေး မင်္ဂလာဆိုင်းအဖွဲ့နဲ့အတူ ဖျော်ဖြေရတာကိုး။ ချင်းတောင်တွေပေါ်လဲရောက်၊ ဆရာတော်ရဲ့ဇာတိရွာဆိုတာလဲ ရောက်မို့ မိသားစုလို ခင်မင်သွားရတာပေါ့ရှင်။ မာအေး အနောက်ဖက်မရောက်လာခင်ကဆိုတော့ ကျောက်ပန်းတောင်း ခင်စိုးဦးဆိုတဲ့ ခလေးမတောင် နှစ်ဆယ်ဝန်းကျင်ရှိဦးမှာ။ အဆိုဇွဲကောင်းပုံကတော့ တညလုံးပေါက်ဆိုခိုင်းလည်း ဆိုမယ့်ပုံပဲ။ သွက်လက်ချက်ချာ စိန်ကိုလေးရဲ့ညာ လက်ရုံးပမာ တွေ့ခဲ့ရပါတယ်။ သူတို့ဆိုင်းနဲ့ သူတို့စပ်ထားတဲ့ သီချင်းတွေတော့ ရှိတာပေါ့လေ။ မာအေးရဲ့ခေတ်ဟောင်း အငြိမ့်သီချင်းပြန်ဆိုတာတွေ ထွက်လာပြီးတဲ့နောက်မှာတော့ အဲဒီသီချင်းတွေဟာ ဆိုင်းတိုင်းက ဆိုကြ တီးကြနဲ့မို့ဆိုင်းခံ အဆိုတော်လေးတွေလဲ ဆိုကြတယ်။ ရကြတယ်။ မာအေးလဲ နယ်သွားရင် တီးဝိုင်းမရွေး ၀င်ဆိုလို့ရလာတယ်။ ဒါ့ကြောင့် စိန်ကိုလေးဆိုင်းအဖွဲ့နဲ့တွဲလို့ရတယ်။ အဆိုတော်သစ်ကလေးကိုလဲ ဖျော်ဖြေရင်း သင်ဆိုတာလို သူဆိုလိုက် ကိုယ်ဆိုလိုက် တယောက်တပုဒ်လိုလဲ ဆိုကြည့်လိုက်လုပ်ပေးဖြစ်ခဲ့တာပေါ့။ ခုဆို သူ့ဆိုသက်လဲမနည်းတော့ပါဘူး။ သူ့နယ်မှာတော့ စတားဖြစ်လောက်ပြီပေါ့ရှင်။ VCD တို့CD တို့ တချို့မှာတော့ ပါဝင်နေတာပဲ။ မာအေးလဲ ကိုယ့်ပြည်ပြန်ရောက်မှ ဘယ်သူတွေ ဘာများဆိုနေကြပါလိမ့်လို့နားထောင်ကြည့်တဲ့အခါ ခင်စိုးဦး ဆိုထားတာလဲ ကြားပါတယ်။ 
မာအေးက VCD အခွေကြည့်မိတာမို့ မြန်မာသံ တက်နေစ သမီးလှတွေပါ တွေ့ရတာပေါ့။ ဒီ မေတ္တာသံဝေ ကိုကြားရတော့ ဓာတ်ပြားသွင်းခဲ့တဲ့ အမ လှလှရီ ကို မြင်ယောင်မိပါတယ်။ သလ္လ၀တီလှလှရီကိုပြောတာပါရှင်။ သံလျှင် လှလှရီဆိုတာလဲ အသံလွှဲရှိသေးလို့ခွဲသိအောင် ပြောတာပါ။ လုံးကြီးပေါက်လှ ရိုးရိုးကြီးဆိုတတ်တဲ့ ဒီအမကို နုနုလွင်၊ချစ်စပါယ်နဲ့မာအေးတို့က စနေ နောက်နေကျ အတူသွားခဲ့ ဆိုခဲ့ကြလို့ပါ။ မာအေးတို့ ပြောသမျှ သြ ဟုတ်လားလို့ ဒိုင်ခံ အံ့သြ ပြူးကျယ်သော မျက်လုံးနဲ့ ပြန်ကြည့်တတ်တဲ့အမ၊ ဘယ်လို ဘယ်လိုပျောက်ချက်သားကောင်းသွားတယ် မသိမို့ သတိရလို့နေမိတယ်။ ဓာတ်ပြားခေတ်ကို မှီသေးတဲ့ အဆိုတော်ပါပဲ။ သလ္လ၀တီမြို့တော်ဆိုတဲ့ သီချင်းက သူ့သီချင်းထဲမှာ လူသိအများဆုံးပါ။ ဒီသီချင်းထဲမှာ တည်ရှိနေတဲ့ ပထ၀ီအနေအထားနဲ့ လွဲနေတယ်ဆိုတဲ့ အကြောင်းတရပ်ကြောင့် အသံမလွှရတော့ပါဘူး။ ဒါ့ကြောင့် ပြန်ဆိုတဲ့သူ မရှိတော့ ပျောက်မြန်သွားတာပေါ့လေ။ ဓာတ်ပြားအဆိုတော်ဆိုတော့ ကျေးလက်အကြိုက် သီချင်ေးတွအဆိုများမှာ သဘာဝပါပဲရှင်။ ကျေးလက်လူငယ်တွေသည်ပင် ဒေါင်ဒေါင်ဒင်ဒင် ဂီတာနဲ့ နွားမကျောင်းရင် ကံကောင်းလို့အောက်မေ့ရတဲ့ အခြေအနေမျိုးရောက်လာတာဟာ တိုးတက်တာလို့ပြောရမလား၊ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်သည်ဟာ ကြိုက်စရာ ဖြစ်တာပါ။ 
သည်တခါ အညာတော့ ရောက်ဦးမှ ဖြစ်မယ်ထင်ပါရဲ့။ ဆရာစိန်ကိုလေးရဲ့မြေးလေးကို အဖွားကပြန်လာဦးမှာ၊ အဖွားသီချင်းတွေတီးလို့ရတောင် တီလုံးတိုက်ထား လို့ တွန်းအားပေးခဲ့တာမို့ ကလေးစိတ်မပျက်အောင် လုပ်မှ လို့သတိရလို့ပါ။ ရွှေလက်သံ ကလေးက အမှတ်တရ သူတီးလုံး တီးတဲ့ CD လေး တချပ် မာအေးကို ပေးလိုက်တာ နားထောင်ရင်း ဘာပြောပေးရမလဲ စဉ်စားလိုက်ပါဦးမယ်ရှင်။

ရွှေလက်သံ၏ ဆိုင်းတီးလုံးများ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts