>Kyaw Thu – Aung atei … Aung namei

>

အောင်အတိတ် … အောင်နိမိတ်
ကျော်သူ
နိုဝင်ဘာ ၂၁၊ ၂၀၁၀

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပွဲတော်ကြီးကို ယနေ့ ၂၀. ၁၁. ၂၀၁၀ (စနေ) နေ့၌ စည်ကားသိုက်မြိုက်စွာ အောင်ပွဲခံကျင်းပ ပြီးစီးခဲ့ပါသည်။

၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ကျင်းပခဲ့သော မဟာဘုံကထိန်ပွဲတော်များတွင် ယခု (၉) ကြိမ်မြောက် ကျင်းပပြုခဲ့သော စုပေါင်းမဟာဘုံကထိန်ပွဲတော်သည် အစည်ကားဆုံး၊ အသိုက်မြိုက်ဆုံး၊ အညီညွတ်ဆုံး ပွဲတော် ဖြစ်တော့သည်။




နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်နေ့ နံနက် (၇း၀၀) နာရီတွင် နံနက်စာအဖြစ် ကောက်ညှင်းပေါင်း၊ လ္ဘက်ရည်တို့ဖြင့် ကျွေးမွေးဧည့်ခံပြီး ပဒေသာပင်များကို နံနက် (၈း၀၀) နာရီအချိန်တွင် ကထိန်ခင်းကျင်းမည့် “ဝဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက်” သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ဝန်ထမ်းများနှင့်အတူ မေတ္တာဖြင့် လာရောက် သီဆို တီးခတ် ကခုန် ဖျော်ဖြေပေးကြသော အောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီး စိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့) စုစုပေါင်း လူအင်အား (၃၀၀) ကျော် တို့ဖြင့် လမ်းတလျှောက် အလှူဒါနအတွက် ပျော်ရွှင်မြူးတူးစွာဖြင့် ကခုန်ကာ ပဒေသာပင်များအား ပို့ဆောင်လှူဒါန်းခဲ့သည်။ ပဒေသာပင်များတွင် မင်္ဂလာဈေး (ဈေးသူ/သားများ)၊ နန္ဒဝန် (ဈေးသူ/ သားများ)၊ သိမ်ကြီးဈေး (ဈေးသူ/သားများ)၊ နာရေးကူညီမှုအသင်း(ရန်ကုန်) တနင်္ဂနွေနေ့မှ စနေနေ့ အထိ နေ့အလိုက် လုပ်အားပေး အသင်းသူ/သားများ၏ ပဒေသာပင်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မော်တော်ယာဉ်/စက်ပြင်အဖွဲ့ ပဒေသာပင်၊ ဆောက်လုပ်ရေးအဖွဲ့ ပဒေသာပင် စုစုပေါင်း (၁၁) ပင်နှင့် ရွှေဇီးကွက်ရုပ် (ဖို/မ) တစုံ၊ ပစ်တိုင်းထောင် (ဖို/မ) တစုံအပြင် အကဖျော်ဖြေရေး အရုပ် တရုပ် ပါဝင်ခဲ့သည်။ စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၀၀၀၀/- (နှစ်ဆယ့်လေးသိန်း) ကျော် လှူဒါန်းနိုင်ခဲ့သည်။





ဦးစွာ ဥက္ကဋ္ဌ ဦးကျော်သူမှ ရှေ့ပြေးမော်တော်ယာဉ်ဖြင့် ကထိန်သင်္ကန်းအား ပင့်ဆောင်သွားပြီး နောက်မှ ဗုဒ္ဓဝင်ပုံတော် (၃၃) ပုံ ကိုင်ဆောင်သော အသင်းသူများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်) မျိုးဆက်သစ်ကလေးငယ်များ၊ ဒိုးအဖွဲ့များ၊ ပဒေသာပင်များ၊ ရှမ်းဒိုးအဖွဲ့များ တန်းစီ၍ လမ်းလျှောက် သယ်ဆောင်ခဲ့သည်။ လမ်းတဝက်ခန့်တွင် ဦးကျော်သူသည် ဆိုက္ကားဖြင့် စီးနင်းလိုက်ပါကာ အဖွဲ့သားများ၊ အသင်းသူ/သားများအား လိုက်လံအားပေး ကပြ ဖျော်ဖြေခဲ့သည်။ ဝဋ်ကြွေးတော်ပြေ ရန်အောင်မြင်ကျောင်းတိုက် သို့ရောက်ရှိသောအခါ ဒိုးပတ်ဝိုင်းများ၊ ရှမ်းဒိုးအဖွဲ့များ၊ ဦးရွှေရိုး + ဒေါ်မိုး ကပြဖျော်ဖြေရာတွင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဦးကျော်သူ၏ ဇနီး ဒေါ်ရွှေဇီးကွက်တို့ နှင့်အတူ အသင်းသူ/သားများ တပျော်တပါး ဝိုင်းဝန်းကခုန် ဆင်နွှဲခဲ့ကြသည်။ ထို့နောက် ဝဋ်ကြွေးတော်ပြေဆရာတော်ကြီး၏ တရားတော်ကို နာယူကြကာ ရေစက်သွန်းချ လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးမှ ကျွေးမွေးသော စားဖွယ်များကို သုံးဆောင်ခဲ့ကြသည်။

ထို့နောက် အသင်းသို့ ပြန်လည်ရောက်ရှိသောအခါ မေတ္တာဖြင့် လာရောက်သီဆို တီးခတ် ကခုန်ဖျော်ဖြေပေးခဲ့သော အောင်မေတ္တာရှင် (ရှမ်းဒိုးအဖွဲ့)၊ မဟာဝေဇယန္တာ (ရှမ်းဒိုးအဖွဲ့)၊ အောင်သိဒ္ဓိအောင် (ကုသိုလ်ဖြစ်ထီးတော်တင်အဖွဲ့၊ ရှမ်းအိုးစည်အဖွဲ့)၊ နိုင်ငံကျော် ရွာစားကြီး စိန်မြစိုး (အိုးစည်အဖွဲ့)၊ မယ်လမု (ဒိုးအဖွဲ့)တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ ဂုဏ်ပြုကဒ်ပြားနှင့် ငွေသား တဖွဲ့လျှင် (၃၀၀၀၀/-) ကျပ်တိတိ ချီးမြှင့်ပြီးလျှင် နံနက်စာ ထမင်းဟင်းတို့ဖြင့် တည်ခင်းကျွေးမွေးခဲ့သည်။




ယင်း စုပေါင်းမဟာဘုံကထိန်ပွဲတော်သည် (၇) ရက်သားသမီးအပေါင်းတို့၏ အလှူဒါနများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ အသင်းသူ/ သားများ၏ အလှူပစ္စည်း ဝတ္ထုငွေတို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ရာ စည်းလုံးညီညွတ်ခြင်း၏ အင်အားကိုလည်း ပြသခဲ့ရာ ရောက်ပါသည်။ ယင်း ဘုံကထိန်ပွဲတော်အပြီး ရှမ်းဒိုးအဖွဲ့မှ တီးခတ်ဖျော်ဖြေ သီဆိုခဲ့သော “အောင်ပြီလားဟေ့ … အောင်ပြီဟေ့” ဟူသော ကြွေးကြော်သံတို့သည် အောင်အတိတ်၊ အောင်နိမိတ် အလား ဇဗ္ဗူတခွင်တွင် ပဲ့တင်ရိုက်ခတ်သွားတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts