>Maung Lu Yay – Blessing in Burma 15

>

မင်္ဂလာနှင့် နိုင်ငံရေး ၁၅
မောင်လူရေး
နိုဝင်ဘာ ၁၉၊ ၂၀၁၀
မဇ္ဇပါနာသံယမမင်္ဂလာ=မူးယစ်စေတတ်သော အရက်၊ ဂိမ်း၊ ဆေးအမျိုးမျိုး၊ ကော်၊ ဓာတ်ဆီစသည်တို့ကို သောက်စား၊ ဆော့ကစား၊ ဝါးမျို၊ ရူရှိုက်ခြင်းမှ ထိန်းချုပ်ခြင်းသည် မဟာ့မဟာမင်္ဂလာဖြစ်တော့သတည်း။
စာဆိုက အရက်သေစာ မသောက်စားနဲ့ မှောက်မှားတတ်တဲ့အရာပေဟု ကျကျနနပြသည်။
ထိုမဟာ့မဟာသည် ခုတော့ကချာ့ကချာကြီးဖြစ်နေပေပြီ။ မြန်မာ့မူးယစ်ဆေးဝါးလည်း ကမ္ဘာလွှမ်းလေပြီ။ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးနောက် နိုင်ငံတော်သည် နိုင်ငံတစ်ဝှမ်းလုံးကို ယစ်စရာအမျိုးမျိုးဖြင့် မူးစေခဲ့သည်။
စက်မှုစွမ်းအားခေတ်ကျော်လွှား ဟူသည်နှင့်အညီ အရက်ချက်စက်ရုံပေါင်း မရေမတွက်နိုင်အောင်ပေါ်ထွက်လာ ခဲ့သည်။ စီးကရက်စက်ရုံပေါင်းလည်း ထောင်းလမောင်းထခဲ့သည်။ မူးယစ်ဆေးဝါးအမျိုးမျိုးလည်း လှိုင်ဘော လည်ခဲ့သည်။ သူရာကို သူဇာ မူယာတို့နှင့်ပါ နှောလိုက်သည်။ ဂိမ်းဆိုင်များလည်း ဟိုမှသည်မှ ပလူကျသလို ကျလာသည်။ နိုင်ငံ့တော်အနေနှင့် နိုင်ငံတော်ကို တော်စွရော်စွသာထားချင်သည်။ မတော်စေချင်ပေ။ တော်လျှင် ဆော်မှာကြောက်သည်။ မမော်စေချင်ပေ။ မော်လျှင် ကော်မှာကြောက်သည်။ မကျော်စေချင်ပေ။ ကျော်လျှင် လှော်မှာကြောက်သည်။ ဆော်မှာ ကော်မှာ လှော်မှာကြောက်တော့ ဤသို့မလျော်တာတွေ လျှောက်လုပ်တော့သတည်း။
ပညာရပ်ဆိုင်ရာတွေကိုလူငယ်တွေက စူးစမ်းကြလေ့လာကြ အားကြိုးမာန်တက် လိုက်စားကြဆိုသဟာတွေ အဖြစ်မခံနိုင်ပေ။ ပညာတတ်များပြီး ပညာရေးအားကောင်းလျှင် ပညာမတတ်သူအုပ်ချုပ်ဘို့ ခဲယဉ်းသည်။ အတိုက်အခံတွေ ပေါများ အားကောင်းလာမည်ဟုသဘောထားသည်။ ရွှေဝါပြည့်စစ်ဘုရင်တို့သည် သူတို့၏ အကြီးဆုံးရန်သူ့တပ်မဟာကြီးမှာ တက္ကသိုလ်ကျောင်းများဟု သဘောထားသည်။ ဤသို့ဖြင့် အရပ်ဘက် ပညာရေး အားလုံးကို စနစ်တကျဖျက်ဆီးလိုက်သည်။ မြန်မာပြည်၌ တက္ကသိုလ်သည် ရက်ရှည် ပျော်ပွဲစားထွက်ရာ နေရာသာ ဖြစ်သွားတော့သည်။ ကွန်ပြူတာမကိုင်ဘူးပဲနှင့် ကွန်ပြူတာတက္ကသိုလ်မှ ဘွဲ့ရသွားကြပြီ။  အဝေးသင်ဆိုလျှင် ၁ နှစ်၁ လနှုံးဖြင့် ၃ နှစ်အတွက် ၃ လတက်က ဘွဲ့ရကြသည်။ ဤ၃ လကလည်း တကယ်တန်းကျောင်းတက်ရသည်မဟုတ်၊ ကျောင်းက၁ နှစ် ၁၀ရက်လောက်သာ၊ “စရိတ်မျှပေး၊ ဘွဲ့ရရေး” ဟူသည်နှင့်အညီ ဆရာ ဆရာမတို့စားဝတ်နေမှုကို နိုင်ငံတော်က တာဝန်မယူသည့်အားလျော်စွာ ကျူရှင်ကြေးပေးသွင်းရင်း ကျူရှင်တက်ရင်း ပျော်ကြမော်ကြခြင်းသာဖြစ်သည်။ 
စစ်ဖက် ပညာရေးအားလုံးကို စနစ်တကျမြင့်တင်လိုက်သည်။ သို့သော် စစ်တက္ကသိုလ်များမှာလည်း တကယ့် တတ်ကျွမ်းသည့် ပညာသည်များ မွေးသလောက်ထွက်မလာဟုဆိုကြသည်။ ပညာရပ်ဝန်းက ပညာရှင်ကြီး များကို မနေသာအာင်လုပ်တော့ တပြည်တရွာကိုခွာသွားကြရသည်။ ပညာရှာမရသည့်နေရာသည် သင့်ရာ ဒေသမဟုတ်ရကား သင့်ရာထွက်၍ ပညာရှာကြသည်။ တတ်သူရော တတ်လိုသူတွေပါ ဦးနှောက်တွေ တဟောဟောစီးသွားသည်။
နှစ်ပေါင်းနှစ်ဆယ်ကျော်ရေတိုက်စားခံရသောမြေသား၌ မြေဆီမြေနှစ် ကျန်ပါသေးစွ။
တတိုင်းပြည်လုံးတွင် လူငယ်ဆိုသည်မှာ အရက်သောက်တတ်ရမည်၊ အပျော်အပါးနှင့်စော်ကားတတ်ရမည်၊ ဂိမ်းကစားတတ်ရမည်၊ မူးယစ်ဆေးဝါးမသုံးဖူးရင် လူငယ်ရေးရာမဝင်ဟုပင် နားလည်ထားကြပေရာ သောက်ချင်တိုင်းသောက် စားချင်တိုင်းစား၍ မှောက်ချင်တိုင်းမှောက် မှားချင်တိုင်းမှားနေကြပေတော့သည်။ ယနေ့ကြုံနေရသော ကမ္ဘာလုံးချီ တမျိုးသားလုံးဆိုင်ရာအထွေထွေနိမ့်ကျမှုကြီးသည် အဲဒီမူးယစ်စီမံကိန်းကြီးမှ မြစ်ဖျား ခံလာခြင်းဖြစ်သည်။ မြန်ပြည်တဝှမ်းတွင် အရက် မူးယစ်ဆေးဝါးတို့ဖြင့် လူလုံးမလှ သုံးမရသော လူငယ်တွေ တပုံတခေါင်းကြီးရှိနေပြီ။ HIV ၏သားကောင်ဖြစ်သူတွေလည်း မနည်းမနော။ ဘယ်နားဖြင့် မူးပြီးရန်ဖြစ်တာ၊သေရော။ အုပ်စုလိုက် ရိုက်ကြတာ၊ ဘယ်နှစ်ယောက်သေတယ်။ ဘယ်သူတွေအဖမ်းခံရတယ်။ ဘယ်သူသားသမီးတွေအမှုတော့ သိန်း ဘယ်နှစ်ထောင် ကုန်တယ်စသည်ဖြင့် သတ်တာတွေ သေတာတွေ ပွထနေလေပြီ။ ဖြစ်ကြတာတွေ အများစုက ၁ဝ တန်းဖြေပြီးလောက်အရွယ်တွေ။ ဘုရားစူး မြန်မာပြည်။ မိုးကြိုးပစ် ဗုဒ္ဓဘာသာနိုင်ငံ။
ကျောင်းတွေမှာ ကျန်းမာရေးပညာပေးကောင်းကောင်းမရှိ။ မြို့တွင်းရွာတွင်းအရပ်တွင်းလဲ ကျန်းမာရေး ပညာပေးကျယ်ကျယ်ပြန့်ပြန့် ဘာမှမလုပ်ရ။ နိုင်ငံတကာအဖွဲ့အစည်းများကိုလဲ ဧရိယာကျယ်ကျယ်ဝန်းဝန်း လုပ်ခွင့်မပေး။ ပေးသည့်နေရာလဲ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပိုင်ခွင့်မရ။ ဌာနဆိုင်ရာများနှင့်တွဲဖက်လုပ်ရသည့် အတွက် ရည်ရွယ်ရာပန်းတိုင်လည်း ဘယ်တော့မှမရောက်။ ကျန်းမာရေးအသိမမီ။ စားဝတ်နေမှုခက်ခဲ။ HIVပိုး၊ Bပိုး၊Cပိုး၊ တီဘီပိုး၊ ဆေးယဉ်တီဘီပိုး၊ ဆေးယဉ်HIVပိုး၊ ငှက်ဖျားပိုး၊ ပိုးပေါင်းမြောက်များစွာ ဆင်းရဲသား လူတန်းစားများအတွင်းမှာရော၊ လူလတ်တန်းစားတွေထဲပါ ပိုးတိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဒို့အရေး လုပ်နေကြပေပြီ။ ပြီးရင် အထက်အထက်လူ့ထောပတ်တွေဆီကိုပါ အရောက်သွားပြီး အချုပ်အချာအာဏာ တည်တံ့ ခိုင်မြဲရေးတွေပါ လာတော့မည်။ သို့သော် တပ်မင်းကြီးများက တလွဲသတိ ကောင်းသည်။ ထိုသတိမျိုးကို မိစ္ဆာသတိဟုလည်းဆိုသည်။ HIVပိုးရှိသူတွေကို တပ်ကထုတ်ပြစ်သည်။ Bပိုးရှိသူတွေ ရာထူးတိုးမပေး၊ နောက်ပိုင်း တပ်ကပါ ထုတ်ပြစ်သည်။
နိုင်ငံရေးသွေးကြောင်မှု၊ နိုင်ငံရေးသဝန်ကြောင်မှု၊ ခေါင်းဆောင်ပညာမတတ်တတတ်ဖြစ်မှု၊ ပညာရှင်အပေါ် မနာလိုမှု၊ လူထုအပေါ်မကျေချမ်းမှုစသည့် စိတ်သဘောထားအနိမ့်စား၊ အညံ့စား၊ အနုံ့စားတွေက ဒို့တိုင်းဌာနီကို မူးယစ်သောက်စားရင်း မှောက်မှားစေတော့သည်။
တကယ့်အရက်သမားယစ်ထုပ်တစ်ယောက်ကို သို့မဟုတ် ဆေးစွဲနေသူတစ်ယောက်ကို မြင်ယောင်ကြည့်ပါ။ အသိမရှိ။ အရှက်မရှိ။ အသနားမရှိ။ အကြောက်မရှိ။ မြင်သူစိတ်ချမ်းသာစရာမရှိ။ အတူနေရသူအမြဲ စိတ်ညစ်ရ၏။ တောင်း၏။ ချေး၏။ အသိမိတ်ဆွေမှန်သမျှရှောင်ကြ၏။ အလုပ်မလုပ်။ အိမ်တွင်းပစ္စည်းအကုန် ရောင်းစား၏။ လု၏။ ခိုး၏။ သတ်၏။
ဤသည်မှာ ကျွန်ုပ်တို့ပြည် ဖြစ်ဘိတော့သည်။
ကြိမ်မီးအုံးဆိုသည်မှာ မြန်မာ့အခြေအနေတည်း။ ဖွဲမီးလောင်သလိုဆိုသည်မှာလည်း မြန်မာ့အခြေအနေတည်း။ တောမီးလောင်၍ တောကြောင်တွေလက်ခမောင်းခတ်နေသည်မှာလည်း မြန်မာ့အခြေအနေတည်း။ ဆင်သေကို ဆိတ်ရေနှင့်ဖုံးနေသည်မှာလည်း မြန်မာ့အခြေအနေတည်း။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်နေ သည်မှာလည်း မြန်မာ့အခြေအနေတည်း။ ဖွတ်တွေမိချောင်းဖြစ်နေ၍ မြစ်များမချမ်းသာသည်မှာလည်း မြန်မာ့အခြေအနေတည်း။ ဖိနပ်ကိုင်က အမတ်လုပ်၊ အမတ်က ဖိနပ်ကိုင်လုပ်ဆိုသည့် ဗျိုင်းနားဘုရင် နန်းစံနေသည်မှာလည်း မြန်မာ့အခြေအနေသာလတည်း။
မြန်မာတိုင်းဖြစ်လူငယ်တော်တော်များများသည် အထူးထုတ်လေးကိုင် ကျူရှင်ပြနေကြရသည်။ ကျူရှင်ဆိုသော် လည်း တစ်ချို့မှာ ကျောင်းသားစာကျက်ဖို့ ထိုင်စောင့်နေရသည့် စာကျက်စောင့်သာ။ ပညာရေးကလည်း စာတမျိုးတည်းတရက်နှစ်ခါထပ်သင်ရသည့် အထူပညာရေးတည်း။ (အထူးမဟုတ်) ကျောင်းသားကလည်း စာကျက်ချင်စိတ်မရှိတော့။ ကျူရှင်ဆရာမလုပ်လျှင် တစ်လုံး နှစ်လုံး သုံးလုံးရောင်း ။ မိန်းခလေးအများစုကတော့ အကူဈေးရောင်း။ စာရေးမ လုပ်။ တတိုင်းပြည်လုံးဟုတ်ဟုတ်ငြားငြားလဲ မတတ်ကြတော့ ဟုတ်တိပတ်တိလဲ အလုပ်မရှိ။ တစ်ချို့လဲ အလုပ်မရှိတော့ မိခင်နဲ့ကလေးအဖွဲ့ထဲ ဝင်ကြ။ အမျိုးသမီးရေးရာထဲ ဝင်ကြ။ ကြံ့ဖွတ် အဖွဲ့ထဲ ဝင်ကြ။
တချို့အမျိုးသားများပင် အမျိုးသမီးရေးရာကဒ်တွေကိုင်ထားကြသည်။ မယုံလျှင် ဝန်ထမ်း ရွေးချယ်ရေးလူကြီးမင်းများကို မေးကြည့်ကြပါ။ ဒီလိုကဒ်တွေပါမှ အလုပ်ခန့်မည်ဆိုတော့ ကိုယ်ဘာလဲမသိ ဖြစ်ပြီး ကဒ်လုပ်ကြသည်လား၊ ကိုယ်ဘာဘဲဖြစ်ဖြစ်ဆိုပြီး ကဒ်လုပ်ကြသည်လား မသိပေ။ လုပ်ပေးသူ တွေကတော့ ပိုက်ဆံရတော့ လုပ်ပေးလိုက်ကြသည်။ အဲသလို မှောက်မှားချင်တိုင်း မှောက်မှားနေကြသည်။
 အဖွဲ့စုံဝင်ထားသည့်မိသားစုဆိုလျှင် လူကြီးလာသောနေ့ မီးခိုးတိတ်လို့ရသည်။ လမ်းဘေးမှာ ကိုယ့်အရောင် နှင့်ကိုယ် ကြိုဆိုကြရသည်။ ကြိုဆိုခ (ကြိုရုံမက ဆို ရသေးသည်) အဖြစ် လူကြီးပြန်တော့ ကျန်တာစားရသည်။ ဟိုဟာဒီဟာလေးတွေ ချပေးသည့်အခါ မျိုးမျိုးမျက်မျက်စားရသည်၊ (ဥပမာ ဖုန်းချပေးတာမျိုး) ခိုးခိုးဝှက်ဝှက်စားရတာတွေကတော့ မနည်းမနောတည်း။
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်က မြတ်စွာဘုရားရှင်သည် ဣန္ဒြိယပူရမှနေ၍ ယနေ့မြမ္မပူရကို လှမ်းမြင်ရောင်ပြီးသကာလ ဤလိုမျိုးသောက်သောက်စားစားတွေလုပ်ရင် ဒီလိုမျိုးမှောက်မှောက်မှားမှားတွေ ဖြစ်မည်ဆိုသည့်အကြောင်း ကရုဏာရှေ့ထား မေတ္တာအားဖြင့် ဟောကြားထားခဲ့လေသည်။
ဟောတရားမှာ- ဆင်းရဲသောနိုင်ငံစာရင်းတွင် သွင်းထားခံရခြင်း၊
ကောင်းရာကောင်းကြောင်းပြောသည့် ပြည်တွင်းပြည်ပမည်သူ့ကိုမဆို ရန်လိုခြင်း၊
တတိုင်းပြည်လုံးရောဂါဖုံးလွှမ်း သက်တမ်းတိုခြင်း၊
အမျိုးဂုဏ် ဇာတိဂုဏ်နိမ့်ကျခြင်း၊
ရှက်စရာများသာ ပြစရာရှိခြင်း၊
တမျိုးသားလုံးပညာရည် ကျဆင်းခြင်းတို့တည်း။
သတိသံဝေဂ ရကြပါကုန်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts