>Regime censorship board banned one local journal for displaying photos of attending public in front of DASSK house

>

စစ်အစိုးရ၏ စိစစ်ရေး အစွမ်းပြပြီ၊ အိုးပင်းနယူးစ်ဂျာနယ်ကို နားခိုင်းလိုက်
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၇၊ ၂၀၁၀
ဒီတပတ်ထုတ် အိုးပင်းနယူးစ်ဂျာနယ်ကို စစ်အစိုးရရဲ့ စိစစ်ရေးဆင်ဆာဘုတ်က ရပ်နားခိုင်းလိုက်တယ်လို့ သတင်းကြားရပါတယ်။ စာပေစိစစ်ရေးကို စာမူများ တင်ပြခြင်းမရှိဘဲ ထုတ်ဝေခဲ့လို့ နည်းဥပဒေ အပိုဒ် ၂၀ အရ ရပ်နားလိုက်တယ်လို့ ပြောသံကြားပါတယ်။
 ပရိသတ်က ထင်မြင်ချက်ပေးရာမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ သတင်းကို ဓာတ်ပုံများနဲ့ ဖော်ပြရာမှာ ဒေါ်စုဓာတ်ပုံကို အခြားဂျာနယ်များကဲ့သို့ အနီးကပ်ပုံ တင်ဆက်တာထက် ကျော်ပြီးတော့ ဒေါ်စုနေအိမ်ပတ်ဝန်းကျင်က ထောင်ချီတဲ့ လူပရိသတ်ကြီးကိုပါ ဓာတ်ပုံတွေ ရိုက်ပြီး ထည့်သွင်း ဖော်ပြတာကြောင့်လို့ ထင်မြင်ချက်ပေးကြပါတယ်။
ယခင် ၂၀၀၉  ကာလက ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ဖမ်းချုပ်ပြီး တရားစီရင်ချိန်တုန်းကလည်း သတင်းများကို ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ဖူးပါတယ်။ ဒေါ်စု တရားရင်ဆိုင်နေတဲ့ သတင်းတွေကို ဖော်ပြတဲ့ ဂျာနယ်တွေကိုလည်း စိစစ်ရေးက သတိပေးတာမျိုးတွေ လုပ်ဖူးခဲ့ပါတယ်။ သည်တခါတော့ ဒေါ်စု လွတ်မြောက်ခြင်းကို အားလုံးကဖော်ပြနေချိန်မှာ  သတင်းဂျာနယ်တခုကို သီးသန့် ရွေးထုတ်ပြီး စစ်အစိုးရက အရေးယူလိုက်တာဖြစ်ပါတယ်။ ယာယီနားတာလား၊ အမြဲတန်း နားခိုင်းတာလား မသိရသေးပါ။
အိုးပင်းနယူးစ် ဂျာနယ်ကို ၂၀၀၈ နှစ်ကုန်ခါနီး မှာ စတင် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အယ်ဒီတာချုပ် အဖြစ် တာဝန်ယူထားသူ ဦးသီဟစော ဟာ သက်တမ်း အနှစ် ၂၀ ကျော် ရှိပြီဖြစ်တဲ့ မြန်မာ့ဓန မဂ္ဂဇင်းထုတ်ဝေသူလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင်က စာပေစိစစ်ရေးနဲ့ ဆက်ဆံဖူးတဲ့ အတွေ့အကြုံ အပြည့်ရှိနေတဲ့ကြားက အခုလိုမျိုး ဖြစ်ပွားရတာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts