သန်းဝင်းလှိုင်

Than Win Hlaing – Articles

ဂန္တ၀င်စာဆိုတော်ကြီးများ 
(မန်လည်ဆရာတော်ဘုရားကြီး စာပေလက်ရာများ)
သန်းဝင်းလှိုင်
ဇွန် ၂၊ ၂၀၁၃


ကျွန်တော်ငယ်စဉ်က ဆရာကြီး ဦးဖေမောင်တင် ရေးသားပြုစုခဲ့သော `မြန်မာစာပေသမိုင်း´ ကို ဖတ်ရှုရာမှ မန်လည်ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိအကျဉ်းချုပ်နှင့် ဆရာတော် စပ်ဆိုသီကုံးခဲ့သော စာပေများကို အမြွက်မျှ ထိတွေ့သိနားလည်ခွင့် ရခဲ့သည်။
မန်လည်ဆရာတော်ဘုရားကြီးသည် `မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်´ကို အပိုင်း (၆) ပိုင်း၊ အခန်း (၄၉) ခန်း၊ စာပိုဒ်ပေါင်း (၆၂၅) ဖြင့် တန်ဆာဆင်ရေးသားပြုစုတော်မူခဲ့သည်။ အဆိုပါကျမ်းကြီးကို ဆရာတော်သည် သက္ကရာဇ် ၁၂၃၃ (ခရစ် ၁၈၇၁) ခုနှစ် ရဟန်းဆယ်ဝါရချိန်တွင် စတင်ရေးသားခဲ့သည်။ သို့သော် ဘုရားကိစ္စ၊ သာသနာရေးကိစ္စများဖြင့် မအားလပ်နိုင်သဖြင့် ဆက်မရေးဖြစ်ချေ။ ထို့နောက် (၃၃) နှစ်အကြာ၊ ၁၂၆၆ ခုနှစ် တော်သလင်းလပြည့်ကျော် ၁၄ ရက် (ခရစ် ၁၉ဝ၄ အောက်တိုဘာလ ရ ရက်) သောကြာနေ့ ည (၈) နာရီအချိန်တွင် အချောသပ်နိုင်ခဲ့သည်။ သို့ဖြင့် ၁၂၆၉ ခုနှစ်တွင် မန္တလေးမြို့ ဆိုင်းတန်းလမ်း (ရတနာဒီပံ) ပုံနှိပ်တိုက်မှ (လိနတ္ထဒီပနီ) စာအုပ်သည် အစောဆုံးဖြစ်ဖွယ်ရာ ရှိသည်။ ဆရာတော် သက်တော်ထင်ရှား ရှိနေစဉ်အခါလည်း ဖြစ်သည်။  
ထို့နောက် ဆရာတော်ပျံလွန်တော်မမူခင် ထုတ်သည့်စာအုပ်မှာ သက္ကရာဇ် ၁၂၇၆ (ခရစ် ၁၉၁၄) ခုနှစ် ပြည်ကြီးမဏ္ဏိုင်မှ ထုတ်သည့်စာအုပ်ဖြစ်သည်။ အဆိုပါစာအုပ်မှာ မတူသောမူကွဲများ ပြင်ဆင်ချက်များပါရှိခဲ့ရာ ဆရာတော်သည် ပထမအကြိမ် ထုတ်စဉ်က တွေ့ရှိသည့် အပြစ်အနာအဆာများကို ပယ်ရှားသုတ်သင်၍ တည်းဖြတ်ပြင်ဆင်ခဲ့ကြောင်း သိသာလှပေသည်။
မန်လည်ဆရာတော်ဘုရားကြီးသည် သူပြုစုခဲ့သော ကျမ်းစာအုပ်၏အမည်ကို ဧကနိပါတ်၊ အပဏ္ဏကဝဂ်၊ (၉)ခုမြောက် `မဃဒေဝ´ ဇာတ်မှယူ၍ `မဟာသုတကာရီ မဃဒေဝလင်္ကာသစ်´ အမည်သစ်ပေးခဲ့သည်။ မူလ မဃဒေ၀ ဇာတ်လမ်းအချုပ်မှာ ၀ိဒေဟတိုင်း၌ မိတိလာပြည့်ရှင် ဘုရင် မဃဒေ၀မင်းကြီးသည် ဦးခေါင်း၌ ဆံဖြူတစ်ချောင်းပေါက်လတ်သော် သံဝေဂရ၍ သားတော်ကြီးအား ထီးနန်းကိုလွှဲအပ်ခဲ့ပြီး တောထွက်သွားလေ၏´ ဟူ၍ မျှသာ ဖြစ်သည်။
ဆရာတော်ဘုရားကြီးသည် မြန်မာစာပေ ဘဏ္ဍာတိုက်တွင်းရှိ အတောက်ပြောင်ဆုံး ရတနာတစ်လုံးဖြစ်သည့် မဃဒေ၀လင်္ကာသစ်ကိုသာမက ပုစ္ဆာဝိသဇ္ဇနာကျမ်းများ၊သုတ်ပါဠိတော် နိဿယကျမ်းများအပါအ၀င် ဗုဒ္ဓစာပေပေါင်း (၃ဝ) ကျော်ခန့်ကို ပြုစုတော်မူခဲ့လေသည်။
သို့သော် ထိုကျမ်းများအနက် မဃဒေဝလင်္ကာသစ်ကား အထူးပင် ကျော်ကြားလှ၏။ မဃဒေဝလင်္ကာသစ် တစ်ကျမ်းတည်း၌ပင် ဆရာတော်ကြီးအား စာပေသမိုင်း၌ ထည်ဝါခန့်ညားသောနေရာကို ပေးထားလေသည်။
မန်လည်ဆရာတော်ဘုရားကြီးကို မြန်မာသက္ကရာဇ် ၁၂ဝ၃ ခု၊ နှောင်းတန်ခူးလဆန်း ၁၂ ရက် (ခရစ် ၁၈၄၂ ခု၊ မတ်လ ၂၂ ရက်) အင်္ဂါနေ့ ညဥ့်သုံးချက်တီးကျော်တွင် အင်းတော်ကြီးမြို့နယ် မန်လည်တောင်ကုန်း မင်းကုန်းရွာ၌ ခမည်းတော် သစ်ကုန်သည်ကြီး (အချို့က မြို့စာရေးဟုဆို) ဦးထင်ညို၊ အမိဒေါ်ဖြေတို့မှ ဖွားမြင်ခဲ့သည့် ဒုတိယမြောက်သားဖြစ်သည်။ အစ်မမှာ ဒေါ်သုတ်ဖြစ်သည်။ ငယ်မည်မှာ ဦးမာဖြစ်သည်။ ထို့ကြောင့် ပုသိမ်ဦးပဒုမာဆရာတော်ရေးသားသော `ပဒုမ၀ါဒကထာ လေးချိုးတွင် `မာန်မလုပ်ချင်ဘူး၊ မာန်လုပ်လျှင် လွယ်သည်သာပ၊ ငယ်မည်မှာ (န) ကို သတ်ရုံပဲ နေရပ်ကယ် ရွှေမန်လည်နှင့်´ ဟု ဆရာတော်ကြီးသည် သူ၏ ငယ်မည်နှင့် နေရပ်ကို ထုတ်ဖော်ရေးသားထားလေသည်။
ဆရာတော် ဖွားရာဇာတိ မန်လည်ကိုလည်း ဆရာတော်ကြီးက `မနလဉ္စ – ရဉ္စေတီတိမန်လည်။ မနံ – ရပ်ဝေးရပ်နီးမှ ရောက်ကုန်သောသူတို့၏ စိတ်ကို၊ ရဉ္စေတီတိ –  နှစ်သက်မွေ့လျော်စေတတ်၏။ ဣတိတသ္မာ – ထို့ကြောင့် မန်လည်၊ မန်လည်မည်၏´ ဟူ၍ ၀ိဂြိုဟ်ပြုခဲ့သည်။
မိဘနှစ်ပါးက ဆရာတော်လောင်း သူငယ်အား (၁၂) နှစ် အရွယ်တွင် ဝန်းသိုစော်ဘွား၏ နောင်တော်ဖြစ်သူ ဝန်းသိုမြို့ တောင်ပေါ်ကျောင်းဘုန်းတော်ကြီး ဦးပန်းအောင်ထံ အပ်နှံ၍ စာပေသင်ကြားဆည်းပူးစေလေသည်။ သူငယ်သည် (၁၆) နှစ် မတိုင်မီကပင် ကဗျာအဖွဲ့အနွဲ့ ၀ါသနာပါသောကြောင့် ရှေးပညာရှိများ ရေးစပ်ခဲ့သည့် ကဗျာများကို စတင်ရေးသားစပ်ဆိုခဲ့လေသည်။
(၁၆) နှစ် အရွယ်တွင် ၀န်းသိုမြို့ တောင်ပေါ်ကျောင်း ဘုန်းကြီးထံမှာပင် ရှင်သာမဏေပြုလေသည်။ ရှင်သာမဏေ ဘွဲ့မည် ကား ရှင်ဇဝန ဖြစ်၏။ ရှင်သာမဏေဘ၀ဖြင့်ပင် ပါဠိအဋ္ဌကထာကျမ်းများကို သင်ကြားတတ်မြောက်လေသည်။
သက္ကရာဇ် ၁၂၂၆ (ခရစ် ၁၈၆၃) ခုနှစ်တွင်မှ ရဟန်းခံလေ၏။ မန်လည်ဆရာတော်သည် အသက် (၂၂) နှစ်သာသာ ရှိမှ (နှစ်လွန်မှ) ရဟန်းဖြစ်လေသည်။ ရဟန်းဖြစ်၍ တစ်ဝါရှိသောအခါ မူလ ရဟန်းခံခဲ့သည့် သိမ်ကို ၀ိနည်းစည်းကမ်းအရ သံသယမကင်းသည်နှင့် မဲဇာမြစ်အတွင်း (ဥဒကုက္ခေပ) ရေသိမ်၌ ဒုတိယအကြိမ် ရဟန်းခံပြန်လေသည်။ ဒုတိယအကြိမ် ရဟန်းခံသည့်နှစ်မှ စတင်၍ မိမိ၏ ရဟန်းဝါကို အတည်ပြုလေသည်။ ပထမအကြိမ် ရဟန်းခံသည့်အချိန်က ရရှိသည့် ရဟန်းဝါကို အသိအမှတ်မပြုတော့ပေ။ ဥပဇ္ဈာယ်ဆရာကား မန်လည်မြို့အနောက်ဘက်တိုက် ၀ါတော် (၆ဝ) ရှိ `အရှင်ဂုဏ၀ါ´ မထေရ်မြတ်ပေတည်း။ ဒုတိယအကြိမ် ရဟန်းခံတော်မူပြီးနောက် ၃ ရက်မြောက်သောနေ့တွင် ကျေးဇူးရှင်ဖြစ်တော်မူသော `အရှင်နန္ဒမဉ္ဇူ´ မထေရ်မြတ်သည် ပျံလွန်တော်မူလေသည်။
ရဟန်းသုံးဝါမြောက်တွင် မန္တလေးမြို့ အနောက်ပြင် ထီးလင်းတိုက်၌ ၀ါဆို၍ မန်လည်မြို့ဝန် မင်းထင်မင်းလှသမန္တရာဇာ လှူဒါန်းသော ပိဋကတ်တော်များကို ကြီးကြပ်ကူးယူရေးသားလေ၏။ ထို့နောက် မန်လည်မြို့နေရင်းလေးထပ်ကျောင်းသို့ ပြန်ကြွပြီး လျှင် စာသင်သားများအား စာပေပို့ချခြင်း၊ ကျမ်းဂန်ရေးသားခြင်းများကို ပြုစုခဲ့လေသည်။
ရဟန်းဆယ်ဝါမြောက်သောအခါ သာမဏေဘ၀က သင်ကြားခဲ့သည့် မာဃဒေ၀ဇာတ်တော်ကို ကြည်ညိုနှစ်သက်ရင်းစွဲ ရှိသည်နှင့် မဃဒေဝဇာတ်ကို ပျို့ကဗျာလင်္ကာဖြင့် ဖွဲ့ဆိုသည့် `မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်´ ကို စတင်ရေးသားခဲ့လေသည်။
ထိုအတွင်း သက္ကရာဇ် ၁၂၄၃ (ခရစ် ၁၈၈၁) ခုနှစ်တွင် မင်းကွန်းတောရဆရာတော် အရှင် ပဏ္ဍ၀ံသက ပုစ္ဆာ (၄၅) ချက်ကို ကဗျာသီကုံး၍ မေးသည်တွင် မန်လည်ဆရာတော်က ပြန်လည်ဖြေကြားတော်မူလေသည်။ ထိုအမေးအဖြေကျမ်းသည် `ပဉ္စစတ္တာလီသ ပုစ္ဆာဝိသဇ္ဇနာ´ ကျမ်းအမည်ဖြင့် ထင်ရှား၏။ တစ်ဖန် မန်လည်ဆရာတော်က ပုစ္ဆာပေါင်း (၁၀၀) ကို မေးပြန်ရာ မင်းကွန်းတောရ ဆရာတော်က ပြန်လည်ဖြေကြားတော်မူသည်။ ထိုကျမ်းကို `သတပဒိက ပုစ္ဆာဝိသဇ္ဇနာကျမ်း´ ဟု ခေါ်၏။ ထိုကျမ်းနှစ်ကျမ်းမှာ လောကုတ္တရာစာပေ၌ ထင်ရှားကျော်ကြား၏။
၁၂၅၀ ပြည့်နှစ် မန်လည်မြို့ မန်လည်မြို့ဝန် မင်းထင်မင်းလှသမန္တရာဇာက ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်ကျောင်းကြီးကို ဆောက်လုပ်ပြီးလျှင် မန်လည်ဆရာတော်အား လှူဒါန်းလေသည်။ ထိုကျောင်းတွင် အစွဲပြု၍ မန်လည်ဆရာတော်ဟူ၍ ထင်ပေါ်ကျော်စောလာလေသည်။
ကျောင်းဒါယကာ မင်းထင်မင်းလှ သမန္တရာဇာ လျှောက်ထားတောင်းပန်သည်ဖြစ်၍ ဆရာတော်ကြီးသည် `ကတိဝိသေဇန´ကျမ်းကို ရေးသားလေသည်။ မြတောင်မင်းကြီး တောင်းပန်လျှောက်ထားသည့်အတွက်ကြောင့်လည်း `ဒိဋ္ဌိဝိသောဇန၀ဇိရဂ္ဂဒီပနီ´ ကျမ်းကို ရေးသားလေသည်။ ကင်းဝန်မင်းကြီးသည် မန်လည်မြို့မပြသာဒ်ကျောင်းသို့ နှစ်ကြိမ်တိုင်တိုင် လာရောက်ပြီးလျှင် မန်လည်ဆရာတော်အား ဖူးတွေ့ခဲ့လေသည်။
ဝိသုဒ္ဓါရုံဆရာတော်၊ လယ်တီဆရာတော်၊ မန်လည်ဆရာတော်တို့သည် မန်လည်ဆရာတော်ဘုရားကြီးနှင့် ဓမ္မသဟာယများဖြစ်ကြသည်။ တစ်ပါးနှင့်တစ်ပါး မကြာခဏ စာတစ်တန် ပေတစ်တန်ဖြင့် တရားဆွေးနွေးညှိနှိုင်းတော်မူကြသည်။ မန်လည်ဆရာတော်သည် ၀ိသုဒ္ဓါရုံဆရာတော်ကြီး တိုက်တွန်းသည့်အတွက် `၀ဇီရူပမဗျာကရဏကျမ်း´ ကို ရေးသားတော်မူသည်။ တစ်ဖန် လယ်တီဆရာတော် မေးမြန်းတော်မူသဖြင့် `ပုစ္ဆာဝိသဇ္ဇနာကျမ်း´ ကို ပြုတော်မူသည်။
မန်လည်ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် ၁၂၆၈ ခုနှစ်တွင် မိုးကုတ်မြို့သို့ သာသနာပြု ကြွတော်မူလေသည်။ ထို့နောက် သက္ကရာဇ် ၁၂၇၅ ခု၊ ပြာသိုလဆန်း (၉) ရက် (၁၉၁၇ ဇန်န၀ါရီလ ၁ ရက် တနင်္လာနေ့) တွင် အင်္ဂလိပ်အစိုးရတို့က လှူဒါန်းသော `အဂ္ဂမဟာပဏ္ဍိတ´ ဘွဲ့တံဆိပ်ကို ရရှိခံယူတော်မူလေသည်။ မန်လည်ဆရာတော်ဘုရားကြီးသည် မန္တလေးထီးလင်းတိုက်၌ တစ်ဝါ၊ ကသာမြို့၌ နှစ်ဝါ၊ ထီးချိုင့်မြို့၌ သုံးဝါ၊ ပေါင်း (၆) ၀ါမျှသာ အခြားဋ္ဌာနများ၌ သီတင်းသုံးဖူးပြီး ကျန်ဝါများမှာ မန်လည်မြို့၌သာ သီတင်းသုံးတော်မူသည်။ သက္ကရာဇ် ၁၂၈၁ ခုတွင် ဧရာဝတီ ရေလမ်းခရီးဖြင့် စစ်ကိုင်း၊ ပခုက္ကူ၊ ပြည်၊ ဇလွန်၊ ပုသိမ်၊ ဟင်္သာတ၊ သာယာဝတီ၊ မင်းလှ၊ ရန်ကုန်မြို့များသို့ ကြွရောက်၍ သာသနာပြုတော်မူပြန်သည်။
မင်းလှမြို့သို့ ရောက်ခိုက် မန်လည်ဆရာတော်နှင့် လယ်တီဆရာတော်တို့ တွေ့ဆုံကြလေသည်။ ယင်းသို့ တွေ့ဆုံခြင်းမှာ ဆရာတော်နှစ်ပါး ပထမဆုံး တွေ့ဆုံကြွလာကြလေသည်။ ရန်ကုန်မြို့သူ မြို့သားတို့က သာသနာတွင် နေနှင့်လ ကဲ့သို့ ထင်ပေါ်ကျော်ကြားလျက်ရှိသည့် ဆရာတော်နှစ်ပါးအား တစ်ခဲနက် ကြိုဆိုကြလေသည်။ ဆရာတော်ကြီးနှစ်ပါး၏ ယင်းခရီးကို ရည်ရွယ်လျက် လယ်တီပဏ္ဍိတက `မန်လည်လယ်တီ၊ သည်ထင်ရှား၊ ရှင်နှစ်ပါးတို့၊ ထက်ဖျားဝေဟင်၊ ကောင်းကင်ပြင်ဝယ်၊ ရောင်ရှင်နေ၀န်း၊ နှစ်ဆူထွန်းလျက်၊ လ၀န်းအစုံ၊ ထွက်သောပုံလျှင် ကြိုက်ကြုံခဲစွာ ပေါင်းဆုံကာဖြင့် ဒေသစာရီ ကြွချီနှစ်ပါး၊ မြန်းကွန့်ငြား၍ တရားမြိုက်စည်၊ ခြိမ့်ခြိမ့်လည်လျက်….´ ဟူ၍ စပ်ဆိုထားလေသည်။
မန်လည်ဆရာတော်ဘုရားကြီးသည် ထိုင်ခြင်း ဣရိယာပုတ်ဖြင့် မည်မျှကြာအောင် နေစေကာမူ ညောင်းညာသည်ဟူ၍ မရှိပေ။ ထိုင်ခြင်း ဣရိယာပုတ်ဖြင့်ပင် ကျိန်းစက်တော်မူသည်။ အချိန်ရှိသမျှ အဋ္ဌကထာ ဋီကာနှင့်တကွ ပိဋကတ်သုံးပုံကို အပြန်ပြန် အလှန်လှန် ကြည့်ရှုခြင်း၊ အခြား ဂန္တန္တရစာပေ ဗဟုသုတများကို လေ့လာဆည်းပူးခြင်း၊ စာသင်သားများအား စာပေပို့ချ ခြင်း၊ ကျမ်းဂန်များကို ရေးသားပြုစုခြင်း၊ သုတ္တန်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများဖြင့်သာ ကုန်လွန်စေတော်မူသည်။
ဆရာဆက်တွက်လျှင် မကာရလောပမ, တစ်လုံးကျေတောင်တွင်းဆရာတော် ခင်ကြီးဖျော်သည် မန်လည်ဆရာတော်၏ ဆရာ့ဆရာ ဖြစ်လေသည်။ (၁) တောင်တွင်းဆရာတော် ခင်ကြီးဖျော်၊ (၂) ဦးဇိန၊ (၃) ဦးပညာ၊ (၄) ဦးနန္ဒမဉ္ဇူ၊ (၅) မန်လည်ဆရာ တော်။ ဦးဇိနမှစ၍ မန်လည်ဆရာတော်အထိ ဆရာတော်ကြီးလေးပါးတို့သည် မန်လည်ကျောင်းတိုက်ကြီး၌ပင် သီတင်းသုံးတော်မူကြ၏။ တောင်တွင်းဆရာတော်၏ တပည့်ရင်း ဦးဇိနမှ စ၍ ရေတွက်လျှင် ဆရာတော်သည် စတုတ္ထမြောက် တပည့်ဖြစ်လေသည်။ သို့ဖြစ်၍ မဃဒေဝလင်္ကာသစ် နိဂုံး၌….
`မှတ်စိမ့်သောငှာ အကြင်ငါး၊ မကာရသောပ၊ အံ့ချီးကြလျက်၊ ဥာဏ၀ရဇိန် တောက်ထိန်ပြောင်ဝင်း၊ အခေါင်ချင်းသည့်၊
တောင်တွင်းအကျော်၊ ဆရာတော်၏ အာဘော်နည်းယူ၊ တံခွန်ထူးသား၊ တစ်ဆူလက်တွင်း၊ တပည့်ရင်းမှ၊
သက်ဆင်းနွယ်လာ၊ ထေရာဝံသ၊ ပဒီပဖြင့် စတုတ္ထမြောက်၊ ရောက်ခဲ့တုံပြီ…´ ဟူ၍ ရေးသားစပ်ဆိုထားလေသည်။
မန်လည်ဆရာတော်ဘုရားကြီးသည် ဘင်္ဂလီ၊ နာဂရီ၊ သီဟိုဠ် (ဆင်ကာလီ) မာဂဏီစသော ဘာသန္တရကျမ်းများကိုလည်းတတ်မြောက်တော်မူလေသည်။ဗေဒင်ကျမ်းပေါင်းများစွာတို့နှင့်တကွတတ်သင့်တတ်ထိုက်သော ပညာဗဟုသုတ သိပ္ပာယတနများကိုလည်း တတ်ကျွမ်း တော် မူ၏။
မန်လည်ဆရာတော်ဘုရားကြီး ပြုစုခဲ့သော ကျမ်းများကား….
(၁) မဟာသုတကာရီ မဃဒေဝလင်္ကာသစ်
(၂) ပဉ္စစတ္ကာလီသပုစ္ဆာတိသဇ္ဇနာကျမ်း
(၃) သတပဒိကပုစ္ဆာဝိသဇ္ဇနာကျမ်း
(၄) ၀ဇီရဂ္ဂဒိဋ္ဌိဝိသောဓနကျမ်း
(၅) ကတိဝိသေဓနကျမ်း
(၆) ၀ဇီရူပမဗျာကရဏကျမ်း
(၇) ၀ဇီရုတ္တရပကာသနီကျမ်း
(၈) ကစ္စာယနသုသုဟာရကပါဠ်
(၉) ကစ္စယနသုသုဟာရကနိသျှကျမ်း
(၁၀) ၀ဇီရဥာဏ၀န္ဒနာ စသော ဘုရားရှိခိုးအမျိုးမျိုး
(၁၁) မဏိဇောတိက၀ိသဇ္ဇနာကျမ်း
(၁၂) ပုစ္ဆာဝိသဇ္ဇနာကျမ်း
(၁၃) သီမ၀ိစာရဏကျမ်း
(၁၄) ကမ္မဋ္ဌာန်းကျမ်းသစ်
(၁၅) ဖုဿထေရဂါထာပါဋ္ဌ်နိသျှ
(၁၆) သာမညဖလသုတ်ပါဠိတော်နိသျှ
(၁၇) ဂီရိမာနန္ဒသုတ်ပါဠ်နိသျှ
(၁၈) ဒလသီလ၀ဇီရဂ္ဂ၀ိနိစ္ဆယ
(၁၉) ကဗျာသာရနိသျှခေါ် ဘုန်းကြီးပျံငိုချင်း
(၂၀) ပုမောဝါဒကထာ
(၂၁) ကုသိမောဝါဒကထာ
(၂၂) ဆန်းသံခိပ်
(၂၃) ဥဿယ၀ါဒိကသက္ခာပဒ၀ိနိစ္ဆယ
(၂၄) သန္ဓိပဏမကျမ်းရိုး
(၂၅) ပညာဝီမံသနကထာကျမ်း
(၂၆) တိမ်မြုပ်နေသော အဖိုးတန်မန်လည်ကဗျာများ
စသည်တို့ ဖြစ်သည်။
သို့ကလို စာပေကျမ်းဂန်မြောက်မြားစွာ ပြုစုခဲ့သော မန်လည်ပြဿာဒ်ကျောင်းတိုက်၌ပင် သက္ကရာဇ် ၁၂၈၂ ခု၊ တော်သလင်းလဆန်း ၁၃ ရက် (ခရစ် ၁၉၂၀၊ စက်တင်ဘာလ ၂၅ ရက်) စနေနေ့ နံနက် (၁) ချက် (၃၀) မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့လေသည်။ ဆရာတော်၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို စံကျောင်းတော်၌ သစ်စေးကိုင်၍ ရွှေချထားရာ ယနေ့တိုင် မပုပ်မသိုးသေးဘဲ ဖူးမြော်နိုင်ပေသည်။
ယခုအခါ ဆရာတော်ဘုရားကြီးပြုစုခဲ့သော စာပေအစုစုကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မန်လည်ကျောင်းကြီး၏ တတိယဆရာတော် ဦးပုည၊ ရင်းတော် မြို့မကျောင်းဆရာတော် ဦးနန္ဒ၀ံသနှင့် မန်လည်မြောက်ရပ်ကျောင်းဆရာတော် ဦးဥာဏန္ဒ တို့ ဦးဆောင်ကာ ရဟန်းပုဂ္ဂိုလ်တို့ပါဝင်သော `မန်လည်စာပေစောင့်ရှောက်ရေးအဖွဲ့´ ကို ၁၃၇၇ ခု တွင် အင်းတော်မြို့၌ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ယင်းအဖွဲ့က မန်လည်ဆရာတော်ဘုရားကြီး၏ တိုင်းပြု၊ ပြည်ပြု သာသနာပြုစာပေများကို….
(က) တိမ်းပါးမှားယွင်းခြင်း မရှိစေရန် စောင့်ရှောက်မည်။
(ခ) ပျက်စီးချွတ်ယွင်းခြင်းမရှိစေရန် ထိန်းသိမ်းမည်။
(ဂ) တိမ်မြုပ်ပျောက်ကွယ်ခြင်း မရှိစေရန် ဖော်ထုတ်သည်။

(ဃ) တစ်ဦးတစ်ယောက် အမြတ်အစွန်းရရှိရေးအတွက် မဟုတ်၊ တိုင်းပြည်နှင့် သာသနာကြီးပွားရေးအတွက် သာ ရိုက်နှိပ်ထုတ်ဝေမည်ဟူ၍ ရည်ရွယ်ချက်များ ထားရှိကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts