>The Voice of Ko Paw

>

 ကိုပေါရဲ့အသံ
ကိုပေါ
နိုဝင်ဘာ ၁၆၊ ၂၀၁၀
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု အသံကို နားထောင်ချင်တယ်ဆိုတော့… ကျနော်လည်း ပြည်သူတယောက်အနေနဲ့ ကျနော့်ဉာဏ်လေးရှိသလောက် ခြစ်ခြုတ်စဉ်းစားတွေးခေါ်ပြီးသကာလ ကျနော့်အသံလေးကို အခုလို ထုတ်လိုက်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကြားပါစေသတည်း….း-)
(၁) ထောင်သောင်းချီတဲ့ လူစုလူဝေးကြီးတွေလုပ်တဲ့အခါ အားလုံး ကြားနိုင်ဖို့အတွက် အသံချဲ့စက်ကောင်းကောင်းတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လိုအပ်နေပါတယ်။ မိန့်ခွန်းတွေကို အသံဖမ်းတဲ့အခါ ကြည်ကြည်လင်လင် ကြားရအောင် မိုက်ကရိုဖုန်းက အသံကို တိုက်ရိုက် ဖမ်းယူထားတာမျိုး လည်း (ပါတီဝင်တွေကိုယ်တိုင်က တာဝန်ယူပြီး) လုပ်သင့်ပါတယ်။
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ အသိပေးချက်တွေကို ပြည်တွင်းပြည်ပကို အလျှင်အမြန် ဖြန့်ဖြူးပေးနိုင်မယ့် တရားဝင်အင်တာနက်စာမျက်နှာ (official webpage) တခု လိုအပ်နေပါတယ်။ မိန့်ခွန်းတွေကိုလည်း အဆိုပါ အင်တာနက်စာမျက်နှာပေါ်မှာ အများပြည်သူ အလွယ်တကူ နားထောင် ကိုးကားနိုင်အောင် စီစဉ်ပေးထားသင့်ပါတယ်။
(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီပိုင် ဓါတ်ပုံဆရာ ကောင်းကောင်းတွေ လိုအပ်နေပါတယ်။ (ကိုကျော်သူ ပန်းချီကား လှူနေတဲ့ပုံတွေကို ကြည့်ရတုန်းက မှုန်ဝါးနေတဲ့အတွက် ကျနော်များ မျက်မှန်မတပ်မိလို့လေလား သေချာအောင် ပြန်စမ်းကြည့်ရပါသေးတယ်။)
(၄) ထုတ်ပြန်ကြေညာချက်တွေကို လက်နှိပ်စက်ရိုက်ပြီး ထုတ်ပြန်တာထက် ကွန်ပြူတာများကို သုံးစွဲပြီး စာစီစာရိုက်လုပ်ကာ ထုတ်ပြန်ဖို့လည်း အကြံပြုပါတယ်။
(၅) ဒေါ်အောင်ဆန်းစုကြည် Facebook သုံးရင် မိတ်ဆွေအများဆုံး ဖေ့စ်ဘွတ်ခ် ဖြစ်သွားနိုင်ပါတယ်။ သုံးဖို့လည်း တိုက်တွန်းပါတယ်။
(၆) ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဒီမိုကရေစီကွန်ယက် ဆိုတာကို အင်မတန် စိတ်ဝင်စားပါတယ်။ စင်္ကာပူ၊ ထိုင်း၊ မလေးရှားက စလို့ သြစတေးလျ၊ အင်္ဂလန်၊ အမေရိကန်စတဲ့ ကမ္ဘာ့တိုင်းပြည်အရပ်ရပ်ကို ရောက်နေတဲ့ ကျနော်တို့လို မြန်မာပြည်သူတွေအားလုံး တစုတစည်းတည်း တက်ညီလက်ညီ ပါဝင် လှုပ်ရှားနိုင်တဲ့ ကွန်ယက်ကြီးတခု ဖွဲ့စည်းနိုင်ကြဖို့ ဆန္ဒပြုပါတယ်။
(၇) ပြည်ပမှာ မြန်မာလူမျိုးတွေ အများအပြားရှိတဲ့အတွက် One Dollar Campaign လို့ခေါ်တဲ့ တစ်လကို မြန်မာတဦးလျှင် တစ်ဒေါ်လာ ထည့်ဝင်ပြီး ပြည်တွင်းက ဒီမိုကရေစီ ကွန်ယက်ကို ထောက်ပံ့တဲ့ အစီအစဉ်မျိုး ပေါ်လာရင် ပြည်တွင်းက လှုပ်ရှားမှုတွေကို တော်တော်လေး ထိထိရောက်ရောက် ကူညီနိုင်မယ်လို့ တွေးမိပါတယ်။
(MoeMaKa took his letter from his blog – without asking his permission)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts