>Zay Hmine – The Meaning ….

>

အဓိပ္ပါယ်ကိစ္စ
ဇေမှိုင်း
နိုဝင်ဘာ ၁၁၊ ၂၀၁၀
တောင်ကုန်းနားက ယုန်ကလေး
ခုန်ပြေးနေတာလည်း
ဒီ အဓိပ္ပါယ်ပဲ၊၊
ယုန်နဲ့ အတူပြေး
ခွေးနဲ့ အတူလိုက်တာလည်း
ဒီ အဓိပ္ပါယ်ပဲ၊၊
ငါ ချစ်တဲ့
စပယ်ဖြူပွင့်တွေ
တအုန်းအုန်း ပွင့်ကြ
ဗေဒါတွေ
ရေမှာ မျောကြ
ဝဲဒေါင့်ကမ်းက လွတ်လာတဲ့
မီးကြာတွေ တသောသောနဲ့
ရေမှာ ပျော်ကြ စုန်ကြ ဆန်ကြ
ဒီ အဓိပ္ပါယ်ပဲ၊၊
ရေနစ်မှာ ကြောက်ရက်နဲ့
ရေထဲ မျောတဲ့ အကောင်
ကံ့ကော်ပင်ပေါ် တက်ခဲ့ဖူး
ဆိတ်ဖလူးပန်းတွေ ဖူးတဲ့ညဆို
ခဏ ခဏ ငိုခဲ့ရတာ
လန့်နိုးခဲ့ရတာ
ဒီ အဓိပ္ပါယ်ပဲ၊၊
သူငယ်တော်ယိမ်းကို ထိုင်စရာမရှိလို့
မိုးတိုးမတ်တပ်ရပ် ကည့်နေရတာလည်း
ဒီ အဓိပ္ပါယ်ပဲ၊၊
နုံးတွေ ချတတ်တဲ့
မြစ်ကျဉ်းလေးတွေကို တမ်းတ
ကိုယ့်ကိစ္စကိုယ်
လှပအောင် မနေတတ်တော့လည်း
ဒီ အဓိပ္ပါယ်ပဲ၊၊
မုန်တိုင်းကျပါတယ် ဆိုမှ
သူ့ထက် ငါဦး
လှိုင်းလုံးစီးကြဖို့ ကြိုးစားနေကြတာလည်း
ဒီ အဓိပ္ပါယ်ပဲ။
ဖြစ်ခဲ့ဖူးပါတယ်
ဂါယာခရီး ကနေ
သာသာလေး ခရီးနှင်ခဲ့ဖူးသူ
လျှော့ရက် ရအောင်
ဂါထာတွေ ရွတ်ပြတတ်တဲ့
မုဒိန်းသမားကြီးလိုမျိုးကို
တံခါးလှပ်ပေး ခဲ့တာမျိုး
ဒီနေ့မှာလည်း
ဒီ အဓိပ္ပါယ်ပဲ၊၊
ဒီသက္ကာယလေးမှ လွှတ်မချနိုင်သူတွေ
ကုလားအုပ်ကိုယ်ထဲက
ရေလောက်မှ တန်ဖိုးမရနိုင်သူတွေကလည်း
ဒီ အဓိပ္ပါယ်ပဲ၊၊
အိမ်ပြန်ချင်တဲ့ အလွမ်း၊ ဆီးနှင်းတို့ကျစ တညမှာ
ကိုယ့်နှလုံးသား ကိုယ်သရိုးကိုင်ထားရတာလည်း
ဒီ အဓိပ္ပါယ်ပဲ။
ယီးလေးလေ့ ယီးလေးယို တေးသီချင်းလေးဆို
သမီးလေး ငိုသံကြားနေတယ်လေး
ဒါလည်း ဒီ အဓိပ္ပါယ်ပဲ၊၊
တခုတည်းပါ …
ရိုးရိုးလေးရယ်ပါ
ပြန်ပြောမယ်
ဒီအဓိပ္ပါယ်ဟာ  ဒီအဓိပ္ပါယ်ပဲ၊၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts