>Even in Rangoon, the Regime placing fake names in voters lists

>

ရန်ကုန် မြို့နယ်ကြီးများတွင် စစ်အစိုးရက မဲပေးသူစာရင်း အတုများ ထည့်သွင်းထား
မိုးမခအထောက်တော် ရန်ကုန်
နိုဝင်ဘာ ၉၊ ၂၀၁၀
လွန်ခဲ့သည် နိုဝင်ဘာ ၇ ရက်က စစ်အစိုးရရွေးကောက်ပွဲ ကျင်းပခဲ့ရာ တိုင်းပြည်အနှံ့တွင် ရွေးကောက်ပွဲ မသမာမှုများ၊ မဲလုပ်ကြံမှုများ ပေါ်ပေါက်လျက်ရှိသည်။ မဲဆန္ဒရှင်များကိုယ်တိုင်၏ မျက်မြင်သက်သေ တင်ပြချက်များကိုလည်း ပြည်တွင်း ပြည်ပသတင်းထောက်များက လက်ခံမှတ်တမ်း ပြုစုလျက်ရှိသည်ကို တွေ့ရသည်။
အဆိုပါနေ့က ဗိုလ်တထောင်မြို့နယ်တွင် မဲပေးခဲ့သော မိသားစုတစု၏ အတွေ့အကြုံအရ စစ်အစိုးရသည် ကြိုတင်မဲများ၊ မဲစာရင်း ဖျောက်ထားမှုများအပြင် မဲပေးသူ အမည်စာရင်းအတုများကို မဲရုံစာရင်းများအတွင်း အများအပြား ထည့်သွင်းထားသည်ဟု သိရှိရသည်။
မဲသွားပေးသူ အမျိုးသားက မဲစာရင်းကို ကြည့်လိုက်သောအခါ ၎င်းလိပ်စာတွင် သူတို့ကိုယ်တိုင်မသိရှိသည့် လူအမည်စာရင်း ၁၀ ခုကို ထည့်သွင်းထားကြောင်း၊ ထိုအချက်ကို မဲရုံမှူးကို ပြောပြသောအခါ တာဝန်ရှိသူက အခြားတိုက်ခန်းများက လူများဖြစ်သည်ဟု လိမ်ညာဖုံးကွယ်ပြီး ပြောကြောင်း မိုးမခသို့ သူ့အတွေ့အကြုံကို ပြောပြသည်။
“ကျနော်က ပြောလိုက်တယ်။ ကျနော့်အမျိုးသမီးက မဲလာပေးမှာ မဟုတ်ဘူးလို့ ဆိုတော့၊ ရပါတယ် တဲ့၊ ကိစ္စမရှိဘူးတဲ့။ အဲသလို ပြန်ဖြေတာဗျ” ဟု သူက ဖြေသည်။
ဗဟန်းမြို့နယ်၊ ဆိတ်ငြိမ်ရပ်ကွက်တခု၏ မဲရုံတခုတွင်လည်း သေဆုံးသူ အမျိုးသမီး၏ အမည်ကို မဲပေးမည့်သူများစာရင်းတွင် ထည့်သွင်းထားသည်ဟု မဲပေးသူ အိမ်ရှင်တဦးက မဲရုံမှူးကို ကန့်ကွက်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါ အိမ်တွင် လုံးဝမရှိသော လူ ၅ ဦး၏ အမည်စာရင်းကို မဲစာရင်းတွင် ထည့်သွင်းထားသည်ကိုလည်း ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိဟု သိရသည်။
“အဲသည် ဆိတ်ငြိမ်ရပ်ကွက်ထဲမှာ မဲရုံကိုလာပြီး မဲမပေးဘဲနေမယ့် လူကြီးတွေ၊ မိသားစုတွေ အများကြီးရှိတယ်။ ဒါကို မဲရုံစောင့်တွေက သိတယ်။ ညနေမှာလည်း သူတို့ကဘာသာ ကြေညာချင်တဲ့သူကို ကြေညာလိုက်မှာပဲလေ။”
ဟု ဆိတ်ငြိမ်ရပ်ကွက်တွင် နေထိုင်သူတဦးက သူ့အတွေ့အကြုံကို ပြောပြသွားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts