>Voters Turn Out Lowin the Morning of Election Day in Burma while USPD still campaigning

>

မဲလာပေးသူ နည်းပါး၊ မဲရုံများအနီးတွင် ကြံ့ဖွံ့ပါတီဝင်များက မဲဆွယ်ကဒ်ပြားများကမ်းပြီး မဲပေးသူများကို ဖိအားပေး
မိုးမခအထောက်တော် ရန်ကုန်
နိုဝင်ဘာ ၇၊ ၂၀၁၀
ယနေ့နံနက်ခင်းက စတင်ပြီး စစ်အစိုးရ၏ ရွေးကောက်ပွဲ မဲရုံများ ဖွင့်လှစ်ပြီ ဖြစ်သည်။ မြန်မာပြည်တ၀ှန်း မဲရုံများသို့ သွားရောက်မဲပေးသူ အများအပြားလာရောက်ခြင်း မရှိသေးဟု မျက်မြင်တို့က ဆိုသည်။ မဲပေးချိန် မဲရုံများအနီးတွင် မဲဆွယ်ခြင်း၊ မိမိပါတီကို မဲပေးရန် တိုက်တွန်းဖိအားပေးခြင်းများ မပြုရန် ဥပဒေက ဆိုထားသော်လည်း ကြံ့ဖွံ့ပါတီဝင်များက မဲရုံများတွင် ကြံ့ဖွံ့တံဆိပ် အမှန်ခြစ်ထားသည့် မဲဆွယ်ကဒ်များကို လက်ကမ်းဝှေငှခြင်းများ ပြုနေသည်ဟု အချို့သော နယ်များ၊ မြို့နယ်များတွင် တွေ့ရသည်ဟု သိရသည်။
“ဆင်ခြေဖုံးတွေ၊ မြို့ပြင်တွေမှာ မဲလာပေးတဲ့ လူတွေ များတယ်။ ဖြစ်ပုံက ကြံ့ဖွံ့တွေက အဲသည်က အခြေခံလူတန်းစားတွေကို ဖိအားပေးထားတာတွေ၊ ငွေကြေးတွေ ပစ္စည်းတွေ ပေးကမ်းပြီး ခိုင်းထားတာတွေ ရှိလို့ အဲသည်လူတွေက မဲသွားပေးတဲ့ပုံ ရတယ်လို့ ပြောကြတယ်။ မြို့ထဲတွေမှာက စောင့်ကြည့်သူတွေ သတင်းတွေ ထွက်သွားမှာတွေ ရှိတော့ ကြံ့ဖွံ့တွေကို သိပ်မမြင်ရသေးသလို၊  မဲလာပေးတဲ့သူတွေ သိပ်မတွေ့ရဘူး။”
ဟု မဲရုံများကို စောင့်ကြည့်နေသူ မိတ်ဆွေတဦးက ထင်မြင်ချက်ပေးသည်။
“မွန်ပြည်နယ်မှာ အမျိုးသားလွှတ်တော်ပေါ့နော်။ အထက်လွှတ်တော်အတွက် ပြိုင်ကြတာက ကြံ့ဖွံ့နဲ့ မွန်အမျိုးသားပါတီ ပဲ အဓိက ရှိတယ် လို့ သိရတယ်။ မော်လမြိုင်လို မြို့ကြီးပေါ်က မဲရုံ ၂ ခုမှာ ဆိုရင် ကြံ့ဖွံ့ပါတီဝင်တွေက မဲဆွယ်ကဒ်တွေကို လူတွေဆီ အတင်းလိုက်ဝေပြီး မဲဆွယ်ဖို့ စည်းရုံးနေတယ်။ မဲရုံအနားမှာကို ပြောင်ပြောင်တင်းတင်း လူတွေကို လိုက်ပြီး ဖိအားပေးနေတာကို တွေ့ရတယ်။ အဲသည်က ကြံ့ဖွံ့နဲ့ ယှဉ်ပြိုင်တဲ့ မွန်အမျိုးသားပါတီက အမတ်လောင်းကိုယ်တိုင်က အာဏာပိုင်တွေကို အကြောင်းကြားပြီး ကန့်ကွက်ထားတယ်လို့ သိရတယ်။ ဒီလိုမျိုး ရွေးကောက်ပွဲ မသမာမှုတွေ မတရားမှုတွေ နယ်တွေမှာ ဘယ်လောက်များမလဲ မသိဘူး”
ဟု နယ်သတင်းတရပ်ကို ကိုးကားပြီး ၎င်းက မိုးမခသို့ ပြောကြားသည်။
ရန်ကုန်မြို့က လာသည့်သတင်းတရပ်တွင် မဲဆန္ဒရှင်တို့က မိမိတို့ မဲမပေးဘဲနေကြောင်းကို မိုးမခသို့ ထုတ်ဖော်ပြောကြားရာတွင်
“ပြည်သူတွေ မဲမပေးခြင်းဟာ ဘယ်သူ့ပယောဂကြောင့်မှမဟုတ်ဘူး။
ကိုယ့်ဖာသာကိုယ် မပေးဘဲနေခြင်းဖြစ်တယ်။  ပြည်သူတွေဟာ ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်တတ်တဲ့ ဦးနှောက်ရှိပါတယ်။ ဘယ်သူ့ရဲ့တိုက်တွန်းချက်မှ မပါဘဲ၊ ကိုယ့်ဆန္ဒနဲ့ မဲမပေးဘဲ နေခြင်းသာဖြစ်ပါတယ်။” ဟု ပြောလိုက်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts