>Letters from Michigan – 42

>

မစ်ရှီဂန်မှပေးသောစာ(၄၂)
အောင်ဝေး
နိုဝင်ဘာ ၇၊ ၂၀၁၀
ယနေ့နံနက်ပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်နေကြသော မြန်မာပြည်သား အလုပ်သမားများ (photo: Reuters)


မိတ်ဆွေကြီးကိုဒေါင်း-

ကျန်းခံ့သာလို့ မာကြပါရဲ့လားဗျာ။ ပြည်ပက မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက၊ နအဖ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင် သပိတ်မှောက်တဲ့ ဆန္ဒပြပွဲတွေ တချိမ်းချိမ်း ကျင်းပခဲ့ကြတာကို ကိုဒေါင်းတို့ ပြည်တွင်းကလူတွေလည်း အင်တာနက်မှာ၊ ရေဒီယိုမှာ တွေ့ကြရ၊ ကြားကြရမှာပါ။

စင်ကာပူမှာ၊ ဂျပန်မှာ၊ တောင်ကိုရီးယားမှာ၊ အင်္ဂလန်မှာ၊ သြစတြေးလျမှာ၊ အမေရိကားမှာ စသည်ဖြင့် ပြည်ပရောက် မြန်မာနိုင်ငံဖွား၊ မြန်မာနိုင်ငံသား၊ တိုင်းရင်းသား ပေါင်းစုံကတော့၊ နအဖရဲ့ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်တဲ့ အကြောင်း မိမိတို့ အသီးသီးရဲ့ ဆန္ဒ သဘောထားကို လွတ်လွတ် လပ်လပ်၊ ရဲရဲတင်းတင်း ထုတ်ဖော် ပြသခဲ့ကြတာပါ။

ဆိုပါတော့၊ အမေရိကားမှာ ဆိုရင်၊ အရှေ့ဘက်ခြမ်းက၊ ၀ါရှင်တန်ဒီစီ မြို့တော်နဲ့ နယူးယောက် စီးတီး၊ အနောက်ဘက်ခြမ်းက၊ ဆန်ဖရန်စစ္စကိုနဲ့ လော့စ်အိန်ဂျယ်လိစ် စတဲ့မြို့ကြီးတွေက မြန်မာတိုင်းရင်းသားပြည်သူများ၊ မြန်မာ့ဒီမိုကရေစီ အင်အားစုများရဲ့ နအဖ ရွေးကောက်ပွဲ ဆန့်ကျင် သပိတ်မှောက် ဆန္ဒပြတဲ့ ပွဲတွေဟာ ကြက်သီး ထစရာ ကောင်းလောက်အောင်ကို တစ်ခဲနက် ရှိလွန်းလှပါတယ်။ တညီတညွတ်တည်း ရှိလွန်းလှပါတယ်။

ဘာကြောင့် ပြည်ပက ရွှေမြန်မာတွေက၊ နအဖ ရွေးကောက်ပွဲကို ဒီလောက် သဲကြီးမဲကြီး ဇွဲနဘဲကြီးကြီးနဲ့ ဆန့်ကျင်နေရတာလဲ။ အဖြေက ရှင်းပါတယ် ကိုဒေါင်း။ ပြည်ပရောက် မြန်မာတွေလည်း မြန်မာတွေပဲဗျာ။ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေပဲဗျာ။ အဲဒီတော့ ပြည်တွင်းက မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးပေါင်းစုံ ကြုံတွေ့ခံစားနေရတဲ့ စစ်ကျွန်စနစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေဟာလည်း၊ ပြည်ပရောက်နေတဲ့ မြန်မာတွေအပေါ် နေ့စဉ်နဲ့အမျှ ရိုက်ခတ်နေတာပါပဲ။ ပြည်ပရောက် မြန်မာတွေလည်း နအဖရဲ့နှိပ်စက် ညှဉ်းပန်းမှုဒဏ်ကို ပြည်တွင်းကပြည်သူတွေနဲ့ ထပ်တူ ခံနေကြရတယ် လို့သာ မှတ်ပါ ကိုဒေါင်း။

ပြည်တွင်းနဲ့ပြည်ပ မတူတဲ့အချက်တစ်ချက်တော့ ရှိတယ်။ ပြည်တွင်းမှာ နအဖစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု ယန္တရားတည့်တည့်အောက်မှာ ပြည်သူတွေအဖို့မိမိတို့ရဲ့ဆန္ဒ သဘောထား အမှန်ကို ဖော်ထုတ်ပြသဖို့ အခွင့်အရေး နည်းလွန်းတယ်။ အခြေအနေကလည်း မပေးဘူး။ ပြည်တွင်းမှာကနအဖစစ်ဖက်လုံခြုံရေးတွေ၊ ရဲထောက်လှမ်းရေးတွေ၊ ကြံ့ဖွံ့တို့၊ စွမ်းအားရှင် တို့လို အစိုးရ သတင်းပေးတွေ မျက်စိအောက်မှာ၊ အစိုးရ ဆန့်ကျင်ရေးသမားတွေကို မဆိုထားနဲ့ဦး၊ သာမန်ပြည်သူတွေ အဖို့တောင်မှ၊ နေ့စဉ်နဲ့အမျှ အသက်ကို ဖက်နဲ့ထုပ်ထားရတာမျိုး၊ အချိန် မရွေး ထောင်နှုတ်ခမ်း နင်းနေရတာမျိုးပါ။

ပြည်ပကိုရောက်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား အများစု ဆိုတာကလည်း၊ ပြည်တွင်းမှာ ဒီလို နအဖနှိပ်စက်တဲ့၊ နအဖ ညှဉ်းပန်းတဲ့ ဒုက္ခသုက္ခတွေကို တစ်နည်းမဟုတ် တစ်နည်း ခံခဲ့ကြရ၊ ရင်ဆိုင် ကြုံတွေ့ခဲ့ကြရတဲ့သူတွေပဲလေဗျာ ကိုဒေါင်း။ ဒီတော့ ပြည်တွင်းမှာ ပြည်သူတွေ အဖို့ ကိုယ့်သဘောထား ကိုယ်ထုတ်ဖော်ဖို့ မလွယ်ဘူး။ စစ်အာဏာရှင်စနစ်၊ ဖက်ဆစ် ၀ါဒဆိုးကြီးက ဓားမိုးထားတယ်။ ဒီတော့ ပြည်ပရောက် မြန်မာပြည်သူတွေရဲ့ “နအဖ ရွေးကောက်ပွဲ လုံးဝ အလိုမရှိ” ဆိုတဲ့ ဆန္ဒ သဘောထားက ပြည်တွင်းပြည်သူတွေနဲ့ ဘယ်လိုနည်းနဲ့မှ ကွဲလွဲစရာအကြောင်း မရှိဘူး။ လုံးဝ ဥဿုံ တစ်ထပ်တည်းပဲ။ ဒီတော့ ပြည်တွင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့် မရတဲ့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို ပြည်ပရောက်မြန်မာတွေက လွတ်လွတ်လပ်လပ် ရဲရဲတင်းတင်း ဖော်ထုတ်ပြသကြတာပါပဲ။

ပြည်တွင်းက NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဘာလုပ်နေသလဲ။ ပြည်ပကလူတွေ အမြဲ နားစွင့်နေတာပါ။ အဘဦးတင်ဦးတို့၊ ဆရာဦးဝင်းတင်တို့ ဘာပြောကြသလဲ။ ပြည်ပကလူတွေ နားထောင်နေတာပါ။ NLD အတွက်၊ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ အတွက် ပြည်ပက မြန်မာပြည်သူတွေ အကုန်လုံးက တစ်ခဲနက် ၀န်းရံပေးနေကြတာပါ ကိုဒေါင်း။
နအဖရဲ့ နိုဝင်ဘာ(၇)ရက်နေ့မျဉ်းကြောင်းကို ကျော်သွားရင်တော့၊ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမှာပဲလို့ ပြည်တွင်းက ပြည်သူတွေလိုပဲ ပြည်ပက ရွှေမြန်မာတွေ အားလုံးလည်း မျှော်တလင့်လင့် ဖြစ်နေကြတာပါ။ နိုဝင်ဘာ(၁၃)ရက်နေ့ကျရင် နအဖ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ လွှတ်ပေးရမှာပဲ ဆိုတဲ့ တရားဥပဒေကြောင်း အရရော၊ ပြည်တွင်းက၊ ပြည်ပက ဖိအားတွေအရရော ဆိုပါတော့၊ အားလုံးက ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာဖို့ကို ယုံကြည်မျှော်လင့် စောင့်စားနေကြတာပါ။
ကိုဒေါင်းကြီး၊ နအဖ အတုအယောင် ရွေးကောက်ပွဲကတော့ သူ့သဘောသူဆောင်သွားပါ လိမ့်မယ်။ လတ်တလောမှာ ကျနော်တို့ပြည်သူတွေ ဖျက်လို့ မရဘူးလို့ ထင်ရတဲ့ ဒီ နအဖ ရွေးကောက်ပွဲဟာ။ အချိန်တန်ရင်တော့ သူ့အလိုအလျောက်၊ ဘယ်သူမှ မဖျက်ဘဲနဲ့လည်း သူ့ဘာသာသူ ပျက်ချင်ပျက်သွားနိုင်တာပဲ ကိုဒေါင်း။ မယုံမရှိနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ နအဖ ရွေးကောက်ပွဲ ကိုယ်တိုင်က ရွေးကောက်ပွဲ မစစ်လို့ပဲ ကိုဒေါင်း။ သေနတ်ကိုင် ဓားမိုး အုပ်ချုပ်တဲ့ စစ်ကျွန်စနစ်နဲ့ အတုအယောင် ရွေးကောက်ပွဲ လုပ်၊ အသွင်ပြောင်း အုပ်ချုပ်မယ့် စစ်ကျွန်စနစ်၊ ဘာမှ မထူးဘူး။ ဖက်ဆစ်က ဖက်ဆစ်ပဲ ကိုဒေါင်း။
နအဖ၂၀၁၀ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုတာ၊ တစ်ကမ္ဘာလုံးက သိနေကြပါတယ်။ နအဖ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့ အတွက်၊ အဲဒီ မလွတ်လပ်မှု၊ အဲဒီတရားမမျှတမှုတွေရဲ့ နောက်ဆက်တွဲ အကျိုးရလဒ်ကိုတော့၊ နအဖ စစ်အုပ်စုက မလွဲမသွေ၊ မရှုမလှခံရဦးမှာပဲကိုဒေါင်း။

ဒီတော့ နအဖ ရွေးကောက်ပွဲက ဘယ်လိုရလဒ်ပဲ ထွက်ထွက်၊ ကျနော်တို့ ပြည်သူတွေ အတွက် အရေးမကြီးပါဘူး။ ဒီအချိန်မှာ ကျနော်တို့ အတွက် အရေး အကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံး ပြန်လည် လွတ်မြောက်လာဖို့နဲ့ ဒုတိယပင်လုံ ညီလာခံကြီးကို အမြန်ဆုံး တညီတညွတ်တည်း ကျင်းပနိုင်ဖို့ပဲ မဟုတ်လားကိုဒေါင်း။

နအဖရွေးကောက်ပွဲကိုတော့။ နအဖ အရှုပ်တော်ပုံထဲမှာသာ ထားရစ်ခဲ့ပေတော့ဗျာ။
အားလုံးကို သတိရလျက်-

အောင်ဝေး
နိုဝင်ဘာ-၂၊ ၂၀၁၀။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts