>Mar Mar Aye – 354

>“ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ်” အမှတ် (၃၅၄)

ဒုတိယ ပင်လုံ
မာမာအေး
နိုဝင်ဘာ ၅၊ ၂၀၁၀ပထမ ပင်လုံ ကာလက တိုင်းရင်းသား ကိုယ်စားလှယ်များ ကြားတွင် တွေ့ရသည့် ဗိုလ်ချုပ်အောင်ဆန်း


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် – မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ကြာသာပတေးနေ့တိုင်း ဒီလိုဘဲ ဆုတောင်းပေးလာခဲ့တာ ကြာပြီနော။ ကျန်တဲ့နေ့တွေကောလို့ မေးမနေပါနဲ့တော့။ လေလှိုင်းပေါ်က အသံမထွက်လာတာဘဲ ကွာမှာပါ။ အရေးကြီးရင် ကြီးသလို ပိုတောင်မှ ဆုတောင်းမိပါသေးတယ်ရှင်။ အခုလဲ အရေးကြီးတဲ့ အချိန်လို့ ပြောရမယ့် အခါ သမယ ရောက်နေပြန်ပြီဘဲလေ။ သဲသဲကွဲကွဲ “မဲပွဲ” ဆိုတာကြီး ဖန်တီးထားတာ လာမယ့်တနင်္ဂနွေမှာ မဟုတ်လား။ အများကြိုက်ကြိုက် မကြိုက်ကြိုက် “မဲပွဲ”က ဆိုက်လာမှာဆိုတော့ ဘယ်ဒင်းဘယ်မှာ ဘယ်လိုဟာတွေ တက်လာမှာလဲ။ ပြည်ထောင်စုထဲကပြည်သူ သူတို့ပူနေကြသလို အတူလိုက်ပြီး ပူနေတတ်တဲ့ မာအေးလည်း ရင်လေး ရင်ပူ ဖြစ်တာပေါ့။

ဗျာပါထူပြော အမောတွေဝင်လာတဲ့ အခါ ကဗျာတော စာတော ဂီတ တကျော ခိုဝင် ပူပင်တာတွေ ဖြေဖျောက်၊ ရှေ့ဆက်လျှောက်ခဲ့တာများပေါ့။ ဒီတခါ ကမောက်ကမ ဂျောက်ကျမယ့် အရေး ဘယ်သူ့ပြေးတိုင်ရ တွေးဟ ရှာဟ ကြံစမ်းပါ့ ဆိုရင်တော့ “ပြည့်ဖခင်အောင်ဆန်း” တန်းမြင်လာတယ်ရှင်။ တို့ဖခင် မမြင်ခဲ့ရတဲ့ ကဗျာတပုဒ်ကကောက်နှုတ် တိုင်တည်ပြချင်ပါတယ်။

* (ဘုတလင် ချစ်လေး၏ ကဗျာ)
အနုပညာ၊ စာပေဂီတ၊ ဉာဏလုပ်သား၊ ထိုအင်အားလည်း၊ လှုပ်ရှားပြည့်တွက်၊ လှန်းပါလျက်တည့်။
လယ်ယာ စက်ရုံ၊ အလုပ်ရုံ၌၊ အားကုန်စိုက်ကြ၊ ကာယလုပ်သား၊ ထိုအင်အားလည်း၊ တက်ကြွား ပြည့်တွက်၊ လှန်းပါလျက်တည့်။
မြို့ကျောင်းရွာကျောင်း၊ စာသင်ကျောင်းမှ၊ ကျောင်းသားလူငယ်၊ မောင်မယ်ရည်တူ၊ ကြည်ဖြူစိတ်ထား၊ လူငယ့်အားလည်း၊ ဆင့်ပွားပြည့်တွက်၊ လှန်းပါလျက်တည့်။ ။ တဲ့


(၁၉၆၄) ခုနှစ်၊ အာဇာနည်နေ့မှာ မြန်မာနိုင်ငံတော်လှန်ရေး အစိုးရ ယဉ်ကျေးမှုဌာန၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ထိန်းသိမ်းရေးကော်မတီက ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကဗျာများစာအုပ်မှာ ကဗျာဆရာကြီး ဘုတလင် ချစ်လေး ရေးခဲ့တဲ့ “ကျေးဇူးဆပ်ချိန်” ကဗျာထဲက စာစုတွေဖြစ်ပါတယ်ရှင်။

မာအေးတို့ ကျင်လည်နေတဲ့ အနုပညာနယ်ဒိသာက ဉာဏအလုပ် သမား မည်ကျော် စာဆိုတော်တတွေရဲ့ အင်အားပေးထားပါလျက်နဲ့၊
ကာယအလုပ်သမား စက်ရုံအလုပ်ရုံသားတွေနဲ့ လယ်ယာမြေလုပ်သား အခြေခံထားတဲ့ သူတွေရဲ့ အင်အား ပေးထားပါလျက်နဲ့၊
ကျောင်းသားကျောင်းသူ သဘောဖြူအူစင်း၊ ပြည်သူ့ရင်က ဆင်းတဲ့ သွေးသားရင်းတို့ အင်အား ပေးထားပါလျက်နဲ့ တဲ့။

ဆရာ ဘုတလင် ချစ်လေးက ဒီမှာတင် ရပ်ထားသလိုကြီးရှင်။ မာအေးသာ ဆိုရင်တော့ ဆက်ပြီး တင်ချလိုက်မှာ အမှန်ဘဲ။ အခုပြောခဲ့တဲ့ အင်တွေ အားတွေ “ပေးထားပါလျက်” ဆိုတဲ့ စာရဲ့နောက်မှာ “တသက်တာဘ၀၊ ရှက်နာကျ၊ မျက်နှာ မပြချင်စရာ၊ ကမ္ဘာပေါ်မှာ နောက်ဆုံး၊ ဘယ်သူ့ကြောင့်တုန်းအဖေ၊ ကျမတိုင်ပါရစေ” ပေါ့။ သိတယ်မှုတ်လား။

ဟား … တပိုဒ်သောကဗျာ ကျော်သွားမိပါတယ် ချစ်ဆွေတို့ရာ။ နာဆင်ပေးပါဦး။
“ပြည်နယ်ပြည်မ၊ မခွဲကြတော့၊ သွေးမျှစုစည်း၊ တလုံးတည်းဖြင့်၊ ဆုံဆည်းမျိုးသား၊ ထိုအင်အားလည်း၊ မြင့်မားပြည့်တွက်၊ လှန်းပါလျက်တည့်” ။ ။

အဲဒါပါဘဲ၊ အမျိုးသားရေးရာ အင်အားရှိပါရဲ့သားနဲ့ လို့ ဆိုထားတဲ့စာပေါ့။ ဒါလေးပြန်ဖတ်မိမှ တခု သတိရသွားလို့ ဖောက်သည်ချရဦးမယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဘီဘီစီ နားထောင်နေရင်းနဲ့ တိုင်းရင်းသားမောင်နှမများ ဖက်က တက်ကြွစရာ သတင်းတခု ကြားလိုက်တဲ့ အကြောင်းကို ပြောပြချင်လို့ပါ။
မီဇို အမျိုးသား ကွန်ဂရက် (၂၂) နှစ်ပြည့် အခန်းအနား ကျင်းပတဲ့ နေရာမှာ တက်ရောက်လာတဲ့ တိုင်းရင်းသား ပြည်ထောင်စုဘွားများ စုပြီး “ကလေးမြို့ ကျေညာစာတမ်း” ထုတ်တယ်တဲ့ ရှင်၊ ဒုတိယ ပင်လုံညီလာခံ သဘောမျိုး ဖြစ်လာလိမ့်မယ် ထင်ပါရဲ့။ ဒါ ညီညွတ်ရေး အသွင်သဏ္ဌာန်ဘဲ။ သဘောတူလက်မှတ်ရေးထိုးတဲ့ ပုဂ္ဂိုလ်ပေါင်း (၆၀) ကျော်သွားပြီ တဲ့။ မင်္ဂလာသတင်းလို့ ကောက်ယူရမှာပေါ့ရှင်။

အရင် ပြီးခဲ့တဲ့ “ပင်လုံစာချုပ်” ချုပ်ဆိုကြစဉ် (၁၉၄၇) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ တုန်းကတော့ “မြန်မာနိုင်ငံ အစိုးရ” ဆိုတဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်း တဦးတည်း ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ သွေးချင်းတို့ ဖက်မှာ “ကချင်ကော်မတီ” “ချင်းကော်မတီ” “ရှမ်းကော်မတီ”၀င် အသီးသီးက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပြည်ထောင်စုကြီး တည်တန့်ငြိမ်းချမ်း အေးမြတဲ့ စခန်း အရောက် လှမ်းနိုင်ပါစေလို့ မေတ္တာမို့ လိုက်ပါတယ်ရှင်။ ပြည်ထောင်စု စိတ်ဓာတ် လွှမ်းခြုံ အောင်မြင်ကြပါစေကုန်သတည်း။

တဦးကိုတဦး သံသယပိုသည်မှာ အလကား အဖြစ်ပေ၊ တဦးကို တဦး မှန်သဗျ ဆိုသည်မှာ ပတ္တမြား အစစ်ပေ၊ သံသယ ပျောက်ပါစေ၊ အမှန်ဘ၀ ရောက်ပါစေလေ၊ သံသယ ပျောက်ကာလေ၊ အမှန်ဘ၀သို့ ရောက်ပါစေလေ xx ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း မှီတင်း နေထိုင်ကြသော တို့ညီအစ်ကိုတွေ၊ တိုင်းရင်းသားအားလုံးစုံပေ၊ တရေတည်းသောက် တမြေတည်းနေလို့ ချစ်ကြည်ပေ၊ သွေးစည်း ညီညွတ်ခြင်း အရင်းခံတည်နေ၊ ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှလေ၊ ပူးပေါင်းနေထိုင်ကြစေ၊ ရာသက်လုံးဆုံးကမ္ဘာတိုင်လေ၊ တို့တတွေ တို့ တတွေ၊ တို့တိုင်းရင်းသား ငါတို့တတွေ xx
(တို့ပြည်ထောင်စုသားမှ) –


(အဆိုတော် မောင်မောင်ကြီး + သန်းဖေလေး + မာမာအေးနှင့် အေ၀မ်းတင်တင်လှတို့ သီဆိုထားပါသည်)

[ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့သော ဆောင်းပါးကို ပြန်လည် ဖော်ပြသည်။ http://www.bbc.co.uk/burmese/programmes/2010/11/101104_marmaraye_354.shtml တွင် နားဆင်နိုင်သည်။]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts