>Burma’s Snub-Nosed Monkeys In Danger

>

မြန်မာပြည်တွင် တွေ့ရသည့် နှာခေါင်းတိုမျောက် မျိုးတုံးမည်ကို စိုးရိမ်ရ
မိုးမခအထောက်တော် အမှတ် ၀၀၆
နိုဝင်ဘာ ၅၊ ၂၀၁၀

မုဆိုးတို့ လက်ချက် ထိထားသော ရှားပါးမျောက်နှင့် ဒေသခံ ၂ ဦး (Photo – Ngwe Lwin)


ကချင်ပြည်နယ် မုဆိုးကျော်တချို့၏ သတင်းပေးမှုကြောင့် ယခုနှစ်ဆန်းပိုင်းတွင် တွေ့ရှိရသည့် နှာခေါင်းတိုမျောက်မျိုးသည် မျိုးတုံးမည့်ဘေးနှင့် ရင်ဆိုင်နေရသည်ဟု တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့တဖွဲ့က ပြောလိုက်သည်။

ဗြိတိန်နိုင်ငံ အခြေစိုက် Flora & Fauna International (FFI) ၏ အင်တာနက် စာမျက်နှာတွင် ပြီးခဲ့သည့် အပတ်က ထိုသို့ ရေးလိုက်ခြင်း ဖြစ်သည်။

ဒေသခံ မုဆိုးတို့လက်ချက်ကြောင့် ထိုမျောက်များ ဟင်းအိုးထဲ ရောက်ရသည်ဟု ဆိုသည်။

ထိုဒေသတွင် သစ်ထုတ်လုပ်ရေး လုပ်ငန်း အကြီးအကျယ် လုပ်နေဆဲ ဖြစ်သောကြောင့်လည်း နှာခေါင်းတိုမျောက် ကောင်ရေ ကျဆင်းမှု ပိုမို မြန်ဆန်စေကြောင်း သိရသည်။

ထိုမျောက်များသည် နှာခေါင်း အနေအထားကြောင့် မိုးရွာသည့်အခါ ခေါင်းငုံ့ထားရသည်ဟု မုဆိုးတို့၏ ပြောဆိုချက်ကို ဖော်ပြထားသည်။ မိုးရေကြောင့် မျောက်များ နှာချေကြရသည်၊ မိုးရွာသည့်အခါ ခေါင်းကို ဒူး၂လုံးကြား ၀ှက်ထားရသည်ဟု ဆိုသည်။

ဒေသခံ လီဆူး မုဆိုးတို့နှင့် စကားပြောခဲ့သည့် FFI မှ ကျွမ်းကျင်သူတို့၏ အဆိုအရ မျောက်ကောင်ရေ ၃၀၀ ခန့် ကျန်ရှိကြောင်း National Geographic မဂဇင်းက ရေးထားသည်။

နှစ်ဆန်းပိုင်းက နှာခေါင်းတိုမျောက် ရှာပုံတော် အဖွဲ့ကို Myanmar Biodiversity and Nature Conservation Association (BANCA) ဟု ခေါ်သော မြန်မာပြည်မှ သဘာဝ ထိန်းသိမ်းရေး အသင်းမှ ဦးငွေလွင်က ဦးဆောင်ခဲ့သည်ဟု FFI က ဆိုသည်။

ထိုရှာပုံတော် ခရီးအတွက် FFI နှင့် တခြား အဖွဲ့ တခုက ထောက်ပံ့ခဲ့သည်ဟုလည်း ဆိုသည်။

တရုတ်၊ ဗီယက်နမ်တို့တွင်လည်း နှာခေါင်းတို မျောက်မျိုးစိတ်များရှိသည်။ သို့သော်လည်း မြန်မာပြည်တွင် ဤမျောက်မျိုးစိတ်ရှိကြောင်းကို ယခုမှ ကမ္ဘာသိ ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ ဒေသ အသီးသီးမှ နှာခေါင်းတို မျောက်များသည်လည်း ဒေသခံ မုဆိုး၊ သစ်ကုမ္ပဏီတို့၏ ရန်ကြောင့် ပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။ တရုတ်ပြည်တွင် မျောက်ကို ရိက္ခာအတွက်သာမက ဆေးဝါးအတွက်ပါ သတ်ဖြတ်ကြသည်ဟု ဆိုသည်။

Snub-Nosed Monkey ဟူသော စကားလုံးကို သုံးပြီး အင်တာနက်တွင် ရှာဖွေပါက ကမ္ဘာအရပ်ရပ်မှ ရှားပါး နှာခေါင်းတို မျောက်မျိုးနွယ်များကို ပုံနှင့်တကွ တွေ့ရသည်။



ကချင်ဒေသနှင့် အိမ်နီးချင်း ယူနန်ပြည်နယ်မှ နှာခေါင်း တိုပြီး လန်ထွက်နေသည့် မျောက်မျိုးစိတ် ၂ ခု

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts