>Aung Way – Letters from Michigan – 34


>

မစ်ရှီဂန်မှပေးသောစာ အမှတ်(၃၄)
အောင်ဝေး
နိုဝင်ဘာ ၂၊ ၂၀၁၀


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစဗျာ။ ဥတုရာသီများလည်း သာပါစဗျာ။ ကျနော်တို့ တိုင်းပြည်မှာက “သည်မင်းသည်စိုး၊ သည်သူခိုးနှင့်၊ သည်မိုးသည်လေ၊ သည်လူတွေ” လို့ ဆရာရန်ကုန်ဘဆွေ ရေးခဲ့သလို၊ မင်းကျင့်တရား ခေါင်းပါးလှတဲ့ အုပ်စိုးသူတွေကြောင့် ကျောင်းသားပြည်သူတွေလည်း အသက်ပေါင်းများစွာ သေကြေခဲ့ရပြီ။ ရဟန်းသံဃာတွေလည်း သွေးမြေကျခဲ့ရပြီ။ သဘာဝဘေးဆိုး အန္တရာယ်တွေလည်း အလီလီ ကြုံတွေ့ခဲ့ရပြီ။

စစ်အာဏာရှင်စနစ်အောက်မှာ ပြည်သူတွေ တစ်ဦးချင်းစီရဲ့ လူ့ဂုဏ်ရည် ဂုဏ်သွေးတွေလည်း ယုတ်လျှော့ ပျက်စီးခဲ့ရပြီ။ အခြေခံအားဖြင့် ရိုးသား အေးချမ်းတဲ့ တိုင်းရင်းသားတွေရဲ့ ရင်ထဲမှာလည်း နာကြည်းမှု အမုန်းတရားတွေ စွန်းထင်းခဲ့ရပြီ။ တိုင်းပြည်ရဲ့ အညွန့်အဖူး မျိုးဆက်သစ် ကျောင်းသားလူငယ်တွေ စာသင်ခန်းနဲ့ ဝေး၊ မိဘရင်ခွင်နဲ့ ဝေးပြီး အကျဉ်းထောင်တွေ၊ စစ်ကြောရေး စခန်းတွေမှာ ဖမ်းဆီး ချုပ်နှောင်ခံနေရပြီ။ ဒါတွေ အားလုံးရဲ့ လက်သည်တရားခံဟာ နအဖပဲ ကိုဒေါင်း။

ယုတ်စွအဆုံး ကမ္ဘာတစ်ဝန်းလုံးက တညီတညွတ်တည်း ခြွင်းချက်မရှိ လေးစားကြည်ညိုခြင်း ခံရတဲ့ ကျနော်တို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင်လျှင် မင်းဆိုး မင်းညစ်တွေရဲ့ မတရားတဲ့ ဥပဒေအမျိုးမျိုးနဲ့ အဓမ္မ ချုပ်နှောင်ခံနေရတဲ့ အချိန်မှာ၊ ၂ဝဝ၈ခုနှစ်၊ မေလ နာဂစ် မုန်တိုင်းထက် ဆိုးမယ့် မုန်တိုင်းတစ်ခုက ကျနော်တို့ ပြည်သူတွေဆီကို ဦးတည်လာနေပြန်ပြီ။

ဒီမုန်တိုင်းကတော့ နအဖအစိုးရရဲ့ ၂ဝ၁ဝ နိုဝင်ဘာလ(၇)ရက် ရွေးကောက်ပွဲမုန်တိုင်းပဲ မဟုတ်လား ကိုဒေါင်း။

နာဂစ်မုန်တိုင်းနဲ့ အတူ မွေးဖွားလာတဲ့ နအဖ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးအရ များမကြာခင် တစ်ဖက်သတ် ထင်ရာစိုင်း ကျင်းပတော့မယ့် နအဖရွေးကောက်ပွဲဟာ တချို့ ရန်/ငါ မပြတ်တဲ့ လူတွေ၊ တချို့ ဘုံရန်သူအပေါ် မှန်မှန်ကန်ကန် မသုံးသပ်နိုင်တဲ့ လူတွေ ထင်နေသလို လေပြည်လေညင်း မဟုတ်ပါဘူး။ လေပြည်လေညင်း မဟုတ်တဲ့ အတွက် ပန်းရနံ့လည်း သင်းမှာ မဟုတ်ပါဘူး။

ဒီ နအဖ အတုအယောင် ရွေးကောက်ပွဲဟာ သွေးညှီနံ့ တထောင်းထောင်းနဲ့ ကျနော်တို့ ပြည်သူ တစ်ရပ်လုံးကို မညှာမတာ တိုက်ခတ်မယ့် မုန်တိုင်းကြမ်း၊ မုန်တိုင်းဆိုး တစ်ခု ဆိုတာ၊ ခုတော့ လည်း နဂိုက သဘောမပေါက်ကြသေးတဲ့ သူတွေ၊ တချို့ သဘောပေါက်သလောက်တော့ ရှိလာကြပါပြီ။

ခက်တာက ကိုယ့်ထဲက ကိုယ့်လူ တချို့ပဲ ကိုဒေါင်း။ ဆင်တစ်ကောင်လုံးကို တွေ့နေပါလျက်နဲ့ ဆင်ခြေရာ လိုက်ရှာချင်နေသေးတဲ့ ကိုယ့်လူတွေကို၊ ကျန်စစ်သား စောလူး မကယ်နိုင်သလို အရိုင်းတို့လက်ထဲမှာ ခွေးသေဝက်သေ နေရစ်ပေတော့ လို့ ကျောခိုင်းထားခဲ့ရမှာလား၊ ဒါမှမဟုတ် အချိန် ရှိသေးတယ် ကိုယ့်လူတို့ရေ၊ မုန်တိုင်းရဲ့ ဗဟိုချက်ထဲကနေ လမ်းကြောင်းမှန်ပေါ်ကို အမြန်ဆုံး ရုန်းထွက်ခဲ့ပါတော့ လို့ပဲ တိုက်တွန်းနှိုးဆော်ရမလား။

ဒီအချိန်မှာ ဒီစကား၊ ရွေးကောက်ပွဲ စကားတွေ ပြောနေတာ၊ ကိုယ်နဲ့ မတန်မရာ ပြောတယ်လို့လည်း မထင်ပါနဲ့။ ကျနော် ကဗျာဆရာ၊ ကဗျာအကြောင်း အနုပညာအကြောင်းပဲ ပြောချင်တာပေါ့ဗျာ။ ဒီလိုပဲ ဈေးသည်တွေ ဆိုလည်း ဈေးစကား၊ ကြွေးစကားပဲ ပြောချင်ကြမှာပဲ။ ကျောင်းဆရာ၊ ကျောင်းစာ အကြောင်း တပည့်အကြောင်းပဲ ပြောချင်မယ်။ ရုပ်ရှင် မင်းသား မင်းသမီး၊ ရုပ်ရှင် ဇာတ်လမ်း အကြောင်း၊ ဇာတ်ညွှန်းအကြောင်း၊ ပရိသတ်အကြောင်းပဲ ပြောချင်ပေလိမ့်မယ်။ ဒီလိုပဲ ဘုရားသားတော်၊ ရဟန်းသံဃာတွေ သာသနာအကြောင်းပဲ ပြောချင်ကြမှာ အမှန်။

ကိုဒေါင်းကြီး၊ ဒီလိုပဲ၊ ဆိုက္ကားဆရာ၊ ဒီလိုပဲ၊ တက္ကစီဒရိုင်ဘာ၊ ဒီလိုပဲ၊ အစိုးရဝန်ထမ်း၊ အရပ်သား၊ တပ်မတော်သား၊ စသည်ဖြင့် အားလုံး ဆိုပါတော့။

ဒါပေမဲ့၊ အခုအချိန်က မပြောချင်လို့ မရတော့ဘူး။ ပြောမှကို ဖြစ်တော့မယ့် အချိန် ရောက်နေပြီ။ ဒီတော့ စစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ် ချုပ်ချယ်ခံနေရတဲ့ လူတိုင်း လူတိုင်းရဲ့ နှုတ်က ဒီ နအဖ ရွေးကောက်ပွဲအကြောင်း တဖွဖွ ပြောနေရပြီ။

မပြောလို့ မရတော့ဘူး ကိုဒေါင်းကြီး။ တိုင်းပြည်နဲ့ လူမျိုးကို တစ်စမကျန် ကိစ္စတုံး ဖျက်ဆီးပစ်မယ့် မုန်တိုင်း တစ်ခု ကိုယ့်ဆီ ဦးတည်လာနေတာ ဒီမုန်တိုင်းအကြောင်း မပြောလို့ ကျနော်တို့ ပန်းကလေးတွေ အကြောင်း၊ လိပ်ပြာလှလှလေးတွေ အကြောင်း၊ စမ်းချောင်းလေးတွေ အကြောင်း ပြောရမှာလား။

ဒီတော့ ကျနော်တို့ ပြည်သူ အားလုံး နအဖ ရွေးကောက်ပွဲ ဆန့်ကျင်ရမယ့် အကြောင်း တွင်တွင်ကြီး ပြောကြပါစေ။ နအဖ ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ လိုအပ်ကြောင်း ရဲရဲကြီး ပြောနိုင်ပါစေဗျာ။ ဒီလောက် ပြည်သူတွေ အော်ဟစ်ပြောဆိုနေတဲ့ ကြားက ဆင်ခြေရာ ခံချင်ပါသေးတယ် ဆိုတဲ့ ကိုယ့်လူတွေကိုတော့ အားနာပါတယ်။ ကိုယ့်ကိုယ်ကိုယ် ညာလို့ရပေမဲ့ သမိုင်းကိုတော့ ညာလို့ မရပါဘူး။

လောလောဆယ်မှာပဲ ရွေးကောက်ပွဲမဝင်တော့ဘူးလို့ ကိုယ်တိုင် ဆုံးဖြတ်ပြီး၊ အများသိအောင် ကြေညာလိုက်တဲ့ သူတွေလည်း ကြေညာခဲ့ကြပါပြီ။ ရွေးကောက်ပွဲဝင်ဖို့ အားခဲရင်း ကွယ်လွန်တဲ့ သူလည်း ကွယ်လွန်ခဲ့ရှာပါပြီ။

နအဖရဲ့ ညစ်ပတ်မှုတွေကို မခံမရပ်နိုင်ဖြစ်လို့ တချို့သော ပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေလည်း ရွေးကောက်ပွဲကနေ နုတ်ထွက်လိုက်ကြပါပြီ။ ဆင် တစ်ကောင်လုံးကို မြင်နေရမှတော့ ဆင်ခြေရာ ခံမနေကြပါနဲ့တော့ဗျာ။ ခေါင်းဆောင်လုပ်သူက ရွေးကောက်ပွဲမဝင်တော့ဘူး ဆိုမှတော့၊ သူ့ပါတီက ရွေးကောက်ပွဲဝင်ပြီး ဘာလုပ်ဦးမှာလဲ ကိုဒေါင်းရာ။

ဒါ့ထက် ဆိုးတာက တိုင်းရင်းသားပါတီတစ်ခု ဆိုရင် ပါတီက မှတ်ပုံတင်ခွင့် မကျသေးတော့ ခေါင်းဆောင်ဆိုသူတွေက တစ်သီးပုဂ္ဂလ အမတ်တွေအဖြစ် ဝင်ရွေးမယ် ဆိုတာပဲဗျာ။

အဲဒါပဲ ကိုဒေါင်း။ ပြဿနာက နအဖဘက်မှာ မရှိဘူး။ တိုက်မယ်ဆိုတဲ့ ရွေးကောက်ပွဲ မုန်တိုင်းက တိုက်ကို တိုက်မှာပဲ။ ပြဿနာက ကိုယ့်ဘက်မှာ ရှိနေတာ။ ကိုယ့်လူတွေဘက်က ပြတ်သားဖို့ လိုနေတာ။

ဒီတော့ မုန်တိုင်းကို အန်တု ကျော်လွှားမလား၊ မုန်တိုင်းအောက်မှာ လမ်းပျောက်ခံမလား၊ ကိုယ့်လူတို့ အလေးအနက် စဉ်းစားကြဖို့ပါ။
အားလုံးကို မျှော်လင့်လျက်-

အောင်ဝေး
စက်တင်ဘာ၃-၂ဝ၁ဝ။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts