>Burmese in Singapore say NO to Regime’s Election

>

စင်္ကာပူမြန်မာများက စစ်အစိုးရနဲ့ ရွေးကောက်ပွဲကို အလိုမရှိ
မိုးမခအထောက်တော် စင်္ကာပူ
အောက်တိုဘာ ၃၁၊ ၂၀၁၀
အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီမှ စတင်၍ စင်္ကာပူနိုင်ငံ စပီကာကော်နာတွင် ပြုလုပ်သော ရွေးကောက်ပွဲဆန့်ကျင်ဆန္ဒပြပွဲသို့ မိုးတဖွဲဖွဲ ရွာနေသည့်ကြားမှ မြန်မာနိုင်ငံသားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ စင်္ကာပူနိုင်ငံသား ၇၀ ခန့် တက်ရောက် ဆန္ဒပြခဲ့ကြသည်။ တက်ရောက်လာသူများသည် အနီရောင် တီရှပ်များကိုဝတ်ဆင်ထားကြပြီး အချို့မှာ “NO” စာတမ်းပါသော တီရှပ်နဲ့ ဦးထုပ် အနီရောင်များကို ဝတ်ဆင်ထားကြသည်။
ဆန့်ကျင်ဆန္ဒပြပွဲအတွင်း တက်ရောက်သူများသည် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများပါသော ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာများ၊ စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြ ဟု အဓိပ္ပါယ်ရသော ဘန်နာများကို ကိုင်ဆောင်ထားကြကာ မြန်မာ့ဒီမိုကရေစီရေးနှင့် တော်လှန်သင်္ကေတဖြစ်သော ခွပ်ဒေါင်းအလံကိုလည်း လွှင့်တင်ကိုင်ဆောင်ထားကြသည်ကို တွေ့ရသည်။
ထို့မတိုင်မီနေ့က အမေရိကားမှ မြန်မာများ ဆန့်ကျင်ဆန္ဒပြရာတွင် အသုံးပြုသော “No” စာလုံးနှင့် အန္တရာယ် မကောင်းဆိုးရွားတံဆိပ်များကပ်နှိပ်ထားသည့် စစ်အစိုးရ၏ သုံးရောင်ခြယ် အလံသစ်ကိုလည်း ဖေ့စ်ဘွတ်ခ်မှတဆင့် ရယူရိုက်နှိပ်ကာ ကိုင်ဆောင်ရှုတ်ချထားသည်ကို တွေ့ရပါသည်။
အခမ်းအနားတွင် တရားဝင်စကားပြောခွင့်ရှိသော စင်္ကာပူနိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူသုံးဦးမှ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရခြင်းနှင့် စပ်လျဉ်း၍ အမှတ်တရ စကားပြောကြားခဲ့ကြသည်။ 
ထို့နောက် တက်ရောက်လာသူများ စုပေါင်း ဓါတ်ပုံရိုက်ခြင်း၊ “စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်သပိတ်မှောက်ကြ” ဆိုသည့် အဓိပ္ပါယ်ရသော ကြွေးကြော်သံများကို သုံးကြိမ်တိတိ ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းလိုက်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts