>Ko Tine Chit – Letter to Ko Pyi Chit on behalf of Burma

>

 
ကြေးမုံက ကိုပြည်ချစ်သို့ အိပ်ဖွင့်ပေးစာ
ကိုတိုင်းချစ်
အောက်တိုဘာ ၂၉၊ ၂၀၁၀
မိတ်ဆွေကြီး ကိုပြည်ချစ်ရေ
မင်္ဂလာပါဗျာ။ ကျန်းခန့်သာလို့ မာရဲ့နော်။ ခင်ဗျားကို နာမည်ရင်းနဲ့ တရင်းတနှီးခေါ်လိုက်ချင်ပေမယ့် ခင်ဗျားလှုပ်ရှားနေရတဲ့ အနေအထားကို နားလည်မိတာကြောင့် ကိုပြည်ချစ်လို့ပဲ နှုတ်ခွန်းဆက်တာပဗျာ။
 ကိုပြည်ချစ်ရေ
ခင်ဗျားရဲ့ဆောင်းပါးကို ကြေးမုံ အွန်လိုင်းသတင်းစာမှာ တွေ့လိုက်ရတာကြောင့် ကျေးဇူးလည်းတင်၊ ၀မ်းလဲသာ၊ ချီးလည်းကျူးချင်တာကြောင့် အခုလို စာရေးလိုက်ရတာပါ။ ဘာပဲဖြစ်ဖြစ် အခုလို စစ်မှိုင်းဝ နေတဲ့ စာမျက်နှာပေါ်မှာ လွတ်လွတ်လပ်လပ် သတင်း ဖတ်ခွင့်မရသူတွေအတွက် အခုလို ပညာပါပါ  သတင်းပေး ရေးသားနိုင်တာ ချီးကျူးသဗျာ။ တကယ်ပါ။ အထူးသဖြင့် စစ်မှိုင်းတိုက်နေတဲ့ စစ်မှိုင်းဝ နေတဲ့ သူတွေလုပ်တဲ့ ကြေးမုံအွန်လိုင်းသတင်းစာမျိုးအထိ ခင်ဗျား ထိုးဖေါက်ဝင်နိုင်တာ၊ ပိပိရိရိနဲ့ သူ့လူ ကိုယ့်ဖက် သား လုပ်နိုင်တာ၊ ကိုယ်ပေးချင်တဲ့သတင်းကို ကိုယ့်လို လွတ်လပ်ခွင့်မရတဲ့သူတွေ ဖတ်နိုင် အောင် သတင်းပေးရေးသားနိုင်တာ သိပ်ကောင်းတယ်ဗျာ။
 ကိုပြည်ချစ်ရေ
ခင်ဗျားအနေနဲ့ ရန်သူတွေ လက်ခံယုံကြည်အောင် ခင်ဗျားသိပ်ကြည်ညိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်စုကြည်လို့ ခေါ်ဝေါ်သုံးစွဲရတာ ခင်ဗျားသိပ်လေးစားတဲ့ ဦးဝင်းတင်ကို ခုတုံးလုပ်ပြီး ရေးသားရတာတွေအတွက် ခင်ဗျားရင်ထဲ ဘယ်လိုရှိမယ်ဆိုတာ ကျနော် နားလည်ပါတယ်။ အမေစုတို့ ဘဘဦးဝင်းတင် တို့ကို ခင်ဗျား တောင်းပန် ဦးတင်ပြီး ဒီစာရေးလိုက်တာကိုလည်း ကျနော် ကြားပါတယ်။ နားလည်ပါတယ် ဗျာ။
ဘာပဲဖြစ်ဖြစ် ခင်ဗျားပေးချင်တဲ့သတင်းကို စာဖတ်သူတွေသိအောင် ပါးပါးနပ်နပ်နဲ့ အခုလို ရေးနိုင်တာဟာ အောင်မြင်မှုတရပ်ပါ။ ရန်သူကို အယုံသွင်း ပရိယာယ်ဆင်ပြီး အခုလို ထိုးဖေါက်ဖို့ဆိုတာ တော်ရုံ အနစ်နာ ခံစိတ်နဲ့ မရသလို တော်ရုံပါးနပ်မှုနဲ့လည်း မရဘူးလေ။ ဒီတော့ ခင်ဗျား ဆက်ရေးဗျာ။ အဲ.. အနီးကပ်နေရ တဲ့ခင်ဗျားအနေနဲ့ ရန်သူမရိပ်မိအောင်တော့ သတိ ၀ိရိယ ရှိစေချင်တယ်ကိုယ့်လူရေ..။
ကိုပြည်ချစ်ရေ
ခင်ဗျားဆောင်းပါး သတင်းပေးပုံ တော်တော်ကောင်းတယ်ဆိုလို့ ကျနော်လည်း ရှာဖတ်ရတာပေါ့။ ဆောင်းပါးမှာ ၇၀ ရာခိုင်နှုန်းလောက်က တိုင်းရင်းသားခေါင်းဆောင်တွေ ဒုတိယအကြိမ် ပင်လုံညီလာခံအတွက် ကြေညာချက်ထုတ်တဲ့သတင်း၊ ဘဘ ဦးဝင်းတင်တို့ ၀န်းရံကြိုးပမ်းကြပုံတွေအပြင် ဦးဝင်တင်ပြောတာ တွေထဲက အဓိကအချက် သုံးချက်ကို ထုတ်နှုတ်တင်ပြပေးထားတာ လိုတိုရှင်း ကောင်းတယ်ဗျာ။
နောက် ခင်ဗျားက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့၊ ပင်လုံစိတ်ဓါတ်တို့ အပြင် လွတ်လပ်ရေး ကို မည်သည့်နည်းနှင့်မဆို အရယူမည် ဆိုတာလေးပါ ထည့်ပေးလိုက်တာ သိပ်ကောင်းတယ်ဗျာ။
 ကိုပြည်ချစ်ရေ
ခင်ဗျားက လက်ရှိအာဏာပိုင်တွေခေတ်မှာ ပြည်ထောင်စု အနှစ်သာရ ပျက်ပုံ၊ တိုင်းရင်းသား တန်းတူ အခွင့်အရေးမရှိပုံ၊ အတူလက်တွဲ ဖက်ဒရယ် စနစ်နဲ့ အလှမ်းကွာနေပုံကို ထည့်မရေးပေမယ့် လက်တွေ့ဘ၀နဲ့ ဖြစ်ပျက်နေပုံကို သတိထားမိအောင် ကွင်းကွင်းကွက်ကွက် လှလှပပ သွယ်သွယ်ဝိုက်ဝိုက်လေး တင်ပြနိုင် ပုံကလည်း ပိရိသဗျား။ ဘာပဲဖြစ်ဖြစ် သတိတော့ထားရေး ကိုယ့်လူရေ။ ဒီလူတွေ ဘယ်လိုကောက်ကျစ် ရက်စက်တယ်ဆိုတာလည်း ခင်ဗျားသိသားနဲ့။
အဆုံးသတ်လေးမှာတော့ ခင်ဗျားက ဒီကောင်တွေအကြိုက်လည်းဖြစ်၊ လွတ်လွတ်ကင်းကင်းလည်း ဖြစ်အောင်လို့ဆိုပြီး ဇွတ်နှစ်ရေးလိုက်တာကတော့ မဆီမဆိုင် အံမ၀င်ပေမယ့် အဲဒီလို အံမ၀င်ပဲ မဆီမဆိုင် ဇွတ်ရေးလိုက်တာကိုက ကောင်းနေတာကလား။
သူများမပြောနဲ့ ကျနော်တောင် “ဟာ.. ဒီလူ ကလေးမြို့ ညီလာခံတက်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဦးဝင်းတင်ကို ဗိုလ်ချုပ်တို့အာဇာနည်တွေ တိုင်းရင်း သားခေါင်းဆောင်တွေနဲ့ခိုင်းနှိုင်းရာရောက်တယ် …” ဆိုတဲ့ ကောက်ချက်ဆွဲပုံကို ဘ၀င်မကျဖြစ်မိသေးတယ်။
နောက်မှ.. “သြော်.. ဗိုလ်ချုပ်တို့ အခန်းကဏ္ဍကို ပြန်သတိရအောင် လူထုသိအောင် ထည့်လိုက်တာကိုး” လို့ နားလည်လိုက်ရတယ်။  
ဦးဝင်းတင်ကြီး ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အကျိုးအတွက် ထောင်ထဲမှာ အနှစ် ၂၀ နီးပါး အနစ်နာခံခဲ့တာကို ဘယ်သူမှ ဟုတ်တိပတ်တိ အလေးအနက် မပြုကြသေးဘူးဆိုတဲ့သဘောမျိုး ထင်သာအောင်  ခင်ဗျား ရေးလိုက်တာက အရေးအသားကောင်းတော့ ခင်ဗျားကောင်တွေ မျက်စိလည်သွားတယ်ထင်ပါ့။
အေးပေါ့ လေ။ ဦးဝင်းတင်ကို အမျိုးသားခေါင်းဆောင်ဂိုက် ဖမ်းတယ်ဆိုပြီး စွတ်စွဲချက်လေး ထည့်ပေးလိုက်တော့ မျက်စိလည်ချင်စရာ ဖြစ်သွားတာကိုး။ ပိုင်ပါ့ငါ့လူရာ။
ကိုပြည်ချစ်ရေ
ခင်ဗျားတော်တော်ဆိုးတဲ့လူပဲဗျာ။ နိုဝင်ဘာ ၇ ရက် နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် စည်းရုံးနေတယ်ဆိုတဲ့ အချက်ကို ဦးဝင်းတင်ကို ဆော်သလိုလိုနဲ့ ထည့်ရေးပေးလိုက်တာကတော့ နအဖ ကောင်တွေကို ကတုံးပေါ်ထိပ်ကွက်လိုက်သလို၊ နအဖ မီဒီယာသမားတွေကို နားရွက်တံတွေးဆွတ်လိုက် သလို ပဲဗျာ။ ဟား ဟား။ ကိုယ့်လူကြီး … ဒီကောင်တွေကို ငတုံးတွေဆိုပြီး သိပ်အတင့်မရဲနဲ့ဗျ။ 
ခင်ဗျားရဲ့
ကိုတိုင်းချစ်
( http://www.kyaymon.info/2010/10/blog-post_320.html  မှာ ကိုပြည်ချစ် ဆိုသူက “ဦးဝင်းတင်ဟာ ဒုတိယ အကြိမ် ပင်လုံ ညီလာခံ ခေါ်မယ့် အမျိုးသား ခေါင်းဆောင်ကြီး တဲ့လား …”  ဆိုတဲ့ ဆောင်းပါးကို ဖတ်မိတဲ့ သူ့မိတ်ဆွေတယောက်ရဲ့စာကို တွေ့လို့ ပြန်မျှဝေပေးလိုက်ပါတယ်။ နအဖ သတင်းမီဒီယာထဲ ဒီမိုကရေစီသမားတွေ ထိုးဖေါက်ဝင်ရောက်နေပြီဆိုတာ တကယ်ပဲလားမသိ။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts