>Maung Lu Yay – Blessing in Burma 12

>

မင်္ဂလာနှင့် နိုင်ငံရေး ၁၂
မောင်လူရေး
အောက်တိုဘာ ၂၉၊ ၂၀၁၀
“ဉာတကာနဉ္စ သင်္ဂဟော” ဟူသည် “ဆွေမျိုးတွေကို တော်ရာမထားနဲ့၊ ဒေါ်လာပြားနဲ့ ချီးမြှောက်လေ …”  ဆိုသည့် မျိုးချစ်မင်္ဂလာဖြစ်သတည်း။
အားလုံးအားလုံးသော အမျိုးအဆွေတို့ ပလာဇာ တာဝါတွေနှင့် သာယာကြပေပြီ၊ ဂျန့်ရှင်းတွေနှင့် ပျံ့သင်းပြီး ရှော့ပင်းစင်တာတွေနှင့် ဘော့စ်စာရင်းဝင်သာကြပေပြီ၊ ဝသုန်မဟီမှာ ကုမ္ပဏီလိမိတက်တွေနှင့် ကျိကျိတက် နေကြပေပြီ၊ မြန်ပြည်တစ်ခုလုံး သိမ်းကျုံးပတ်ရစ် မြေမှန်သမျှ အကွက်ခြစ်ပြီး မြို့တွင်းသုံးလေးဧက၊ မြို့ပြင် သုံးလေးဆယ်ဧက၊ တောရပ်သုံးလေးသောင်းဧကစသည်ဖြင့် ဒေသအလိုက်ခွဲစိတ် မင်းတံဆိပ်နှိပ်ပြီးလေပြီ။
ဆွေမျိုးတွေသာမက ပေါက်ဖေါ်တွေကိုပါ  မြို့ရွာဒေသ အခြေကျသည်အထိ ချီးမြှောက်ထားချေသည်လတည်း။
အခြေခံဥပဒေနှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ နောင်စစ်အာဏာသိမ်းအစိုးရတစ်ရပ် ပေါ်ပေါက်လာ မည်ဆိုလျှင် ကိုယ့်အမျိုးကိုယ့်အရွှေတို့ မြေရဘို့မှာ မိုးပျံကွန်ကရစ်ပြင်တွင် မြေသားတင်၍ ဒုတိယထပ်မြန်မာ နိုင်ငံတော်ကို တည်ဆောက်ရပေတော့မည်။ နို့မို့ မြေသင်းနံ့တောင် ရူရဘို့ မလွယ်ချေ။
သံသရာကား မြန်မာစစ်အုပ်ချုပ်ရေးတမျှ ရှည်လျားလှ၏၊ ထိုမျှစက်ဆုပ်ငြီးငွေ့ဘွယ် ကောင်းလောက်အောင် ရှည်လျားလှပေရာ တစ်ဦးနှင့်တစ်ဦး မပါတ်သက်မစပ်ယှက်ဖူးသူ ရှိမည်မထင်ချေ၊ ဘဝရေးရာတဖြာဖြာတွင် ဆွေဉာနှီးရင်း ပေါင်းသင်းမိတ်နံဖူးကြမည်ဖြစ်လေရကား အဆင့်မြင့်စိတ်ဓာတ်ရှိသူ မည်သူမဆိုသည် နိုင်ငံသားတိုင်းကို ရိုင်းပင်းသင့်လှချေသည်။
ဥက္ကလာပတိုင်းက မြို့တော်တော့်ဝန်လို သဟာမျိုး အာဏာရရင်တော့ မှန်းချက်နှင့်နှမ်းထွက်ကိုက်မည်မထင်ချေ၊ စာကုန်ကူးမြတ်ခိုင်က သူ့မော်နီတာမှာ “တုမမော်စရာပါတီကြီး”က မြို့တော်ဝန်မင်းကြီးနှင့် အင်တာဗျူး လုပ်ထားလေသည်။
ထိုတွင် စာကုန်ကူးက မြို့တော်ဝန်မင်းကြီးကို လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီး၊ ဖုန်းတစ်လုံး ပိုင်ဆိုင်လာရမယ်ဟေ့လို့ ခြင်္သေ့ကြီးက ဟိန်းနိုင်မလားဟု ချွန်လိုက်ရာ ငါးခူးပြုံး ပြုံးပြီးသကာလ (ဤသို့ မြင်ရောင်မိချေသည်လတည်း) “ဖုန်းတွေကတော့ ချပေးနေပါပြီ” ၊ အောင်မယ် သူကဘဲ ပေးနေသယောင် ယောင်၊ သိန်းဆယ်ချီပေးရတာတောင် ငှားရမ်း သုံးစွဲခွင့်ပြုလိုက်သည် ဟူသည့် စာရွက်၌ လက်မှတ်ထိုးရပေသေး သည်။
”ကားတွေဒီထက်များလာရင်တော့ ကားရှုပ်မှာပေါ့” ဟူ၏၊ ကားမသထာသည့်လေသံနှင့် ပြောလေသည်၊ ဒီကားလမ်းတွေက ကားရှိပြီးသား ဒို့အတွက်သာ ဖောက်ထားတာ၊ မင်းတို့တွက်တာမပါဘူး၊ မင်းရို့အရာ မဟုတ်ဘူးဆိုသလိုမျိုးဖြစ်နေသည်။
စာကုန်ကူးကြီး ပြောသလို လူတစ်ကိုယ်ကားတစ်စီးဆိုလျှင်တော့ ကားမရှုပ်လောက်ဘူး ထင်ပါသည်၊ အနော်တို့လဲ ကားစီးချင်ပါသည်၊ လူတကိုယ် ကားအစီးတရာ နှစ်ရာသမားတွေဆီ ကားတွေအလှူခံပေး စေချင်ပါသည် မြို့တော်ဝန်မင်းခင်ဗျား။
ယင်းအင်တာဗျူးတွင် မြို့တော်ဝန်မင်းသည် မြို့တော်ဝန်မင်းတစ်ယောက်အနေနှင့် မြို့တော်စည်ပင်က မြို့တော် ရေးရာအလုပ်ကို ဟန်ကျပန်ကျမလုပ်နိုင်၍ ကြံ့ခိုင်ရေးအဖွဲ့ဝင်၊ ကြံ့ခိုင်ရေးပါတီသားတစ်ယောက် အနေနှင့် ကြံ့ခိုင်ရေးအဖွဲ့၊ ကြံ့ခိုင်ရေးပါတီက မြို့တော်ရေးရာအလုပ်ကို ဟန်ရပန်ရလုပ်နေရကြောင်းပြောကြား သွားရာ မြို့တော်ဝန်ကိုအောင်သိန်းလင်းကို ချီးပရမည်လား၊ ကြံ့ခိုင်ရေးပါတီဝင်ကိုအောင်သိန်းလင်းကို ချီးပရမည်လား မခွဲခြားတတ်လေသည့် ကိစ္စနကြီးတစ်ခု မြန်ပြည်တစ်ဝှမ်း၌ ကျောချမ်းဘွယ်ပေါ်လာတော့ သောဟူ၏။
တိတိကျကျ ချီးပတတ်သူကို တိတိကျကျ တိုက်တစ်လုံး၊(လူကြီးများသာ ရပ်ကွက်၊ ဒါမှမီးလာမည်) တိတိကျကျ ကားတစ်စီး၊ (လိုင်စင်ကား၊ နို့မို့ အဖမ်းခံရနိုင်သည်) တိတိကျကျ ဖုန်းတစ်လုံး(နေပြည်တော်ဖုန်း၊ ဒါမှ နိုင်ငံ တစ်ဝှမ်း ဘယ်လှမ်း ဂဏန်းမှာမှာ၊ ပေါက်ကြေးမေးမေးရမည်)ရအောင်လုပ်ပေးပါမည်။ (ဤကား စကားချပ်)
သင်္ဂဟတရားသည် (ဿသံနှင့် ဖတ်) သူတောင်းစားသင်္ဂဟတရားနှင့် အကောင်းစားသင်္ဂဟတရားဟူ၍ နှစ်စားရှိလေသည်။ သူတောင်းစားသင်္ဂဟတရားသည် အမျိုးများအတွက်ဖြစ်၏၊ အကောင်းစားသင်္ဂဟတရား ကတော့ အမျိုးသားအတွက်ဖြစ်ချေဘိသည်။ ဗုဒ္ဓဝါဒအလိုအရမူ သံသရာ၌ ဆွေမျိုးမတော်ဘူးသူ မရှိဆိုသဖြင့် မြင်မြင်သမျှ ကိုယ့်အမျိုးချည်းဖြစ်နေပေတော့ရာ နိုင်ငံသားတိုင်း၏ အကျိုးကို ဆောင်ရွက်သင့်လှသည်။
မြတ်စွာဘုရားရှင်က အမျိုးများအဆင့်သာမကဘဲ အမျိုးသားရေးအဆင့်ချီးမြောက်နည်းကိုပါ  ဟောကြား ပေးထားလေသည်။ ချီးမြောက်ဆောင်ရွက်ပုံလေးမျိုးတည်း။ ယင်းတို့မှာ-
ဒါန=(ပညာဆိုပါစို့) ပညာသင်ပေးခြင်း၊ ပညာသင်ပေးသူတို့ကို ကျယ်ကျယ်ပြန့်ပြန့် တွင်တွင်ကျယ်ကျယ် ပေးနိုင်အောင် ခေတ်မီသင်ထောက်ကူအစုံအလင် စီစဉ်ပေးခြင်း။
ပေယျာဝဇ္ဇ= ပညာကို လိုချင်မျက်စိရှိအောင်၊ ပညာနှင့်လူ တခြားဆီမနေရအောင် ဖန်ဆောင်ပေးခြင်း။
အတ္ထစရိယာ=အတွေးအမြင် အယူအဆမှန်အောင်၊ ကိုယ်ကျင့်တရားမြင့်မားအောင်၊ ပေးကမ်းထောက်ပံ့မှု၌ ရက်ရောအောင်၊ ပါရဂူမြောက် ပညာတတ်မြောက်အောင်ကူညီခြင်း။
သမာနတ္တတာ=နိုင်ငံတကာအဆင့်ရှိ ပညာရည်မျိုးရအောင် ကြံဆောင်ပေးခြင်းတို့ပေတည်း။
အကောင်းစားသင်္ဂဟမှ အကောင်းစားကို မြင်ရမည်။
သူတောင်းစားသင်္ဂဟဆိုလျှင်တော့လဲ—–။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts