>Kyaw Thu – Green Man

>

အစိမ်းရောင်လူသား
ကျော်သူ
အောက်တိုဘာ ၂၉၊ ၂၀၁၀

ခေတ်သုံးခေတ် .. နှစ်သုံးနှစ်ကို ဖြတ်သန်း ကျွန်တော်ကျော်သူရဲ့ ဘဝသက်တမ်း။

ကမ္ဘာလောကကြီးထဲ ၁၉၅၉ ခုနှစ်၊ လူ့လောကကြီးထဲ ရောက်ရှိ။

ပညာရေးကို မသိ။ စီးပွားရေးကို မသိ။ ကျန်းမာရေးကို မသိ။ လူမှုရေးကို မသိ။ ဘာဆိုဘာမှ မသိ ကမ္ဘာလောကကြီးထဲရောက်ရှိ။

ကလေးအတွေး ကလေးအသိ ဆော့ကစားချင်တာပဲရှိ။

မိဘတွေ ခံစားမှုကိုမသိ … ကိုယ်လိုချင်တာပဲသိ။

သားသားတို့က မူလတန်း၊ အလယ်တန်း။ ဟို … အကိုကြီးတွေကတော့ Rasu လို့ခေါ်တဲ့ တက္ကသိုလ်အတန်း။

လူတွေက ရှုတ်ရှုတ် … ကျောင်းသားကြီးတွေက တရုတ်ရုတ် … လူထုကြီးက တအုတ်အုတ် … တရုတ် ကုလားတွေက တဖြုတ်ဖြုတ်။

ဘဝတွေက ဖရိုဖရဲ။

မျက်စိတမှိတ် လျှပ်တပြက်ထဲ ကောင်းကင်ပြာကြီးထဲ ကျီးတွေက ပြိုဆင်း … မီးခိုးမှိုင်းတွေက ဝှေ့ဆဲ။ သစ်ပုတ်ပင်ကြီးကတော့ … ခွပ်ဒေါင်းအလံ လွင့်ဆဲ။

ငြိမ်းချမ်းမှုတဲ့လား … ငြိမ်းချမ်းမှုအတွက်လား … အဘမှိုင်းတဲ့လား … ဦးသန့်တဲ့လား။

လား ပေါင်းများစွာထဲ … နားစည်ထဲမှာ ဝှေ့ဝဲ။

ဘာဆို ဘာမှ မသိခဲ့ … ဘာဘာ ဘာမှ မသိဘူးတဲ့လား။

သားတို့သိတာ … ကလေးဘဝထဲ … စစ်တိုက်တမ်းကစားဖို့ပဲ။

တိုက်မယ် … ခိုက်မယ် … ပစ်မယ် … ခတ်မယ် … ထိုးမယ် … ကြိတ်မယ် … ဆက်သွယ်ရေးစက်နဲ့ စကားပြောမယ် … လက်ပစ်ဗုံးနဲ့ပစ်မယ့် ကစားပွဲတွေ၊ ကစားနည်းတွေ။

အမည်နာမကား … စစ်တိုက်တမ်းကစားနည်းတဲ့။

မင်းက ဗိုလ်ကြီးဆို … ငါက ဗိုလ်မှူး။

မင်းက ဗိုလ်မှူးဆို … ငါက ဗိုလ်ချုပ်။

နေရာလုတာကစ … ကျားဗိုလ်ဆွဲကြ။

ကစားကြတာများ … Hero တော့ဖြစ်ချင်ကြပါရဲ့။

ဒါ . . . ဗိုလ်ချုပ်တို့ရဲ့ အာဇာနည်တွေအကြောင်း။

ဗိုလ်ချုပ်တို့ရဲ့ တိုင်းပြည် ချစ်တဲ့အကြောင်း။

ဗိုလ်ချုပ်တို့ရဲ့ ပြည်သူကို ကာကွယ်မှုအကြောင်း။

ဗိုလ်ချုပ်တို့က ပြည်သူကို ချစ်တဲ့အကြောင်း။

ပြည်သူတို့က ဗိုလ်ချုပ်တို့ကို ချစ်တဲ့အကြောင်း။

အကြောင်း … အကြောင်းပေါင်းစုံကို အဟောင်းက အသစ်ဖြစ်အောင် စစ်ရာဇဝင် သမိုင်းစစ်ကို အမှန်တကယ်အားကျ၊ နှလုံးသားထဲ ထကြွလာအောင် ပြောပြကြတဲ့ မိဘ၊ ဘိုးဘွားများနှင့် ခင်ပွန်းကြီး ဆယ်ပါး။

ဒါ . . . ကလေးပုံပြင်မဟုတ် … ဒဏ္ဍာရီမဟုတ် … လုပ်ကြံမဟုတ်တဲ့ အဟုတ်အမှန်ဖြစ်ခဲ့တဲ့ စစ်စစ် စစ်စစ်မှန်တဲ့ စစ်သမိုင်းအစစ်။

စစ်ရာဇဝင်စစ်စစ် သမိုင်းစစ်စစ်ကို တဖြစ်ဖြစ်မည်အောင် အားကျလို့မဝသေး … စစ်တိုက် တမ်းကစားလို့ မပြီးသေး … အဖိုးနဲ့ အဖ အင်းစိန်ဆိုတဲ့ ဘဝတက္ကသိုလ် နံရံကြားရောက်လို့ သွားသလေး။

မိဘ၊ ဘိုးဘွားတို့ရဲ့ ချွေးနည်းစာစစ်စစ်နဲ့ လုပ်ကိုင်ခဲ့တဲ့ နိုင်လွန်စက် … အလုပ်ရှင် အလုပ်သမား တပြေးညီရှိရမယ်လို့၊ အမြတ်ကြီးစား အရင်းရှင်တဲ့ … စစ်ဗိုလ်ချုပ်ကြီးက ညွှန်ကြား၊ ပစ္စည်းကိုသိမ်းသွား … လူကိုလည်း ထိန်းထား။

သြော် . . . ကလေးအတွေးနဲ့တွေးကြည့် … “အစိမ်းရောင် လူသားတွေဆိုတာ ဒါမျိုးကြီးလည်း လုပ်သလား” တဲ့။

ဒီလိုနဲ့ … လွတ်လပ်ရေးရလို့ မဝသေး၊ မလွတ်လပ်တဲ့ ဘဝထဲ မဆလလူသား ဖြစ်လို့လာ။

မလွတ်လပ်တဲ့ ဘဝထဲ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ … ဆီဒင်ကားတွေ မျက်စိရှုပ်လာ။ အခွင့်ထူးခံ သားသမီးတွေ မျက်စိနောက်လာ။ ကျောင်းစိမ်းစာအုပ်တွေ မဲဖောက်လို့လာ။ ဒါဟာ … တပြေးညီတဲ့လားဗျာ။

အေးဗျာ . . . အေးရာ အေးကြောင်း၊ လူငယ်အတွေး … အဖြေရှာကြည့်။

ကောင်းပါလေစွ … ကောင်းလေစွ။ ယမကာနဲ့ မူးယစ်ဘဝ။

အမှန်တရားတွေပျောက် … သီလတွေဖောက် … ဓာတ်ရှင်ထဲရောက်။

ဟို လူကြီးနဲ့ဖိုက် … ဟို သူငယ်မနဲ့ဆိုက်။

ဟို ဘဲကြီးနဲ့တိုက် … ဟို မဒီကြီးနဲ့ခိုက်။

မကောင်းတာကို ကောင်းသလားလို့၊ မသင့်တာကို သင့်သလားလို့၊ မှားတာကို မှန်သလားလို့ စမ်းသပ်ချင်တဲ့ လူငယ်တယောက်။

လူစိတ်မပျောက်ခင် … အသိရောက်။

အသိတရားရလို့ … လူလုပ်မယ်ကြံကာရှိသေး … “ ဒို့အရေး ” တဲ့။

ဘာပါလိမ့်လို့ … နားစွင့်ကျ၊ ထကြည့်ကြ၊ စူးစိုက်ကြ၊ အာရုံစိုက်ကြ။

ဟ! . . . ငါတို့ အရေးပဲ၊ ပြည်သူ့အရေး၊ ဒို့အရေးပဲ။

ညီလိုက်တဲ့ပြည်သူ၊ ညီလိုက်တဲ့ အနုပညာရှင်တွေ၊ ညီလိုက်တဲ့ ဝန်ထမ်းတွေ။

ဟုတ်ပြီဟေ့ ဆိုပြီး … ငါလည်း ညီအောင်လိုက်ညှိ … ဒဂုံ (၁) နဲ့ ဆေးရုံကြီးမှာ အများနည်းတူ ပေါက်ပေါက်လိုက်ဖောက်။

အဲဒီနောက်တော့ … ထောက် (၆) ကိုရောက်။

ဒီအချိန်မှာ ကလေးက နှစ်ယောက်။

မဟေသီက တယောက်။

လက်တွဲညီသလား မမေးနဲ့ … လင်နဲ့မယား လျှာနဲ့သွား၊ အယူအဆတွေကွဲပြား … ကိုယ်က အနုပညာသမား။

သြော် . . . အဲဒီအချိန်မှာ လူလတ်အတွေး တွေးကြည့် “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလည်း ဖန်တီးသားပဲ” လို့။

ဒီလိုနဲ့ … နဝတခေတ်ထဲ လူဖြစ်လို့လာ။

ငိုလိုက် ရယ်လိုက်နဲ့ ဘဝရဲ့သားကောင်များကို ထပ်မံ၍ ငိုခိုင်း ရယ်ခိုင်းတဲ့ ဓာတ်ရှင်သမိုင်း ရာဇဝင်ထဲ ဝှေ့လို့ဝဲ။

ဓာတ်ရှင်သမားတို့ကတော့ … ပရိသတ်ပြည်သူကို အကုသိုလ်တွေ ဝေမျှဆဲ။

ဒါနဲ့ … အေးရာ အေးကြောင်း၊ ငြိမ်းရာ ငြိမ်းကြောင်း လူလတ်အတွေးနဲ့ အဖြေရှာကြည့်။

ကောင်းပါလေစွ – ကောင်းလေစွ တွေ့ပါပြီတဲ့ … သုဘရာဇာတဲ့။

သုခ … ကျော်သူ၊ ကျော်သူ … သုခ ကက်ကင်းတဲ့။

ကျေးဇူးရှင် ဘဘဦးသုခရဲ့ စကား … မှန်တာမှ ဒတ်ထိပဲ။

ကျော်သူ … သင်္ချိုင်း၊ သင်္ချိုင်း … ကျော်သူ ဒါလည်း ကက်ကင်းပဲ။

ကက်ကင်းကိုရိုက်၊ ကက်ကင်းကိုဆောင်ကာ … မိဘကို ဒုက္ခပေးခဲ့၊ မိသားစုလေးကို သောကတွေရစေခဲ့၊ ပြည်သူကို အကုသိုလ် ဝေမျှခဲ့တဲ့ ငါ … ဝဋ်ကြွေးတွေ ကျေ။ ဝဋ်ကြွေးတွေ ပြေအောင် အနိမ့်ကျဆုံး ကုသိုလ်အလုပ်မျိုးသည် မြင့်မြတ်သော သူတို့သာ လုပ်နိုင်သည်တဲ့ … ။

ဒီမှာတင် … ဘဝတဆစ်ချိုး ပေးဆပ်မှုတွေတိုး၊ ဘာသာတရားကို ရိုကျိုးခဲ့ရ။

ဟ! . . . ဘာတဲ့တုန်း … နားစွင့်စမ်း၊ မော့ကြည့်စမ်း၊ မေးကြည့်စမ်း၊ မျှော်ကြည့်စမ်း၊ လျှောက်ကြည့်စမ်း။

“လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းပါစေ” တဲ့ … ဟာ ပြည်သူပြည်သား လူသားအားလုံးကို မေတ္တာပို့တဲ့ အသံတွေပဲ။

မိုးထဲ … လေထဲ … သေနတ်ဆွဲ၍ မဟုတ်။

မိုးထဲ … လေထဲ … ထီးဖိနပ်မဆွဲတဲ့ … သံဃာတော်တွေပဲ။

ဆွမ်းဘယ်လိုများ ဘုန်းပေးကြမလဲလို့ တွေးမိ။

ရိုက်လက်စ ဓာတ်ရှင်ကားတွေ စွန့်ခွာခဲ့ပြီး လှမ်းလိုက်တဲ့ခြေလှမ်း … သံဃာတော်တို့ နားနေရာ ကြေးသွန်းဘုရားကြီးဆီသို့။

ဒီမှာတင် … လက်သီးလက်မောင်း မတန်း … မကြွေးကြော်ခဲ့ဘဲနဲ့ သူ့အလိုလို Auto လင်မယား နှစ်ယောက် ပြည်ထဲရေးရောက်။

ဒါတင်မကသေး … အောင်သပြေထဲလည်း အမြည်းအဖြစ် ခေတ္တခဏရောက်။

သားနဲ့သမီးလည်း … အဝေးကိုရောက်။

သြော် . . . လူကြီးအတွေး … “အစိမ်းရောင်ဆိုတာ ဒါမျိုးကြီးလည်း စွမ်းဆောင်ပေးသားပဲ” လို့။

ဒီလိုနဲ့ … နအဖ လက်ထဲမှာ အလုပ်လက်မဲ့ (၁၀၉ ~ ၁၁၀) ဘဝ။ ယခုအချိန်ထိ သုံးနှစ်တိတိ စွန်းခဲ့ပြီပေါ့။

ခေတ်သုံးခေတ်ရဲ့ နှစ်သုံးနှစ်မှာ အနုပညာသမားဘဝကနေ အရှင်လတ်လတ် သုဘရာဇာ ဘဝကို လုံးလုံးရောက်အောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။

ပြည်သူတွေကို အချိန်ပြည့် ပေးဆပ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။

အနိစ္စ ဒုက္ခ အနတ္တ တရားတွေကို အချိန်တိုတိုနဲ့ မြင်တွေ့ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင်လူသား။
သံဝေဂတရားတွေ သိမြင်၊ ကျင့်ကြံ အားထုတ်ခွင့်ရအောင် စွမ်းဆောင်ပေးတဲ့ … အစိမ်းရောင် လူသား။

ငြိမ်းချမ်းမှု အဖြူထည်လူသားဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ … အစိမ်းရောင်လူသား။

သာဓု . . . သာဓု . . . သာဓုပါ … အစိမ်းရောင်လူသား။

အသင်တို့သည်လည်း ကျွန်ုပ်သိသလို … သိကြပါစေ။

ကျွန်ုပ်ရသလို … ရကြပါစေ။

ကျွန်ုပ်မြင်တွေ့သလို … မြင်တွေ့ကြပါစေ။

ကျွန်ုပ်ပေးဆပ်သလို … ပေးဆပ်နိုင်ကြပါစေ လို့သာ ကျွန်ုပ်ရဲ့ မွေးနေ့ (၅၁) နှစ်ပြည့်မှစ၍ ရန်သူမျိုး ငါးပါးမှ ကင်းဝေးကြပြီး၊ လူအချင်းချင်း နှိပ်စက်ခြင်း … ကင်းရှင်း ကြပါစေ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ ဟု မေတ္တာပို့သ သစ္စာဆို ဆုမွန်ကောင်း တောင်းလိုက်ရယုံမှတပါး အခြားမရှိတော့ချေ။

မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဖြင့်
ကျော်သူ (၁၉၅၉ ~ ၂၀??)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts