>
ဂီရိသင့် ဒုက္ခသည်များကို အရောက်ကူညီရန် WAO ရခိုင်အမျိုးသားအသင်း ကြိုးပမ်းမည်
နိုဝင်ဘာ ၇ တွင် ဆန်ဖရန်ဘေးဧရိယာတွင် ရန်ပုံငွေဈေးရောင်းပွဲ စီစဉ်
မိုးမခအထောက်တော် ၀၀၂
အောက်တိုဘာ ၂၈၊ ၂၀၁၀
လူပေါင်း ၇ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး၊ လူပေါင်း ၁ သိန်း ၃ သောင်းကျော်ကို ထိခိုက်စေခဲ့တယ်လို့ ကုလအစီရင်ခံစာတွေထဲမှာ ဆိုတဲ့ ဂီရိမုန်တိုင်းဒဏ်သင့်ဒေသတွေမှာ အများပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထ စေတနာ့ဝန်ထမ်း အကူအညီတွေ လိုအပ်နေတယ်လို့ နိုင်ငံတကာရခိုင်အမျိုးသားအသင်းကို ထုတ်ပြန်လိုက်ပါတယ်။ အဲသည်လို လိုအပ်ချိန်မှာ လိုအပ်နေတဲ့ဆီကို အရောက် အမြန်ဆုံး ကူညီနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ World Arakan Organization နိုင်ငံတကာရခိုင်အမျိုးသားအသင်းက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ ၂၂၊ ၂၃ မှာ တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းဒဏ်က သက်သာစေဖို့ ကြိုတင်အရေးယူမှုတွေ ပေါ့ဆတယ်၊ မုန်တိုင်းသင့်ပြီးချိန်မှာလည်း ဆက်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေက မမြန်ဆန်ခဲ့ဘူး။ ယခု ၅ ရက်အကြာမှာ ဒုက္ခသည်တွေနဲ့ မုန်တိုင်းသင့်ဒေသ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေမှာ ကြန့်ကြာမှုတွေ ရှိနေတုန်းပဲလို့ မြန်မာပြည်တွင်းက မျက်မြင်အချို့က စစ်အစိုးရကို ဝေဖန်ပြောဆိုနေကြပါတယ်။ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေနောက်က လိုက်လာဖို့လိုတဲ့ ပြန်လည်ထူထောင်ရေးအတွက်ကိုလည်း ဒုက္ခသင့်ပြည်သူတွေက ၂၀၀၈ နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဂုဏ်သိက္ခာ လုံးဝပျက်ထားတဲ့ စစ်အစိုးရဆီက မျှော်လင့်ချက်အများကြီး မထားပါဘူးလို့ ရန်ကုန်က စေတနာဝန်ထမ်းတချို့က ဝေဖန်စကား ပြောလိုက်ပါတယ်။
Arakan Review (http://arakanreview.net ) ၀က်ဆိုက်မှာ တင်ထားတဲ့သတင်းအရ ကျောက်ဖြူမြို့ရှိ ဘုန်းကြီးကျောင်းတွေနဲ့ အချို့ကျောင်းဝင်းတွေမှာ ခိုလှုံနေထိုင်ကြတဲ့ လေဘေးသင့်ဒုက္ခသည်တွေကို စစ်အာဏာပိုင်တွေက အထက ၁ ကျောင်းဝင်းထဲကို ရွှေ့ပြောင်းထားပြီး ကယ်ဆယ်ရေးအစီအစဉ်တွေစီမံနေချိန်ဖြစ်လို့ ပြင်ပနဲ့ အဆက်ဖြတ်ထားတယ်လို့ ရေးသားထားပါတယ်။ အဲသည်ရဲ့ သတင်းရဲ့ ထင်မြင်ချက်ကတော့ စစ်တပ်က ဂီရိမုန်တိုင်းဒုက္ခသည်တွေ သတင်းကို မှောင်ချရန်၊ ပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထ စေတနာ့ဝန်ထမ်း ကူညီမှုတွေကို ဖြတ်တောက် ထိန်းချုပ်ရန် ကြိုးစားတာပဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ မုန်တိုင်းသင့်နယ်မြေသတင်းနဲ့ စစ်အစိုးရထုတ်ပြန်တဲ့သတင်း ကွဲလွဲတယ်လို့လဲ ရခိုင်သတင်းဌာနတခုဖြစ်တဲ့ နေရဉ္စရာ (http://www.narinjara.com/burmese.asp) မှာလည်း သတင်းပို့ထားပါတယ်။
အမေရိကန်ရောက် WAO ရခိုင်အမျိုးသားအသင်းက တာဝန်ခံတဦး ဖြစ်သူ ဦးစိန်ထွန်းက မိုးမခကို ပြောကြားရာမှာ အမေရိကန်ရှိ ပြည်နယ်အသီးသီးက အသင်းဝင်များကို အခြေခံပြီးတော့ အလှူခံကိုယ်စားလှယ်များ သတ်မှတ်ပြီး သတင်းပြန်ကြားခြင်း၊ နှိုးဆော်ခြင်း၊ အလှူခံခြင်းတို့ကို ပြုလုပ်နေတဲ့အကြောင်း၊ မြန်မာပြည်တွင်းမှာ ရှိတဲ့ မိတ်ဆွေများ၊ အသင်းအဖွဲ့များကို အခြေခံပြီးတော့ ကူညီမှုများကို မြန်မြန်နဲ့ ထိရောက်အောင် ပို့ဆောင်သွားမယ် ဖြစ်တဲ့အကြောင်း၊ ဘယ်လိုအတားအဆီးရှိရှိ မရောက် ရောက်အောင် လှူမယ်လို့ သံန္နိဌာန်ချထားကြောင်း ပြောကြားလိုက်ပါတယ်။
ယခုလက်ရှိ အလှူငွေများ လက်ခံ လှူဒါန်းမှုတွေ ဆောင်ရွက်နေတဲ့အပြင် လာမယ့် နိုဝင်ဘာ ၇ ရက်မှာ ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများနဲ့ လက်တွဲပြီးတော့ ဂီရိသင့်သူများ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲတခု ကျင်းပဖို့ ဖိတ်ခေါ်ထားပါတယ်။ ရပ်ဝေးက စေတနာရှင်များအနေနဲ့ အလှူငွေ နည်းများမဆိုကို စာတိုက်ကနေ ချက်လက်မှတ်မှာ WAO သို့ ရေးပြီး 1952, McNair St, Palo Alto, CA 94303 ကို ပေးပို့နိုင်တယ်လို့ သိရပါတယ်။ WAO ရဲ့ တရားဝင်ဝက်ဆိုက်ကတော့ – http://www.worldarakan.org/ ဖြစ်ပါတယ်။ WAO အသင်းဟာ ၂၀၀၅ ခုနှစ်မှာ တရားဝင် မှတ်ပုံတင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းက လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေး စေတနာဝန်ထမ်း အလှူဒါနလုပ်ငန်းများကို ဆောင်ရွက်နေတဲ့ အသင်း ဖြစ်ပါတယ်။ ယခင်မိုးတွင်းကာလတုန်းက ရခိုင်ရေဘေးသင့်သူတွေကိုလည်း တတ်စွမ်းသမျှ ကူညီခဲ့တဲ့ အသင်းဖြစ်ပါတယ်။ (သည်နေရာမှာ သူတို့သတင်း ရှိပါတယ် -)
“ပြည်နယ်တွေ၊ တိုင်းရင်းသားတွေရဲ့ နယ်မြေတွေမှာ အကူအညီတွေ အများကြီး လိုအပ်နေတယ်။ ဒါကို တိုင်းရင်းသားတွေက ကိုယ်ထူကိုယ်ထ စေတနာဝန်ထမ်း စုဆောင်းပြီး ကူညီကြ၊ လှူဒါန်းကြတာတွေ လုပ်ကြပါတယ်။ နီးစပ်ရာ သိကြတဲ့ မိသားစုတွေကလည်း ၀ိုင်းကြတာပေါ့။ တဖက်ကလည်း စစ်အာဏာပိုင်တွေ၊ စစ်တပ်လက်နက်ကိုင်တွေက အဲသည်လို ဒေသတွေမှာ ရန်ငြိုးထားပြီးတော့ အနှောက်အယှက်ပေးမှာကိုလည်း စိုးရိမ်ကြရတယ်။ မသိလို့ မကူနိုင်ဘူး၊ သိအောင်လုပ်တော့လည်း စစ်အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုတွေကိုလည်း ကြောက်ရ။ ဘေးကြပ် နံကြပ် ဖြစ်ရတယ်။” လို့ မိုးမခမိတ်ဆွေ တိုင်းရင်းသားတဦးက သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
မြန်မာပြည်တွင်းက လူမှုရေးစွမ်းဆောင်မှုတွေ၊ စွမ်းဆောင်သူတွေကို ဂုဏ်ပြုမှုတွေ၊ စာရင်းပြုစု သတင်းထုတ်ပြန်မှုတွေ အဓိကထားပြုလုပ်တဲ့ အမေရိကန်ရောက် မြန်မာတွေ စုစည်းဆောင်ရွက်နေတဲ့ ပြည်သူ့ဂုဏ်ရည် (Citizen of Burma http://citizenofBurma.org ) အသင်းက မြို့နယ်အသီးသီးရှိ လုပ်အားပေးတွေ မိတ်ဆွေတွေအနေနဲ့ ယခုလက်ရှိ အလှူခံလုပ်ငန်းတွေ၊ ရန်ပုံငွေပွဲတွေ ဆောင်ရွက်နေသော World Arakan Organization (WAO) ရခိုင်အမျိုးသားအသင်းရဲ့ လှုပ်ရှားမှုတွေကို ၀ိုင်းဝန်းကူညီ အားပေးကြရန် တိုက်တွန်း နှိုးဆော်လျက်ရှိတယ်လို့ သိရပါတယ်။
ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်ပန်းခြံ၊ နိုဝင်ဘာ ၇ မှာ ကျင်းပမဲ့ ဂီရိဒဏ် ကူညီရေး ရန်ပုံငွေ ဈေးရောင်းပွဲဖိတ်စာကို သည်နေရာမှာ ရယူပါ။
ရခိုင်အမျိုးသားအသင်းရဲ့ ပြည်နယ်အသီးသီးက အလှူခံကိုယ်စားလှယ်များက သည်မှာပါ –