>Burmese Democracy Community in US urged All Out Protest Against Regime’s 2010 Election

>

အောက်တိုဘာ ၂၉၊ ၃၀ မှ စတင်ပြီး စစ်အစိုးရရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြကြရန်
 အမေရိကန်မြန်မာတို့ နှိုးဆော်
မိုးမခအထောက်တော် ၀၀၂
အောက်တိုဘာ ၂၆၊ ၂၀၁၀
လာမည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည့် မြန်မာစစ်အစိုးရ၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းမကျခြင်း၊ အာဏာရှင်စနစ်ကို အတည်ပြုမည့် အခြေခံဥပဒေကို အသက်သွင်းခြင်းတို့ကြောင့် အသိအမှတ်မပြုကြောင်း၊ ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြသကြရန် အမေရိကန်ရှိ ဒီမိုကရေစီရေးလှုပ်ရှားသူ မြန်မာကွန်မြူနီတီများနှင့် အစုအဖွဲ့အသီးသီးက တိုက်တွန်း နှိုးဆော်လိုက်သည့် ထုတ်ပြန်ချက် ထွက်ရှိလာသည်။
မြန်မာပြည်၏ အတိုက်အခံပါတီနှင့် ခေါင်းဆောင်များက သပိတ်မှောက်ထားသော စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စုရှိ ၁၄ မြို့နယ်က မြန်မာမိသားစုများကလည်းလက်မခံကြောင်း၊ ရလဒ်များကို အသိအမှတ်မည် မဟုတ်ကြောင်း၊ အောက်တိုဘာ ၂၀ က ထုတ်ပြန်ကြေညာပြီးနောက်၊ ယမန်နေ့က ထိုတိုက်တွန်းနှိုးဆော်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“ပြည်တွင်းမှ ဖိနှိပ်ခံ မြန်မာပြည်သူများ၏ ရင်တွင်းဆန္ဒမှန်များ ဖော်ထုတ်ခြင်း မရသည့် အနေအထားတွင် ၎င်းတို့ကိုယ်စား နိုင်ငံတကာအသိုင်းအ၀ိုင်းရှေ့တွင် ပြည်သူ့ဆန္ဒမှန်များကို ဖော်ထုတ်ပေးကြရန် တာဝန်ရှိသည်” ဟု ပြည်ပနေ မြန်မာပြည်သူများအား တိုက်တွန်းထားသည်။
နိုင်ငံတကာရောက် မြန်မာဒီမိုကရေစီရေး လိုလားသူ မြန်မာမိသားစုအသီးသီးက ၎င်းတို့ရောက်ရှိရာ နိုင်ငံအသီးသီး၏ မြန်မာစစ်သံရုံးများ၊ ကုလသမဂ္ဂအဆောက်အအုံများ၊ မြန်မာစစ်အစိုးရ၏ အထူးမဟာမိတ်နိုင်ငံတို့၏ သံရုံးများရှေ့တွင် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲများ ကျင်းပပြီး မြန်မာပြည်သူတို့၏ အသံကို ကမ္ဘာက ကြားအောင် လုပ်ကြဖို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်ဟု သိရသည်။
ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာ့အရေးကို ဆွေးနွေးရာတွင် မြန်မာစစ်အစိုးရလိုလားသူ နိုင်ငံများ၊ ကိုယ်စားလှယ်များ၊ ပုဂ္ဂိုလ်များက စင်မြင့်ပေါ်တက်ပြီး မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ အာဏာရှင်အလိုကျ ရွေးကောက်ပွဲ ဖြစ်မြောက်စေရေးတို့အတွက် စစ်အစိုးရကို ကာကွယ်ြုခင်း၊ ထောက်ခံခြင်းများ ပြုလုပ်နေကြချိန်မှာ ပြည်ပရောက် မြန်မာတို့ကလည်း မိမိတို့ နေရာဌာနများကနေပြီး ပြည်သူ့သဘောထားကို ပြသကြရမည်ဖြစ်သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်မည့် မြန်မာတဦးက မိုးမခကို ပြောကြားသည်။
အမေရိကန်ရှိ မြန်မာကွန်မြူနီတီများအနက် အရှေ့ဖက်ခြမ်းရှိ နယူးယောက်နှင့် ၀ါရှင်တန်တို့တွင် အောက်တိုဘာ ၂၉၊ ၃၀ တို့တွင် မြန်မာသံရုံးနှင့် ယူအင်န်ပလာဇာတို့ရှေ့တွင် ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ကြမည် ဖြစ်ပြီး၊ အမေရိကန်အနောက်ခြမ်း ဆန်ဖရန်စစ္စကိုတွင်၊ အောက်တိုဘာ ၃၀၊ ယူအင်န်ပလာဇာရှေ့တွင် စုဝေးကြမည်ဟု ဖိတ်ခေါ်ထားသည်။
မြန်မာစစ်အစိုးရ၏ အထူးမဟာမိတ်ဖြစ်သော စင်္ကာပူနိုင်ငံနေ မြန်မာများ၊ စင်္ကာပူနိုင်ငံသားများကလည်း အောက်တိုဘာ ၃၀ ရက်နေ့တွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်သော ဆန္ဒပြပွဲကို အစိုးရခွင့်ပြုထားသော ပန်းခြံ၏ Speaker Corner တွင် ကျင်းပမည်ဟု ဖိတ်ခေါ်ထားသည်။
ထုတ်ပြန်ချက်များကို သည်နေရာမှာ ကြည့်နိုင်ပါပြီ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts