>Letters from Michigan – 32


>

မစ်ရှီဂန်မှပေးသောစာ(၃၂)
အောင်ဝေး
အောက်တိုဘာ ၂၂၊ ၂၀၁၀


မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစဗျာ။ အရင်တစ်ပတ်က ရုပ်ရှင် မင်းသား မင်းသမီးတွေအကြောင်း ပြောလက်စနဲ့မို့ ဒီတစ်ပတ်လည်း နည်းနည်း ဆက်ပြောပရစေ။ နအဖ ဝါဒဖြန့် မဟုတ်တမ်း တရမ်း ရုပ်ရှင် ဇာတ်ကားမှာ ဝင်ပါမိကြတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ပြည်သူ့ငြိုငြင်မှု ခံရတာ မတတ်နိုင်ဘူးလို့ ကျနော်ပြောခဲ့တယ်။ ဒီအထဲမှာ တချို့အတွက်တော့လည်း စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီတချို့က ကြားညပ်ပါသွားတာလေ။

ဘုံရန်သူနဲ့ ပေါင်းရင်၊ သို့မဟုတ် ဘုံရန်သူ ကြိုးဆွဲရာ ကတယ် ဆိုရင်၊ ဒါ ပြည်သူကို ဆန့်ကျင်ရာ ကျတာပဲ။ ဒီတော့ ဒါမျိုးကို ပြည်သူက ဆန့်ကျင်မှာပဲ။ ဒီလိုရန်သူနဲ့ ပတ်သက်တဲ့ လူကို ပြည်သူက ခွင့်လွှတ်မှာ မဟုတ်ဘူး ကိုဒေါင်း။ ဒါ အင်မတန် ရိုးရှင်းတဲ့ ပြည်သူ့သဘောထားပဲ။ အထူးသဖြင့်တော့ ရုပ်ရှင် သရုပ်ဆောင် ကြီးကြီး ငယ်ငယ် တချို့ဟာ အင်မတန် သနားစရာ ကောင်းတာပါ။ သူတို့ အနုပညာ ပကာသန ကျော်ကြားမှုကိုလည်း မစွန့်လွှတ်နိုင်ဘူး။ နအဖကိုလည်း မလွန်ဆန်ရဲဘူး။ လွန်ဆန်ဖို့လည်း မလွယ်ဘူး။ ဒီတော့ တချို့ဆိုရင် ဘေးကျပ် နံကျပ် ဖြစ်တာပေါ့။

သူတို့မှာ အနုပညာ မာန်မာန နည်းနည်းကလေးမှ မရှိဘူးလား လို့ မေးရင်တော့လည်း တချို့ ရှိသင့်သလောက် ရှိကြပါတယ်။ တချို့လည်း မရှိကြရှာဘူးပေါ့။ ရှိသည် ဖြစ်စေ၊ မရှိဘူးပဲ ဖြစ်စေ၊ ဒီလို စစ်အာဏာရှင် စနစ်အောက်မှာ အစိုးရ ဝါဒဖြန့် မုသာဝါဒ ပေါ်လစီ ဇာတ်ကားတွေ မရိုက်ဘူးလို့ အပြတ် ငြင်းရဲဖို့ ဆိုတာ သူတို့အတွက် မလွယ်ရေးချ မလွယ်ဘူး လို့တော့ ကျနော်တို့ သိပါတယ်။

သူတို့လောက၊ သူတို့ဘဝတွေကို ချည်နှောင်ထားတဲ့ အရာတွေ၊ ဆိုပါတော့ ဗျာ၊ အကယ်ဒမီဆုတို့၊ ကျော်ကြားမှုတို့၊ ငွေကြေးတို့၊ လင်ကောင်း သားကောင်းရဖို့ တို့ဆိုတာတွေကို သူတို့ ဘယ်လိုနည်းနဲ့မှ လက်လွှတ် ဆုံးရှုံးမခံနိုင်ဘူး။ ဒါသူတို့ရဲ့ အဓိက အားနည်းချက် ပျော့ကွက်ပဲ။ ဒါအညှာပဲ။ ဒီအညှာကို အုပ်စိုးသူတွေက အလွတ်မပေးဘူး။ အပိုင်ကိုင်ပြီး စစ်အစိုးရ အလိုကျ ခြိမ်းခြောက် ခိုင်းစေနေတာ မဟုတ်လား ကိုဒေါင်း။

ဒီတော့ တချို့လည်း အနုပညာ မာန်မာန ရှိတန်သလောက် ရှိပါလျက်နဲ့ အကယ်၍များ စစ်အစိုးရက ငြိုငြင်သွားရင် သူတို့ဘဝ ပျက်ရချည်ရဲ့ ဆိုတဲ့ စိုးရိမ်မှု အကြောက်တရားတွေက သူတို့ကို ကောင်းကောင်းကြီး ဖိစီးနေတော့တာပေါ့။

ကျနော်တို့ သိတာပေါ့ ကိုဒေါင်း။ တချို့ဆိုရင် တိုင်းပြည်မှာ ဘာဖြစ်နေတယ် ဆိုတာ သူတို့ သိတယ်။ ပြည်သူတွေအပေါ် စာနာစိတ်လည်းရှိတယ်။ အမှန်တရားအကြောင်း စကားတွေလည်း အများကြီး ပြောတယ်။ စစ်အစိုးရကို တစ်သက်လုံး ဆန့်ကျင်လာတဲ့ ကျနော်တို့ သူပုန် ကဗျာဆရာတွေကိုလည်း သူတို့က ခင်မင် လေးစားတယ်။ အသိအမှတ်ပြုတယ်။ ရင်းရင်းနှီးနှီး ပေါင်းတယ်။ အပြန်အလှန်ပေါ့။

အများ အကျိုးအတွက် ကျနော်တို့ ကဗျာဆရာတွေ ဦးဆောင်ပြီး လုပ်နေတဲ့ လူမှုရေး လုပ်ငန်းတွေမှာလည်း သူတို့ တက်တက်ကြွကြွ ပါဝင် ကူညီကြတယ်။ နာဂစ်မုန်တိုင်းတုန်းကလည်း ဒီအနုပညာရှင်တွေပဲ လူထုကြားထဲ ဆင်းပြီး အားပေး ကူညီခဲ့ကြတာပဲ။ ဒါတွေကိုတော့ ကျနော်တို့ မလွဲမသွေ အသိအမှတ် ပြုကြရမယ်။

တချို့ဆိုရင် အခုအချိန်မှာ သူတို့နာမည်တွေ ဖော်ပြီး ပြောဖို့ အခက်အခဲ ရှိလို့သာပါ။ တကယ့်ကို အရေးကြီးတဲ့ အချိန်မှာ ပြည်သူ့ဘက်ကို ထွက်လာတဲ့၊ ပြည်သူ့ဘက်က ရပ်မယ် ဆိုတဲ့ အနုပညာရှင်တွေ ရှိပါတယ်ဗျ ကိုဒေါင်း။ ကိုကျော်သူတို့၊ ကိုဇာဂနာတို့ အပြင် ကျနော်တို့ ဂုဏ်ပြုရမယ့်၊ လေးစား အသိအမှတ် ပြုရမယ့် နောက်ထပ် ပြည်သူ့ဘက်သား ရုပ်ရှင် သရုပ်ဆောင်တွေ၊ အဆိုတော်တွေလည်း သိပ်ကို ရှိသေးတာပေါ့ ကိုဒေါင်းရာ။

ဒီနေရာမှာ ကျနော့်ကိုယ်တွေ့လေး နှစ်ခု ပြောပရစေ။ ရွှေဝါရောင် တော်လှန်ရေးတုန်းက ဆိုပါတော့။ သံဃာတော်တွေ လမ်းပေါ်ထွက် မေတ္တာပို့ ချီတက် ဆန္ဒပြပြီ ဆိုကတည်းက နာမည်ကြီး ရုပ်ရှင်သမား တစ်ယောက်၊ သူကျနော်တို့ ဆီကို အကြိမ်ကြိမ် ဖုန်းတွေ ဆက်တယ်။ လူချင်းတွေ့တိုင်းလည်း ပြောတယ်။ သူ မခံစားနိုင်တော့ဘူး။ သူ ပေါက်ကွဲချင်လာပြီ။ သူ့ရင်ထဲက ခံစားချက်တွေကို စာရွက်ပေါ် ချရေးပစ်နေရတယ်ပေါ့ဗျာ။ သူ့ကို ကျနော်တို့ ရဲဘော်ရဲဘက် စာရင်းထဲမှာ သွင်းထားတာပါ။

ဒါပေမဲ့၊ စက်တင်ဘာ(၂၄)ရက် အထွေထွေ သပိတ်ကြီး မစခင်သူ့ကို ကျနော်တို့၊ ကိုဇာဂနာတို့ အရေးတကြီး ဆက်သွယ်တဲ့ အခါကျတော့ သူရန်ကုန်မှာ မရှိတော့ဘူး။ သူ့ကို နအဖ ရုပ်ရှင် အစည်းအရုံးက ကောင်းကောင်းကြပ်ပြီး အဝေးကို တွန်းထုတ်လိုက်ပြီ။ အဲဒါပဲ။ အရေးတော်ပုံကို သူ ရင်ခုန်ခွင့် မကြုံတော့ဘူး ဆိုပါတော့။

မြန်မာပြည်မှာ ဒီလိုမျိုးတွေ ရှိတတ်ပါတယ်။ နောက်တစ်ခုက အဲဒီ အထွေထွေ သပိတ်ကြီး စတဲ့ စက်တင်ဘာလ(၂၄)ရက်၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ၊ နာမည်ကျော် ဂီတသမား တစ်ယောက်၊ သူရောက်နေကြောင်း ကျနော်တို့ဆီကို သတင်းပို့ပါတယ်။ အဲဒီအချိန်က သံဃာနဲ့ လူထုပရိသတ်ကြီးကလည်း အရမ်း များပြီး၊ ကျနော်တို့လည်း အလုပ် အလွန် ရှုပ်နေတာမို့ သူ့ကို လူချင်း လက်ခံမတွေ့လိုက်ရပါဘူး။

သူက သူ ဘာလုပ်ပေးရမလဲ မေးလာလို့ ကျနော် သူ့ကို ဒီနေ့တော့ အခြေအနေ စောင့်ကြည့်လိုက်ပါဦး၊ လမ်းပေါ် မထွက်နဲ့ဦး၊ ကို ဇာဂနာတို့၊ ကိုကျော်သူတို့ကိုလည်း လမ်းလျှောက် ဆန္ဒပြတဲ့ အထဲ မလိုက်ခိုင်းသေးဘူးလို့ သူ့ဆီကို ကျနော် အကြောင်း ပြန်လိုက်ပါတယ်။ အဲဒီ ပထမဆုံးနေ့က ကျနော်တို့၊ ဆရာမ နှင်းပန်းအိမ်တို့ပဲ ဦးဆောင်ပြီး ထွက်ခဲ့ကြတာပါ။

အဲဒီလို ရွှေတိဂုံ သပိတ်စခန်းကို နာမည်ကျော် အဆိုတော်တစ်ယောက် ရောက်လာပြီး တိုက်ပွဲထဲ ပါဝင်ဖို့ ကမ်းလှမ်းခဲ့တယ် ဆိုတာကို၊ အခုနေ ကျနော် ဘယ်လို လုပ်ပြီး ထုတ်ဖော်ပြော ဆိုလို့ရမှာလဲ ကိုဒေါင်းရဲ့။ သူ့အသက် အန္တရာယ်နဲ့ လုံခြုံရေးက ရှိသေးတယ်လေ။ ကိုကျော်သူတို့၊ ကိုဇာဂနာတို့ကတော့ ဘာအကြောင်းလဲ။

အဲဒီလို အခု အခြေအနေမှာ ကျနော်တို့ နာမည် ထုတ်ပြောလို့ မရသေးတဲ့ ပြည်သူ့ ဘက်သား ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေလည်း ရှိပါသေးတယ် ဆိုတာ ကိုဒေါင်းကြီး ယုံပါ။ အရေးကြီးတာက အနုပညာရှင်တွေအပေါ်မှာ စိုးမိုး ဖိစီးနေတဲ့ အကြောက်တရားကို အမြန်ဆုံး ရှင်းလင်း ဖယ်ရှားပစ်ဖို့ပဲ မဟုတ်လား ကိုဒေါင်း။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဝါဒ စကား တစ်ခွန်းတော့ အနုပညာရှင်တွေ အတွက် လက်ဆောင် ပါးလိုက်ပရစေ။ “ကြောက်တယ်ဆိုတာ လူ့သဘာဝ တစ်ခုပါပဲ။ ဒါပေမဲ့ ကျမ ဘယ်တော့မှ မကြောက်ဘူး” တဲ့။
အားလုံးကို သတိရလျက်-

အောင်ဝေး
သြဂုတ်၂၄၊ ၂ဝ၁ဝ။

[မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts